နိုင်ငံတစ်ဝန်း တိုက်ပွဲများကြောင့် စံချိန်တင်မြင့်တက်လာသည့် စစ်ဘေးရှောင်ဦးရေ

နိုင်ငံတစ်ဝန်း တိုက်ပွဲများကြောင့် စံချိန်တင်မြင့်တက်လာသည့် စစ်ဘေးရှောင်ဦးရေ
Published 25 February 2024

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြင်းထန်လာသည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်အရေအတွက်မှာ လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်တိုးပွားလျက်ရှိသည်။ 

၂၀၂၁ ခုနှစ် ဖေော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ဖြစ်ပွားလာသော လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ သန်းနှင့်ချီရှိခဲ့ပြီး နေရပ်စွန့်ခွာသူအများစုမှာ နေရပ်သို့ပြန်နိုင်သည့်အခြေအနေသို့ ရောက်ရှိခြင်းမရှိသေးပေ။ ထိုအချိန်မှာပင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ 

အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှစပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့်နယ်စပ်ဒေသများသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ နယ်မြေခံတပ်ရင်း ဌာနချုပ်နှင့် နယ်မြေလုံခြုံရေးစခန်းများကို တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။  

ကိုးကန့်အဖွဲ့ (MNDAA) က ချင်းရွှေဟော်၊ လောက်ကိုင်နှင့် ကွမ်းလုံတို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး လားရှိုးနှင့် သိန္နီမြို့တစ်ဝိုက်တွင် တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေးကြောင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် စသည့်နေရာသုံးခုကို အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ခဲ့ရကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။ 

သို့သော် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေး သုံးလကျော်အကြာတွင် စစ်ရေးဗျူဟာအရ အရေးပါသော ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ စခန်းများနှင့် ပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်း စုစုပေါင်း ၂၀၀ ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါင်း ၁၈ မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်က ထုတ်ပြန်ခဲ့သည်။ 

ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းတွင် အောက်တိုဘာ ၂၇ ရက်မှစပြီး လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာမှုကြောင့် တိုင်းနှင့်ပြည်နယ်အသီးသီး၌ လူဦးရေ တစ်သန်းခွဲကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ 

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAO) နှင့် PDF အပါအဝင် နိုင်ငံအနှံ့အပြားတွင် ကျယ်ပြန့်သော လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်မှုများ ကြုံတွေ့ရပြီး အရပ်သားများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ အသေအပျောက် များခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။ 

''တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်ရပ်ခြင်း''

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဘေးရှောင်ဦးရေ စံချိန်တင်မြင့်တက်နေချိန်တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား ယာယီအပစ်ရပ်ရန် သဘောတူညီချက်ရရှိခဲ့ကြောင်း နှစ်ဖက်အဖွဲ့အစည်းက ထုတ်ပြန်သည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း၌ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာချိန်မှစ၍ တရုတ်နိုင်ငံက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို ထိန်းသိန်းကြရန်နှင့် အမြန်ဆုံးအပစ်အခတ်ရပ်စဲပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့ပြီးနောက် NSPNC မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့မှ တာဝန်ရှိသူများအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် တစ်ကြိမ်၊ လကုန်ပိုင်းတွင် တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘောတူညီချက် ထူးထူးခြားခြားမရရှိခဲ့ပေ။ 

တတိယအကြိမ်တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း၏ ဖိတ်ခေါ်မှုအရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့မှ တာဝန်ရှိသူများအနေဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်ကြာဆွေးနွေးခဲ့ခြင်း ဖြစ်သည်။    

တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲသို့ NSPNC ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်မှ အတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးရာ၌ အပစ်ရပ်ရေးသဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

