ခေတ်မမီတော့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပြည်သူများကြားက ကောလာဟလများ အပိုင်း(၁)

ခေတ်မမီတော့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပြည်သူများကြားက ကောလာဟလများ အပိုင်း(၁)
Published 22 February 2024
■ Written by : သတင်း အယ်ဒီတာ အဖွဲ့

၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ အာဏာတည်ကြောင်း နစက,က ထုတ်ပြန်သည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ဖြစ်သည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး နစကလက် ထက်မှသာ အာဏာအသက်ဝင်လာခြင်း လည်း ဖြစ်သည်။

အာဏာသက်ဝင်လာသည့် ပြည်သူ့စစ် မှုထမ်းဥပဒေအတွက် လိုအပ်သော နည်းဥပ ဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော် ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ကာ ကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ထုတ် ပြန်ပေးသွားမည်ဟု နစက,က ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ် မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့် ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်သည်”ဟု ပြဋ္ဌာန်းထားသည်။

ထို့အတူ ပုဒ် ၃၈၆ တွင် နိုင်ငံသားတိုင်း သည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ် ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ် ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေတွင် လည်း နိုင်ငံသားတိုင်းသည် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်း တာဝန်ကို ထမ်းဆောင်ရန်အတွက် စစ်ပညာ သင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဋ္ဌာန်း ရခြင်းဖြစ်ကြောင်း နစကဘက်က အကြောင်း ပြထားသည်။

“ဒီနေ့ ဒီအချိန်အခါမှာလည်း ကျွန်တော် တို့ နိုင်ငံအနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာ၊ ပြည်သူ အားလုံးပါဝင်တဲ့ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေကျင့်သုံးဖို့ လိုအပ်လာပါတယ်။ ဒါ တွေကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ နိုင်ငံတကာ မှာလည်း လိုအပ်လာရင် အရင်အမျိုးသားစစ်မှုထမ်းစနစ်ထက် မြင့်မားတဲ့ စစ်စည်းရုံးမှု War Mobilization ဆိုတဲ့ ပုံစံမျိုးအထိ လုပ်ဆောင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး လုပ်ဆောင်လာခြင်းဟာ နိုင်ငံတော် ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် လိုအပ်လာရင်် ဆောင်ရွက်ရခြင်းသာဖြစ်ပါ တယ်”ဟု နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဘာတွေပြဋ္ဌာန်းထားလဲ

ပြည်သူ့စစ်မှုထမ်းဥပေဒေတွင် ပြည်သူ့ စစ်မှုထမ်းအဖြစ် စစ်မှုထမ်းဆောင်သည့် နိုင်ငံသားကို ဆိုလိုကြောင်း ပြဋ္ဌာန်းထား သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်း ရမည့် အသက်အရွယ်ကို အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီး ဖြစ်လျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင် သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းဟု သတ်မှတ်ပြဋ္ဌာန်းထားသည်။

ကျွမ်းကျင်သူဟု ဆိုရာတွင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ် မြောက်သူ သို့မဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေ သူများကို ဆိုလိုကြောင်း ပြည်သူ့စစ်မှုထမ်း ဥပဒေက ဆိုသည်။

ထို့အတူ တပ်မတော် စက်မှုလက်မှု ပညာကို တပ်မတော်တွင် အမှုထမ်းလျက်ရှိ သော ဝန်ထမ်းများအနက် ကာကွယ်ရေးဌာန ကောင်စီအမိန့်ဖြင့် သတ်မှတ်သော ပညာ သည် အုပ်စုဝင်ဇယား၌ ပါဝင်သည့် စက်မှု လက်မှုပညာ ကျွမ်းကျင်သူကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားသည်။ 

ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှု ထမ်းဆောင်နေစဉ်အတွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့်အလိုက် လစာ နှင့် စရိတ်အတိုင်း ခံစားခွင့်ရရှိစေရမည် ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှု ထမ်းကာလအတွင်း သေဆုံးခြင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်းများရှိခဲ့လျှင် တာဝန်ဝတ္တရား ထမ်းဆောင်ခြင်းနှင့် အကျုံးဝင်ပါက တပ်မ တော်က သတ်မှတ်ထားသော ခံစားခွင့်များ ရရှိမည်ဟု ဖော်ပြထားသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းတစ်ဦး အား ယင်းတာဝန်ထမ်းဆောင်နေသည့် ကာ လကို တာဝန်ချိန်အဖြစ် သတ်မှတ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းကာလပြီးဆုံးသော အလုပ်သမားတစ်ဦးအား မူလထမ်းဆောင် ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူ အလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသောကာလ ပြည့်သည်အထိ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသူ တစ်ဦးသည် မိမိသဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက် အမှုထမ်းလိုပါက သတ်မှတ်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ် မှုထမ်းခွင့်ပြုနိုင်ကြောင်း ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့အတူ ပါရဂူဘွဲ့ရသူများ၊ အသက် မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများနှင့် အခါ အားလျော်စွာ သတ်မှတ်သည့် အရည်အချင်း နှင့် ပြည့်စုံသူများကို အရေးပေါ်ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင်ကြောင်းလည်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပါရှိသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ယာယီရွှေ့ဆိုင်းခွင့်နှင့် ကင်းလွတ်ခွင့်ဟူ၍ ပြဋ္ဌာန်းချက်များလည်း ပါဝင်သည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှ တင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို စိစစ်ရာတွင် (၁) ယာယီ အားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေး အဆင့်မမီကြောင်း သက်ဆိုင်ရာတပ်မတော် ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိ ထားသူများ၊ (၂) နိုင်ငံ့ဝန်ထမ်းများ၊ (၃) ပညာသင်ကြားနေသူများ၊(၄) အခြားပြုစု စောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုများ ကို ပြုစုလုပ်ကျွေးနေသူများ၊(၅) မူးယစ်ဆေး ၀ါးဖြတ်ရန် ဆေးကုသမှုခံယူနေသူများ၊ (၆) ထောင်ဒဏ်ကျခံနေသူများအား ပြည်သူ့စစ်မှု ထမ်းဆောင်ရမည့် တာဝန်မှ ယာယီရွှေ့ဆိုင်း နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ 

ယင်းပုဂ္ဂိုလ်များသည် မိမိတို့အား ခွင့်ပြု ထားသည့် ယာယီ ရွှေ့ဆိုင်းခွင့်ကာလများကို စစ်မှုထမ်းရမည့် အသက်အရွယ် ကျော်လွန် စေကာမူ သတ်မှတ်ထားသော ပြည်သူ့ စစ်မှု ထမ်းဆောင်ရန်ကာလ ပြည့်မီအောင် ထမ်း ဆောင်ရမည်ဟု ဥပဒေက ဆိုသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ကင်းလွတ်ခွင့်ရရှိမည့်ပုဂ္ဂိုလ်များအဖြစ် (က) သာသနာ့ဝန်ထမ်းများ၊ (ခ) အိမ်ထောင်သည် အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)၊ (ဂ) ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန် စွမ်းသူများ၊ (ဃ) တပ်မတော်ဆေးစစ်ဆေးရေး ဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူ များ၊ (င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြု ထားသူများ ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၁၉၅၉ ခုနှစ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို နအဖ လက်ထက်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ခြင်းလည်း ဖြစ်ပြီး နစကလက်ထက်တွင် အာဏာတည် ကြောင်း ပထမဆုံး ကြေညာခဲ့ခြင်းလည်း ဖြစ် သည်။

ယင်းဥပဒေသည် လွတ်လပ်ရေးရပြီးကာ လ ၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း ဥပဒေကို သန္ဓေတည်ပြီး နအဖလက်ထက် ၂၀၁၀ ပြည့် နှစ်တွင် ပြင်ဆင်ပြဋ္ဌာန်း ရေးဆွဲခဲ့သောကြောင့် လက်ရှိကာလနှင့် တွက်မည်ဆိုလျှင် နှစ်ပေါင်း ၆၀ ကျော် ကြာနေပြီဖြစ်သည့်အတွက် ခေတ် ကာလနှင့် လျော်ညီမှုမရှိတော့ကြောင်း ဝေဖန် မှုများ ရှိနေသည်။

ယင်းဥပဒေအာဏာတည်ပြီးနောက် အနောက်နိုင်ငံများက ဝေဖန်သုံးသပ်မှုများ ရှိသည့်အပြင် Exile  မီဒီယာများက လှုံ့ဆော် မှုများ ရှိလာသည့်အတွက် အောက်ခြေလူတန်း စားများ၊ အလယ်အလတ်တန်း၊ အထက်တန်း နှင့် Elite အလွှာများတွင် ရိုက်ခတ်မှုများရှိ ခဲ့သည်။

ထိုသို့ရိုက်ခတ်မှုများ ရှိနေချိန်တွင် နစ ကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဘီဘီစီသတင်းဌာန၏ တွေ့ဆုံမေးမြန်း မှုကို ဖြေကြားရာတွင် ဧပြီလမှ၍ ပြည်သူ့စစ် မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ရှိကြောင်း ပြောကြားခဲ့သဖြင့် လူတန်းစားအ လွှာအသီးသီးက ထိုဥပဒေကို စိတ်ဝင်စားမှု ပိုမို မြင့်တက်လာခဲ့သည်။

