ဘောလုံးသမိုင်းတစ်လျှောက် နိုင်ပွဲဆက်အများဆုံးအဖြစ် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း (၂၈)ပွဲဖြင့် စံချိန်သစ်တင်

ဘောလုံးသမိုင်းတစ်လျှောက် နိုင်ပွဲဆက်အများဆုံးအဖြစ် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း (၂၈)ပွဲဖြင့် စံချိန်သစ်တင်
Photo: X
Photo: X
Published 14 March 2024

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာအသင်းသည် မတ်လ(၁၂)ရက်က ယှဉ်ပြိုင်ကစားခဲ့သော အာရှချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် အယ်လ်အစ်တီဟတ်အသင်းအား (၂-၀)ဂိုး ဖြင့် ထပ်မံအနိုင်ယူပြီးနောက် ဘောလုံးသမိုင်းတစ်လျှောက် Top-flight အသင်းတစ်သင်းအနေဖြင့် ပြိုင်ပွဲစုံ နိုင်ပွဲဆက်အများဆုံးအဖြစ် (၂၈)ပွဲဆက်အနိုင်ရကာ စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

ဆော်ဒီအအောင်မြင်ဆုံး အယ်လ်ဟီလာအသင်းသည် ၂၀၁၆ ခုနှစ်က ဝေးလ်စ်ကလပ် နယူးစိန့်စ်အသင်း တင်ရှိထားသော (၂၇)ပွဲဆက် အနိုင်ရမှတ်တမ်းကို ကျော်ဖြတ်ခဲ့ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာ(၂၁)ရက်က ဆော်ဒီလိဂ်ပွဲတွင် ဒါမက်အသင်းနှင့် တစ်ဂိုးစီသရေကျပြီးနောက် (၂၈) ပွဲဆက်တိုက် အနိုင်ကစားခဲ့ခြင်းဖြစ်သည်။

အယ်လ်ဟီလာအသင်း၏နိုင်ပွဲ(၂၈)ပွဲတွင် ဆော်ဒီလိဂ်နိုင်ပွဲ (၁၆)ပွဲ၊ ပြည်တွင်းဖလား (၃)ပွဲနှင့် အာရှချန်ပီယံလိဂ် (၉)ပွဲ ပါဝင်လျက်ရှိသည်။

အယ်လ်ဟီလာအနေဖြင့် အယ်လ်အစ်တီဟတ်ကို ပထမအကျော့တွင် (၂-၀)ဂိုးဖြင့် အနိုင်ရထားသောကြောင့် နှစ်ကျော့ပေါင်း (၄-၀)ဂိုးဖြင့် ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပြီး ယခုဒုတိယပွဲတွင် အယ်လ်ရာနီ၊ မယ်လ်ကွန်တို့၏ဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။

အယ်လ်ဟီလာအသင်းသည် နေမာ၊ ကူလီဘလီ၊ ရီနန်လိုဒီ၊ နေးဗက်စ်၊ မီထရိုဗစ်၊ မီလင်ကိုဗစ်၊ ဘူနူ၊ မယ်လ်ကွန်စသည့် နာမည်ကျော်ကစားသမားများ ရှိနေပြီး နေမာမှာ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့သည့်အောက်တိုဘာလကတည်းက အသင်းပွဲများတွင် ကစားနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

အယ်လ်ဟီလာအနေဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အယ်လ်နာဆာအသင်းကို အနိုင်ယူကျော်ဖြတ်လာသော အာဂျင်တီးနားဂန္ထဝင်တိုက်စစ်မှူး ခရက်စပို ကိုင်တွယ်နေသည့် ယူအေအီးကလပ် အယ်လ်အိန်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

ဘောလုံးသမိုင်းတွင် နိုင်ပွဲဆက်အများဆုံးအသင်းများ

အသင်း    နိုင်ငံ    နိုင်ပွဲ    ကာလ


အယ်လ်ဟီလာ    ဆော်ဒီအာရေဗျ    ၂၈    ၂၀၂၃-၂၄

နယူးစိန့်စ်    ဝေးလ်စ်    ၂၇    ၂၀၁၆-၁၇

အေဂျက်စ်    နယ်သာလန်    ၂၆    ၁၉၇၁-၇၂

အေဂျက်စ်    နယ်သာလန်    ၂၅    ၁၉၉၄-၉၅

ကော်ရီတီဘာ    ဘရာဇီးလ်    ၂၄    ၂၀၁၁

ဘိုင်ယန်မြူးနစ်    ဂျာမနီ    ၂၃    ၂၀၁၉-၂၀

ရီးယဲလ်မက်ဒရစ်    စပိန်    ၂၂    ၂၀၁၄-၁၅

ပါးလ်မီးရပ်စ်    ဘရာဇီးလ်    ၂၁    ၁၉၉၆

မန်စီးတီး    အင်္ဂလန်    ၂၁    ၂၀၂၀-၂၁

နယူးစိန့်စ်    ဝေးလ်စ်    ၂၁    ၂၀၂၃-၂၄

Most Read

Most Recent