ထို့ပြင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်ကလည်း ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်ဦးနှစ်ဖက် ချက်ချင်းအပစ်အခတ်ရပ်စဲရေး၊ စစ်ရေးတပ်ဖွဲ့ဝင်အချင်းချင်းကြား ထိတွေ့မှုမရှိစေရေး၊ အငြင်းပွားမှုများနှင့် လိုလားချက်များကို ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရေးစသည့်အချက်များအပေါ်တွင် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် အပစ်အခတ်ရပ်စဲပြီးနောက် နှစ်ဦးနှစ်ဖက်မှ အခြေအနေလိုအပ်ချက်အရ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပပြီး အခြားသော ကိစ္စများကိုလည်း ထပ်မံညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆိုသည်။ 

''အရှေ့မြောက်ပိုင်းအခြေအနေ''

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား ယာယီအပစ်အခတ်ရပ်စဲနိုင်ခဲ့သော်လည်း မြို့နယ်အချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရှိန်မြင့်တက်လာချိန်မှစ၍ အရပ်သားစုစုပေါင်း ၁၃၀ သေဆုံးပြီး ၂၁၀ ဒဏ်ရာရရှိကာ လူနေအိမ် ၄၃၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှစ၍ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား ပြင်းထန်သော လက်နက်ကိုင်ပဋိပက္ခကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသူ ၁၂၀၀၀၀ နီးပါးရှိလာကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ယင်းလူဦးရေထဲကမှ နှစ်သောင်းခန့်သာ နေရပ်ပြန်နိုင်ပြီး ၉၉၀၀၀ ခန့်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ခိုလှုံရာ ၁၈၇ နေရာတွင်လည်းကောင်း၊ နယ်မြေချင်း ထိစပ်နေသည့် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင်လည်းကောင်း သွားရောက်နေထိုင်နေရကြောင်း ကုလသမဂ္ဂက ဆိုသည်။

နေရပ်စွန့်ခွာရသူများသည် အဓိကအားဖြင့် ဘာသာရေးနေရာများနှင့် အိမ်ရှင်ရပ်ရွာများတွင်လည်းကောင်း၊ တောတောင်များအတွင်းရှိ ယာယီခိုလှုံရာနေရာများနှင့် တရုတ်-မြန်မာ နယ်စပ်အနီးရှိ လယ်ကွင်းများတွင်လည်းကောင်း ခိုလှုံနေရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

လတ်တလောတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲထားမှုကြောင့် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူအများစု နေရပ်သို့ ပြန်နိုင်ခဲ့သည်။ 

သို့သော် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်း တိုက်ပွဲများပြင်းထန်ချိန်ကတည်းက ထွက်ပြေးခဲ့ရသည့် အိုးအိမ်စွန့်ခွာရသူ ၂၃၀၀၀ နီးပါးမှာ  မြို့နယ် ၁၅ မြို့နယ်အတွင်း နေရာ ၁၄၁ ခု၌ ရှိနေကြဆဲဖြစ်သည်။

ထို့အတူ ကချင်ပြည်နယ်တွင် လုံခြုံရေးအခြေအနေများ တည်ငြိမ်မှုမရှိသေးဘဲ မြစ်ကြီးနားအပါအဝင် မြို့နယ်အချို့တွင် ပဋိပက္ခများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

''အရှေ့တောင်ပိုင်းအခြေအနေ''

မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသရှိ တိုင်းနှင့်ပြည်နယ်အားလုံးနီးပါးတွင် နိုဝင်ဘာ ၁၁ ရက်မှစ၍ မြို့နယ်အများအပြား၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ 

နိုဝင်ဘာ ၁၁ ရက်မှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားမှုကြောင့် အရပ်သား ၉၃ ဦး သေဆုံးပြီး ၁၀၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ အများစုမှာ ရှမ်း-ကယား နယ်စပ်တစ်လျှောက်တွင်ဖြစ်သည်။ 

အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ လူဦးရေ ၁၃၆၀၀၀ ကျော် လတ်တလော နေရပ်စွန့်ခွာခဲ့ရသည်။

''အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းအခြေအနေ''

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ အရာတော်နှင့် အင်းတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူနှင့် ပွင့်ဖြူမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ် အပါအဝင် မြို့နယ်အများအပြား၌ ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ 

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် စစ်ရေးအရှိန်မြင့်တက်မှုကြောင့် စစ်ဘေးရှောင်ဦးရေ ၃၁၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ 

ထိုအထဲတွင် ကောလင်းနှင့် ထီးချိုင့်မြို့နယ်တို့မှ လတ်တလောနေရပ်စွန့်ခွာသူ ၁၃၀၀၀၀ နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပတ်မြို့၊ မကွေးတိုင်းဒေသကြီး ထီးလင်းနှင့် ယောမြို့နယ်တို့တွင် ဒီဇင်ဘာလ အစောပိုင်းမှစ၍ နေရပ်စွန့်ခွာသူ ၇၀၀၀ ကျော်လည်း ပါဝင်သည်။ 

ပြင်းထန်သောတိုက်ပွဲများကြောင့် အရပ်သား ၁၁၈ ဦး သေဆုံးပြီး ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ ထို့ပြင် လူနေအိမ်၊ ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်း ၅၅၃ လုံး ထိခိုက်ပျက်စီးခဲ့သည်။ 

လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ရှိ စစ်ဘေးရှောင် ၅၀၀၀၀ နီးပါးထံ အရေးပေါ်အကူအညီများ  ထောက်ပံ့ပေးအပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်များ၏ လိုအပ်ချက်များမှာ ကူညီနိုင်စွမ်းထက် များစွာကျော်လွန်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။ 

''ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း အခြေအနေ''

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ မောင်တော၊ မြောက်ဦး၊ ပေါက်တောနှင့် ပလက်ဝမြို့နယ်တို့၌ တပ်မတော်နှင့် AA အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ 

ယင်းတိုက်ပွဲများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုမှာလည်း မြင့်တက်လာခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ အရပ်သား ၃၇ ဦး သေဆုံးကာ ၁၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ 

ထို့ပြင် အဆက်မပြတ်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံ ၁၁၁၀၀၀ ကျော်မှာ လတ်တလောတွင် နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ 

ရခိုင်ပြည်နယ်တွင် ဆိုးရွားလာသည့်အခြေအနေများနှင့်အတူ နိုင်ငံအနှံ့အပြား၌ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေကြောင်း ကုလသမဂ္ဂက ဆိုသည်။ 

ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ တိုးလာနေသော်လည်း ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်များရှိနေသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

''စံချိန်တင်မြင့်တက်လာသည့် စစ်ဘေးရှောင်ဦးရေ''

၂၀၂၃ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းမှစပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြင်းထန်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များစွာတို့တွင် နေရပ်စွန့်ခွာရသူဦးရေတိုးလာနေပြီး အရပ်သားပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများ များပြားလာနေကြောင်း ကုလသမဂ္ဂက ဆိုသည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရပ်စွန့်ခွာသူဦးရေ ၆၆၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

အောက်တိုဘာ ၂၇ ရက်နောက်ပိုင်း တိုက်ပွဲများအရှိန်မြင့်လာချိန်မှစ၍ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သား ၃၇၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ဆိုသည်။ 

လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ၊ ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ ခေါင်းပုံဖြတ်မှုများ၊ အတင်းအကျပ် တပ်သား စုဆောင်းမှုများ၊ အဓမ္မခိုင်းစေမှုများ များပြားလာကြောင်း ဒေသခံများက ဆိုသည်။ 

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်အဖွဲ့များအကြား ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်အထိ ပြည်တွင်းနေရပ်စွန့်ခွာနေရသူဦးရေ ၂ ဒသမ ၇ သန်းနီးပါး ရှိလာပြီး ထိုပမာဏသည် မြန်မာနိုင်ငံ၌ စံချိန်တင် မြင့်တက်လာသော စစ်ဘေးရှောင်ဦးရေလည်း ဖြစ်သည်။ 