“အခုဆို တော်တော်လေးကို လူငယ်တွေ အထိတ်တလန့်နဲ့ များသောအားဖြင့် ပွင့်ပွင့် လင်းလင်းပြောရင် မလုပ်ချင်တဲ့သူက များတာ ပေါ့နော်။ မလုပ်ချင်တဲ့သူကများနေတဲ့အတွက် အခုအလျှိုလျှို ပြည်ပကိုထွက်သွားနေတာ များ နေတယ်။ ဒါလေးတွေကကျတော့ ပြန်ပြီးတော့ အောက်ခြေနဲ့ စိစစ်သင့်တယ်။ အခုလိုပဲ ဒါကို အခွင့်အရေးယူပြီးတော့ ဒီအုပ်ချုပ်ရေးမှူးတွေ ဘာတွေ လုပ်ပိုင်ခွင့်ရှိမယ့်တဲ့သူတွေက ခြိမ်း ခြောက်တဲ့သဘောမျိုးပေ့ါလေ ပြောနေတာ တွေ ရှိမယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်တွေ ပေ့ါ။ ဧည့်စာရင်းတွေ အခုမှ စိပ်စိပ်ပြန်စစ်လာ တယ်။ အောက်ခြေမှာ အဲဒါလေးတွေ ဖြစ်နေ တယ်။ အဲဒီတော့ ကောင်းတာကတော့ မိမိသ ဘောဆန္ဒအလျောက် လိုလိုချင်ချင်နဲ့ စစ်မှု ထမ်းမယ့်သူများကို ပထမအသုတ်ဦးစားပေး ခေါ်သင့်တယ်လို့ပဲ အကြံပြုချင်တယ်”ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး နောက်ပိုင်းတွင် လူငယ်များ ညပိုင်းအလုပ် ဆင်းချိန်တွင် လမ်းပေါ်၌ စစ်ဆေးကာ ငွေကြေးတောင်းခံ၍ ပြန်လည်စေလွှတ်သည် ဟုလည်းကောင်း၊ ပေါ်တာဆွဲနေသည်ဟု လည်းကောင်း အစရှိသည့် ကောလာဟလ သတင်းများ လူမှုကွန်ရက်စာမျက်နှာများနှင့် ရပ်ရွာဒေသအတွင်း ပျံ့နှံ့ခဲ့သည်။

“ပြည်သူ့စစ်မှုထမ်းဥပဒေ ထွက်လာ တော့ အလိုလိုနေရင်း ပူပန်မိပြီး သတိအမြဲ တမ်းထားနေရတဲ့ပုံစံပေါ့။ အခုလည်း အ ဆောင်နေတဲ့သူတွေ ပိုပြီးခေါ်နိုင်ခြေရှိ တယ်ဆိုတဲ့ ပြောဆိုချက်တွေထွက်နေတော့ အဆောင်ကနေ ဦးလေးအိမ်ကို ပြန်ပြောင်းပြီး နေရတယ်။ အပေါ်က ဘယ်လိုလုပ်ပါမယ် ပြောပြော အောက်ခြေကို မယုံရဲဘူးဖြစ်နေ တာ”ဟု မန္တလေးမြို့မှ ရန်ကုန်မြို့တွင်လာ ရောက်အလုပ်လုပ်ကိုင်နေသည့် ကို ဉာဏ်ကြီး (အမည်လွှဲ) က ပြောကြားသည်။

အဆိုပါကောလာဟလသတင်းများနှင့် ပတ်သက်၍ နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက လက်ရှိတွင် မြို့ရွာ များ၌ လုံခြုံ ရေးအရ စစ်ဆေးခြင်း၊  ဧည့်စာရင်း စစ်ဆေးမှုများရှိပြီး ဧည့်စာရင်း မတိုင်သူများကို စစ်ဆေး တွေ့ရှိပါက ရဲစခန်းနှင့် သက်ဆိုင်ဌာန များက ခေါ်ယူစစ်ဆေးကာ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်နေသကဲ့သို့ အကျိုးအ ကြောင်း ဆီလျော်သူများကို ပြန်လည်စေ လွှတ်ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။

လက်ရှိအချိန်တွင်လည်း နစကဘက်က ယင်းဥပဒေပြဋ္ဌာန်းချက်များ ပါသည့် ပန်းဖလက်များကို ပြည်သူများထံ လိုက်လံဝေငှမှု များ ရှိသည်။

