■ ဟာလန်းကို ခေါ်ယူရန် ဘာစီလိုနာအသင်း စီစဉ်နေကြောင်းနှင့် နည်းပြ ဇာဗီကို အသင်းတွင် ဆက်နေရန် လာပေါ်တာ တောင်းဆိုထားကြောင်း သတင်းထွက်     

■ ဟာလန်းကို ခေါ်ယူရန် ဘာစီလိုနာအသင်း စီစဉ်နေကြောင်းနှင့် နည်းပြ ဇာဗီကို အသင်းတွင် ဆက်နေရန် လာပေါ်တာ တောင်းဆိုထားကြောင်း သတင်းထွက်     
Photo: Getty Images
Photo: Getty Images
Published 1 March 2024

ဘာစီလိုနာအသင်းသည် မန်စီးတီးအသင်းမှ နော်ဝေတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူရန် စီစဉ်နေကြောင်းနှင့် နည်းပြ ဇာဗီကို အသင်းတွင် ဆက်နေရန် ဥက္ကဋ္ဌ လာပေါ်တာက တောင်းဆိုထားကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

    

ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသောကြောင့် အပြောင်းအရွှေ့စျေးကွက်၌ တန်ဖိုးကြီးခေါ်ယူမှုများ ပြုလုပ်နိုင်ခြင်းမရှိသော်လည်း လာမည့်ရာသီတွင် ရီးယဲလ်အသင်းသို့ ဘာပေ ရောက်ရှိလာရန် နီးစပ်နေသည့်အတွက် ထိပ်တန်းအားဖြည့်မှုများ ပြုလုပ်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း စပိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်း၏ အားကစားဒါရိုက်တာ ဒေကိုသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဟာလန်း၏ အေးဂျင့်ဖြစ်သူနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် ဟာလန်း၏ မိသားစုနှင့် ထပ်မံတွေ့ဆုံရန် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်းလည်း သိရသည်။ 

သို့သော် ဟာလန်း၏ အေးဂျင့်နှင့်တွေ့ဆုံခဲ့ခြင်းမှာ ဟာလန်း၏ အပြောင်းအရွှေ့အတွက်မဟုတ်ဘဲ ၎င်း၏ လက်အောက်တွင်ရှိနေသော အခြားကစားသမားများအတွက် ဆွေးနွေးခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

ဟာလန်းသည် မန်စီးတီးအသင်းနှင့် ၂၀၂၇ ခုနှစ်အထိ် စာချုပ်ချုပ်ဆိုထားပြီး ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနိုင်လျက်ရှိသည့်အတွက် ဘာစီလိုနာအသင်းအနေဖြင့် ခေါ်ယူနိုင်ဖွယ်မရှိကြောင်းလည်း သုံးသပ်ခဲ့သည်။

    

ဘာစီလိုနာအသင်းသည် နွေရာသီတွင် လမ်းခွဲမည်ဟုကြေညာထားသည့် နည်းပြ ဇာဗီ၏နေရာ၌ အစားထိုးရန် နည်းပြသစ် ရှာဖွေနေသော်လည်း အသင်းဥက္ကဋ္ဌ လာပေါ်တာက ဇာဗီကို အသင်းတွင် ဆက်နေရန် တောင်းဆိုထားကြောင်း သတင်းထွက်လာခဲ့သည်။ 

ဇာဗီသည် ပြီးခဲ့သည့်ရာသီတွင် ဘာစီလိုနာအသင်းကို လာလီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့သော်လည်း ယခုရာသီတွင် ရလဒ်များကျဆင်းခဲ့သည့်အတွက် ရာသီကုန်တွင် ရာထူးမှနုတ်ထွက်မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။ 

နီးစပ်သူအချို့ကမူ ဇာဗီသည် အားကစားဒါရိုက်တာ ဒေကိုနှင့် ဆက်ဆံရေးအဆင်မပြေသည့်အတွက် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးခဲ့ကြသည်။ 

ယခုအခါ အသင်းဥက္ကဋ္ဌ လာပေါ်တာက ဇာဗီနှင့် ဆက်လက်လက်တွဲသွားရန် ဆန္ဒရှိနေသည့်အတွက် အသင်းတွင် ဆက်နေရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent