ရတနာနှင့် ဇောတိက စွမ်းအင်စီမံကိန်းများကို သက်တမ်းတိုးရန် ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီစဉ်းစားနေ

ရတနာနှင့် ဇောတိက စွမ်းအင်စီမံကိန်းများကို သက်တမ်းတိုးရန် ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီစဉ်းစားနေ
Published 18 March 2024

ရတနာနှင့် ဇောတိက စွမ်းအင်စီမံကိန်းများကို သက်တမ်းတိုးရန် ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီစဉ်းစားနေသည်ဟု စွမ်းအင်သတင်းများကို အထူးပြုရေးသားလျက်ရှိသည့် Upstram က သတင်းဖော်ပြထားသည်။

ဇောတိကနှင့် ရတနာစီမံကိန်းများမှာ ထိုင်းပြည်တွင်းလျှပ်စစ်လိုအပ်ချက်၏ ၁၇ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေပြီး ထိုင်းအနောက်ဘက်ရှိ ဓာတ်အားပေးစက်ရုံ ၁၁ ရုံအတွက် အရင်းအမြစ်များရယူနေရသဖြင့် ဖြတ်တောက်ရန် မဖြစ်နိုင်ကြောင်း PTTEP ၏ အမှုဆောင်အရာရှိချုပ် Montri Rawan chaikul က ပြောကြားသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

PTTEP ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် အခိုင်အမာရပ်တည်နေမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော်လည်း မြန်မာနိုင်ငံရှိ စွမ်းအင်စီမံကိန်းများကို ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်း Upstram က သတင်းဖော်ပြသည်။

မြန်မာနိုင်ငံတောင်ပိုင်းရှိ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းတွင်လည်း ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစီမံကိန်းတွင် ယခင်က ရှယ်ဗရွန်စွမ်းအင်ကုမ္ပဏီက လုပ်ကိုင်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ရင်းနှီးမြုပ်နှံမှုများကို ရပ်ဆိုင်းခဲ့ရာ ထိုင်းအခြေစိုက် PTTEP က လက်လွှဲရယူထားခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဧပြီလပိုင်းက ဇောတိကစီမံကိန်းရှိ လုပ်ကွက်အသစ်တွင် သဘာဝဓာတ်ငွေ့အကဲဖြတ်ရှာဖွေမှုများ ပြုလုပ်မည်ဟု PTTEP ကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီလဆန်းပိုင်းကလည်း မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုများကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားသည်ဟု ကုမ္ပဏီက ထုတ်ပြန်ခဲ့ဖူးသည်။

Most Read

Most Recent