ထို့ပြင် ယင်းဥပဒေ ပြဋ္ဌာန်းပြီးနောက် နိုင်ငံဒေသ အနှံ့အပြားမှ လူငယ်များအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ကြိုးစား အားထုတ်မှုများလည်း ရှိလာခဲ့သည်။

  ဥပမာအားဖြင့် ယင်းဥပဒေပြဋ္ဌာန်းပြီး နောက် ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူ အရေအတွက် များပြားလာခြင်းကြောင့် တစ် ရက်လျှင် ဗီဇာလျှောက်ထားသူ အရေအတွက် လူဦးရေ ၄၀၀ ကိုသာ လက်ခံမည်ဖြစ်ကြောင်း  ကနဦးထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် တိုကင် များ၊ အွန်လိုင်းဘိုကင်များဖြင့် တစ်ရက်လျှင် လူ ၂၀၀ အတွက်သာ ထုတ်ပေးမည်ဖြစ်ကြောင်း ထိုင်းသံရုံးက ကန့်သတ်မှုများ ပြုလုပ်လာခဲ့ သည်။ 

ထို့အတူ အနီးစပ်ဆုံး အိမ်နီးချင်း ထိုင်း နိုင်ငံသို့ တရားမဝင် သွားရောက်ရန် ကြိုး စားသူ အများအပြားလည်း ရှိလာသည်။

 ထိုသို့သောအခြေအနေတွင် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာသော မြန်မာ နိုင်ငံသားများကို အရေးယူမည်ဟု ထိုင်းဝန် ကြီးချုပ် ဆရက်သာက ပြောကြားခဲ့သည်။

ပြည်ပထွက်သူများ များပြားလာမှုနှင့် အတူ မန္တလေးမြို့ နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးတွင် ပတ်စ်ပို့ လာရောက်လျှောက် ထားရာမှ လူအုပ်ပိ၍ အမျိုးသမီးနှစ်ဦး အ သက်ရှူကျပ်၍ သေဆုံးသည့်ဖြစ်စဉ်မှာ ပြည် သူများအကြား အံ့သြတုန်လှုပ်စရာ ဖြစ်ခဲ့ သည်။

   ပြစ်မှုပြစ်ဒဏ်များ

ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်း ပြဋ္ဌာန်းထားသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ် အဖွဲ့က မှတ်ပုံတင်ရန်အတွက် ဆင့်ခေါ်ချိန် နှင့် ဆေးစစ်ရန်အတွက် ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန် ပျက်ကွက်ခြင်း၊ ဆေးစစ်ခြင်း အောင်မြင်သော်လည်း ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေး မြို့နယ်အဖွဲ့က ပြည် သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ချိန်တွင် လာ ရောက်သတင်းပို့ရန် ပျက်ကွက်ခြင်း၊ စစ်စည်း ရုံးခြင်း အမိန့်ထုတ်ဆင့်ချိန်တွင် မိမိအတွက် ကြိုတင်သတ်မှတ်ပေးထားသော တပ် သို့မ ဟုတ် ဌာနသို့ သွားရောက်သတင်းပို့ရန် ပျက် ကွက်ခြင်း၊ ဥပဒေအရ မိမိဖော်ပြရမည့် အ ကြောင်းအရာတစ်ခုခုနှင့်စပ်လျဉ်း၍ မမှန်မကန်ဖော်ပြခြင်း၊ ပြည်သူ့စစ်မှုထမ်းရန် ကာလပြီးဆုံးသော မိမိ၏ အလုပ်သမားအား အလုပ်ခန့်ထားရန် ပျက်ကွက်ခြင်းတို့ကို အကြောင်းပြချက်မရှိဘဲ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေ က ဆိုသည်။