၎င်းတို့ထဲမှ လူဦးရေ ၂ ဒသမ ၄ သန်းနီးပါးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဖြစ်စဉ်အပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လူဦးရေ၏ သုံးပုံတစ်ပုံနီးပါး (၁၈ ဒသမ ၆ သန်း)သည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေပြီး ယင်းလိုအပ်ချက်သည် ယမန်နှစ်ကထက် လူဦးရေတစ်သန်း ပိုများလာခြင်းဖြစ်ကာ နိုင်ငံရေးအပြောင်းအလဲမဖြစ်မီ လွန်ခဲ့သော သုံးနှစ်ကထက် ၁၉ ဆနီးပါး မြင့်တက်လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

ကလေးသူငယ်များအနေဖြင့် ယင်းအကျပ်အတည်းကာလကို ခါးစည်းခံနေရပြီး အိုးမဲ့ အိမ်မဲ့ဖြစ်ရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့် ဆုံးရှုံးခြင်း၊ စားနပ်ရိက္ခာ မလုံလောက်ခြင်းနှင့် အာဟာရချို့တဲ့ခြင်း စသည့်အချက်များကြောင့် ကလေးသူငယ် ခြောက်သန်းသည် အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ဆိုသည်။

ထို့ပြင် ယင်းကလေးသူငယ်များထဲမှ အများစုသည် တပ်သားစုဆောင်းခံရခြင်းနှင့် စိတ်ထိခိုက်ခံစားရခြင်း အပါအဝင် အန္တရာယ်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်နေကြောင်း ကုလသမဂ္ဂက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီးပွားရေး အဆင်မပြေမှုများကြောင့် မိသားစု အများအပြားအနေဖြင့် ငွေကြေးဆိုင်ရာ ဒုက္ခများကို ခံစားနေကြရပြီး စိုက်ပျိုးရေးအခက်အခဲနှင့် ငွေကြေးဖောင်းပွမှု (ကုန်စျေးနှုန်းကြီးမြင့်မှု) များကြောင့် ပြည်သူများအတွက် စားဝတ်နေရေးအခက်အခဲများ ရှိလာသဖြင့် အာဟာရချို့တဲ့မှုများ တိုးပွားလာစေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည်လည်း အကျပ်အတည်းကာလတစ်ခုသို့ရောက်နေပြီး သန်းနှင့်ချီသော ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည့် အမိုးအကာ သို့မဟုတ် သောက်သုံးရေ မရှိဘဲ နေထိုင်နေရကြောင်း ကုလသမဂ္ဂက ဆိုသည်။

ထို့ပြင် အမျိုးသမီးများ၊ မသန်စွမ်းများအနေဖြင့် ယင်းအခြေအနေဆိုးများ၏ ရိုက်ခတ်မှုဒဏ်ကို အများဆုံးခံနေရကြောင်း ကုလသမဂ္ဂက ဆိုသည်။

လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း လူဦးရေ ၅ ဒသမ ၃ သန်းကို အရေးပေါ် ဦးစားပေးကူညီသွားရန် လျာထားပြီး ထိုသို့အကူအညီပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုများနှင့် ကြုံတွေ့နေရသည့်အပြင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများနှင့် အရေးယူမှုများကိုလည်း ခံနေရချိန် ဖြစ်သည်။ 

ထိုသို့သောအခြေအနေတွင် နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် စစ်ဘေးရှောင်ဦးရေ စံချိန်တင် မြင့်တက်လာသည့်အပေါ် မည်သို့လျှော့ချနိုင်မည်ကို ဘက်အသီးသီးမှ တာဝန်ရှိသူများအနေဖြင့် အရေးတကြီး ၀ိုင်းဝန်းအဖြေရမည့် အခြေအနေမျိုးဖြစ်နေပြီဖြစ်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်လျက်ရှိကြသည်။  

 

Most Read

Most Recent