ထို့ပြင် မည်သူမဆို စစ်မှုထမ်းဆောင် ခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုသည့်အကြံဖြင့် မိမိကျန်းမာရေး အဆင့်အတန်းကို နိမ့်ကျစေလိုသောအကြံဖြင့် မိမိကိုယ်ကိုယ် အနာရော ဂါ စွဲကပ်ဟန်ဆောင်ခြင်း၊ မသန်မစွမ်း ဟန်ဆောင်ခြင်း၊ မိမိကိုယ်ကိုယ် ရောဂါစွဲကပ်စေ ရန်လည်းကောင်း၊ မသန်မစွမ်း ဖြစ်စေရန် လည်းကောင်း ပြုလုပ်ခြင်း၊ မိမိ၏ အနာရော ဂါကိုဖြစ်စေ၊ မသန်မစွမ်းခြင်းကိုဖြစ်စေ၊ ပျောက်ကင်းအောင် မကုသဘဲ တမင်နှောင့်နှေး ကြန့်ကြာစေရန်လည်းကောင်း၊ ပိုမိုဆိုးရွား လာစေရန်လည်းကောင်း ပြုခြင်း၊ မိမိအလိုအ လျောက် မိမိကိုယ်ကိုယ် အနာတရဖြစ်စေရန် ပြုခြင်း၊ အခြားနည်းများဖြင့် ပြုလုပ်ခြင်း ပြစ် မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆောင် ရွက်ရသော နိုင်ငံဝန်ထမ်းတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းဝင် တစ်ဦးဦးသည် မိမိတာဝန်ကို မရိုးမဖြောင့်သော သဘောဖြင့်ပြုလုပ်မှု သို့ မဟုတ် ပျက်ကွက်မှု တစ်ရပ်ရပ်ကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် သုံး နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရ မည်ဟုလည်းကောင်း၊  မည်သူမဆို ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို အားပေးကူညီကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ် ကြောင်းလည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

နစကက ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်ကြောင်း ထုတ်ပြန်လိုက်ချိန် တွင် ယင်းဥပဒေနှင့်ပတ်သပ်၍ ပြည်သူများ အကြား ဂယက်ထမှုများက အကြီးအကျယ် ဖြစ်ခဲ့သည်။ ဥပဒေနှင့်ပတ်သက်၍ ပြည်သူ များအကြား ဝေဖန်မှုများ ကျ ယ်ကျယ်လောင် လောင်ထွက်ပေါ်လာသလို စိုးရိမ်မှုများလည်း ရှိနေခဲ့သည်။

ဥပဒေ၏ အသက်အရွယ်ပြဋ္ဌာန်းချက် အရ အဓိကအားဖြင့် လူငယ်လူရွယ်များကြား တွင် စစ်မှုထမ်းရမည်ဆိုသောကြောင့် စိုးရိမ် မှုများရှိနေခြင်း ဖြစ်သည်။

ထိုဥပဒေနှင့်ပတ်သက်၍ နစကပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပြည်သူ့စစ်မှုထမ်းဥပဒေ ဆောင်ရွက်တဲ့နေရာမှာ အားလုံးခြိမ်းခြောက်ခံနေရတာက ဒီနေ့ပဲသေ နတ်ကိုင်ပြီး ဒီနေ့ပဲရှေ့တန်းထွက်ရမလို ပြော နေကြတယ်။ မဟုတ်ပါဘူး။ ကျွန်တော်တို့  professional စစ်သားတစ်ယောက်၊ professional နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်တဲ့သူတွေလို စစ်ပညာ၊ နိုင်ငံတော် ကာကွယ်ရေးပညာကို အပြည့်အဝသင်ကြားပြီးမှ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်စစ်တိုက်ဖို့ တစ်ခုတည်းတင်မဟုတ်ပါ ဘူး။ ဒီနေ့ခေတ်သစ် စစ်ပွဲတွေမှာ ယခင် တုန်းက စစ်ဆင်ရေး၊ စစ်ဆင်မှုဆိုတာနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ရင် စစ်ဆင်ရေး၊ စစ်ဆင်မှုဆိုတာ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းလို့ ပြော တယ်။ ဒီနေ့ ဒါ့ထက်ကျယ်ပြန့်လာပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုတဲ့နေရာ မှာ လက်နက်ကိုင်ပြီး၊ သေနတ်ကိုင်ပြီး စစ်တိုက်နေမှ နိုင်ငံတော်ကာကွယ်ရေးတာ ဝန် မဟုတ်ပါဘူး။ ကွန်ပျူတာ၊ အိုင်တီကျွမ်း ကျင်တဲ့သူတွေကလည်း မိမိနိုင်ငံကို Cyber တိုက်ခိုက်မှုအတွက် ကာကွယ်ရမယ့်တာဝန် ရှိတယ်။ စီးပွားရေးအရ ကျွမ်းကျင်တဲ့သူတွေ ကလည်း မိမိနိုင်ငံကို စီးပွားရေးအရ ထိုးနှက် လာတာတွေကို မိမိနိုင်ငံဘက်က မိမိအကျိုး ကိုကာကွယ်နိုင်ဖို့အတွက် ဆောင်ရွက်ရ မယ့်လုပ်ငန်းတွေရှိတယ်။ ဒါ့ကြောင့်မို့ ပြည် သူ့စစ်မှုထမ်းစနစ်ကို ဆောင်ရွက်တဲ့အခါမှာ လည်း ကျွန်တော်တို့အနေနဲ့ မိမိရဲ့သက်ဆိုင် တဲ့၊ ကျွမ်းကျင်တဲ့ ပညာရပ်တွေအလိုက် နိုင်ငံ တော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်ဖို့ အခြေခံစစ်ပညာသင်ကြားပြီး ဒီတာဝန်တွေ ကို ဆက်လက်ထမ်းဆောင်နိုင်ဖို့အတွက် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”ဟု ပြော ကြားသည်။

အကျုံးဝင်သူ ၁၃ သန်း

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျုံးဝင်သူ ၁၃ သန်းရှိနေ သည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၆ သန်းရှိသည့်အတွက် လူဦးရေ၏ လေးပုံတစ်ပုံကျော် မှာ စစ်မှုထမ်းရမည့် အခြေအနေတွင် ရှိနေ ကြောင်း နိုင်ငံရေးလေ့လာသူများက သုံး သပ်ပြောကြားသည်။

သို့သော် အကျုံးသူ ၁၃ သန်းစလုံး တစ် ပြိုင်နက်တည်း စစ်မှုထမ်းရမည် မဟုတ် ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒီနေရာမှာ ကျွန်တော်တို့မိဘပြည်သူ များကို ထပ်မံပြီးအသိပေးလိုတာက ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်း ခေါင်စာရင်းအရ အခုပြဋ္ဌာန်းလိုက်တဲ့ ပြည် သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်မယ့်၊ အကျုံးဝင်နိုင်တဲ့ လူဦးရေ၊ အကျုံးဝင်နိုင်တဲ့ လူ ဦးရေဆိုတာက အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါး ရှိပါတယ်။ အဲဒီတော့ အဲဒီ ၁၃ သန်း လုံးကို တစ်ပြိုင်နက်တည်း စစ်မှုထမ်းဆောင် စေမှာလား မဟုတ်ပါဘူး။ အကျုံးဝင်တာပဲ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီစစ်မှုထမ်း ဆောင်စေတယ်ဆိုတဲ့အထဲမှာ နိုင်ငံတော်ကာ ကွယ်ရေးတာဝန် ထမ်းဆောင်နိုင်တဲ့သူရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပါပြီးသားဖြစ် ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရပ်ကွက်နှင့် ကျေးရွာ ပေါင်း ခြောက်သောင်းကျော်ရှိသည့်အတွက် စစ်မှုထမ်းရမည်ဆိုပါက ရပ်ကွက်တစ်ခု၊ ကျေးရွာတစ်ခုတွင် တစ်ဦး သို့မဟုတ် နှစ်ဦး ထက် မပိုနိုင်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ခုနပြောတဲ့ လူဦး ရေ ၁၃ သန်းပေါ့နော် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းထဲမှာ အမျိုးသမီးတွေကို ထည့်မတွက်နဲ့ဦး။ အမျိုး သားတွေပဲထည့်တွက်ဦး။ အမျိုးသားတွေပဲ ထည့်တွက်ရင် ဒီ ၆ ဒသမ ၃ သန်းရဲ့ တစ်ရာ ခိုင်နှုန်း တစ်ရာခိုင်နှုန်းဆိုရင် ခြောက်သောင်း သုံးထောင်ရှိပြီ ဖြစ်ပါတယ်။ နှစ်ရာခိုင်နှုန်းဆို ရင် တစ်သိန်းနှစ်သောင်း ရှိပြီဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်းဆိုရင် လူဦးရေခြောက်သိန်းရှိ ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလောက် လူဦး ရေလိုသလား၊ ၁၀ ရာခိုင်နှုန်း လိုသလား မလို နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ရပ်ကွက်၊ ကျေးရွာ ပေါင်း ခြောက်သောင်း ရှိတယ်။ ရပ်ကွက်တွေ ပါ ထည့်တွက်ရင် ခြောက်သောင်းကျော်ရှိ တယ်။ ရပ်ကွက်တစ်ခုမှာ စစ်မှုထမ်းဆောင်ဖို့၊ ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ တစ်ဦး ထက် ဒါမှမဟုတ် နှစ်ဦးထက်ပိုစရာအကြောင်း မရှိပါဘူး”ဟု ၎င်းင်းက ပြောကြားသည်။

ထိုဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းသည် နစက အစိုးရတစ်ဆက်တည်းအတွက် မဟုတ်ဘဲ နောင် ဒီမိုကရေစီစနစ်၊ ပါတီစုံဒီမိုကရေစီကို လက်တွေ့ဖော်ဆောင်မည့် အစိုးရများလက် ထက်အထိ ဆောင်ရွက်သွားရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအ နေအထား လက်ရှိကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ ဒီဥပဒေကို ပြဋ္ဌာန်းချက် ကို မဖြစ်မနေဆောင်ရွက်ရမှာအတွက်ဖြစ်တယ်။ ဒီနိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားအားလုံးမှာ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့အသိပညာတွေ တိုးပွားလာအောင် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျုံးဝင်သူဦးရေ ၁၃ သန်း နီးပါးရှိသော်လည်း ယင်းဥပဒေ၏ ပုဒ်မ ၂၂ တွင် ကင်းလွတ်ခွင့်နှင့် ပုဒ်မ ၁၅ တွင် ယာယီ ရွှေ့ဆိုင်းခွင့်ဟူ၍ ပြဋ္ဌာန်းထားသဖြင့် ပြည်သူများ စိတ်မပူကြရန် ၎င်းက ရှင်းလင်းပြောကြားသည်။

“ပုဒ်မ ၂၂ မှာ ကင်းလွတ်ခွင့်ရတဲ့လူတွေ ပြဋ္ဌာန်းထားတာရှိတယ်။ ဥပမာ သာသနာ့ ဝန်ထမ်းများ သိပြီးပြီ။ အိမ်ထောင်သည်အ မျိုးသမီးများ ဒါတွေ ပါပါတယ်။ နောက်ပြီး တော့ သီးသန့်ဘုတ်အဖွဲ့ကနေ အမိန့်ထုတ်ပြီး တော့ ကင်းလွတ်ခွင့်ရတဲ့သူများလည်း ပါ သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ယာယီ အခု မိဘပြည်သူတွေ ခဏခဏမေးနေတဲ့ ကျောင်း သားတွေကလည်း အသက်အကျုံးဝင်ရင် စစ် ပညာတာဝန်ထမ်းဆောင်ရမှာလား၊ ဝန်ထမ်း တွေကလည်း တာဝန်ထမ်းဆောင်ရမှာလား ဆိုတဲ့ဟာမျိုးတွေ ပုဒ်မ ၁၅ အရ ယာယီရွှေ့ ဆိုင်းခွင့်ရထားတဲ့သူတွေရှိပါတယ်။ ဒါတွေ သည် နိုင်ငံ့ဝန်ထမ်းတွေ၊ ပညာရေးမပြီးသေး တဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ ဒါအခြားပြုစုစောင့်ရှောက်မယ့် မိအိုဖအိုကို ပြုစုလုပ်ကျွေးနေတဲ့သူတွေ ဒါတွေပါပြီးသား ဖြစ်ပါတယ်။ သို့သော် သူတို့အနေနဲ့ ခြွင်းချက် က တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ နိုင်ငံ့ဝန် ထမ်းတွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းနဲ့ ပတ် သက်ပြီး ပညာသင်ကြားမှုပြီးဆုံးသွားရင် အ ချိုးကျ ဒီနိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကာကွယ် ရေးဝန်ကြီးဌာနကနေပြီး လိုအပ်တဲ့နည်းဥပ ဒေတွေ၊ အမိန့်တွေ၊ ကြေညာစာတွေထွက် လာဦးမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

■ စစ်မှုထမ်းဖို့ တကယ်လိုအပ်နေပြီလား

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ များပြားလာသော်လည်း မြောက်ပိုင်းမဟာ မိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားပြီး နောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုက် ပွဲများ ပိုမိုကျယ်ပြန့်လာသည်။

၁၀၂၇ စစ်ဆင်ရေး သုံးလကျော်ကာလ အတွင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ မြို့ ပေါင်း ၁၈ မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ယင်း လက်နက်ကိုင်အဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား ယာ ယီ အပစ်အခတ်ရပ်သွားသည်။

သို့သော် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

လက်ရှိတွင် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များ၏ လူသူလက်နက်အင်အား ကြီးထွား လာပြီး နေပြည်တော် အပါအဝင် မြို့ကြီးများ သိမ်းယူမည်ဆိုသော ထင်မြင်ယူဆချက်များ ကိုလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသား မှုများ မြင့်တက်လာခဲ့သည်။

မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့၏ အင်အားကြီးထွားလာမှုနှင့်အတူ  လက်ရှိတွင် မြန်မာနိုင်ငံ$ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး၏ အင်အားသည် သုံးသိန်းနှင့် ငါးသိန်းကြား ရှိနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အရေး လေ့လာသူများက ခန့် မှန်းမှုများ ရှိနေသည်။  

ထိုသို့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးက အင်အားကြီးထွားလာချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ ကြား ဝင်စေ့စပ်မှုဖြင့် တပ်မတော်နှင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ် ရပ်စဲထားသော်လည်း မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့များအနေဖြင့် တရုတ်၏အထောက် အပံ့ကို နည်းမျိုးစုံးဖြင့်ရရှိနိုင်သည့် အခြေ အနေအချို့အပြင် တပ်မတော်အနေဖြင့် လည်း လက်ရှိအချိန်တွင် အင်အားလျော့နည်း နိုင်မှုများကြောင့် နိုင်ငံ၏အချုပ်အခြာ အာ ဏာမှာ စိုးရိမ်စရာဖြစ်လာစေသည်ဟု စစ်ရေး လေ့လာသူများက သုံးသပ်မှုများရှိနေသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အသီးသီးအနေဖြင့်လည်း စစ်သားစုဆောင်း မှုများကို ၎င်းတို့ဒေသများတွင် အတင်းအ ကျပ် ပြုလုပ်လာကြသည်ကို တွေ့ရသည်။

ဥပမာအားဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအ တွင်းက ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့်  RCSS/SSA အနေဖြင့် စစ်သားစုဆောင်းရာ တွင် ရှမ်းပြည်နယ်အတွင်းနေထိုင်သည့်  မည် သည့်တိုင်းရင်းသားလူမျိုးမဆို ၎င်းင်းတို့အဖွဲ့ တွင် အသက် ၁၈ နှစ်ပြည့်ပြီးပါက ခြောက် နှစ် စစ်မှုထမ်းရန်ထုတ်ပြန်ခဲ့ပြီး စစ်မှုမထမ်း လိုဘဲ ထွက်ပြေးသူများ၏ နေအိမ်၊ မြေယာ များကို သိမ်းဆည်းမည်ဖြစ်ကြောင်း ခြိမ်း ခြောက် အကျပ်ကိုင်မှုများရှိခဲ့သည်။

အလားတူ ကိုးကန့်အဖွဲ့၊ တအာင်းအ ဖွဲ့များသည်လည်း ၎င်းတို့နယ်မြေများတွင် နေထိုင်သူများကို စစ်မှုမထမ်းမနေရ ဆင့်ခေါ်မှုများရှိပြီး အိမ်ထောင်စုတစ်စုလျှင် သား နှစ်ဦးရှိပါက တစ်ဦးထမ်းဆောင်ရန် ဆင့်  ခေါ်မှုများလည်းရှိသည်ကို တွေ့ရသည်။

ထိုသို့သော အခြေအနေတွင် တပ်မ တော်အနေဖြင့် အချုပ်အခြာအာဏာအ တွက် အင်အားရှိရန် တပ်သားသစ်များ စု ဆောင်းရမည်မှာမှန်သော်လည်း မှန်ကန် သည့် တပ်သားစုဆောင်းရေးဖြစ်ရန်လိုပြီး ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်း စုဆောင်းသင့်သည်ဟုလည်း သုံးသပ်မှုများရှိနေသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌  ပြည်ပကျူး ကျော်စစ်မဟုတ်သော်လည်း  Proxy War ကဲ့သို့ဖြစ်နေသည့်အတွက် စိုးရိမ်စရာ အခြေအနေဖြစ်သောကြောင့် အမြဲတမ်း တပ်မတော်အနေဖြင့်  ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး စစ်သားစုဆောင်းမှုများကို ပြုလုပ်သင့်သော်လည်း နိုင်ငံတကာတွင် မည်သို့လုပ်ဆောင်သည်နှင့် လက်ရှိမိမိနိုင်ငံ အခြေအနေအရပ်ရပ်အပေါ် ချိန်ထိုး၍သုံးသပ် လုပ်ဆောင်သင့်သည်။

နိုင်ငံတကာတွင်လည်း စစ်မှုထမ်းဥပဒေများကို ပြဋ္ဌာန်းထားသည့် နိုင်ငံပေါင်း ၈၀ ကျော်ရှိသည်။

တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြဋ္ဌာန်းထား သည့် စစ်မှုထမ်းဥပဒေများသည် တူညီမှုမရှိ ပေ။

အချို့နိုင်ငံများက အရွယ်ရောက်ပြီး သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ (Mandatory Service ) များပြဋ္ဌာန်းထားသကဲ့သို့ အချို့နိုင်ငံများက စေတနာ့ဝန်ထမ်း စစ်မှုထမ်း (Voluntary enlistment) စနစ်ကို ကျင့်သုံးသည်။

အချို့နိုင်ငံများတွင်မူ မဲစနစ်ဖြင့် ရွေး ချယ်သည့် (Selective compulsory service) စနစ်ကိုကျင့်သုံးလျက်ရှိသည်ကို တွေ့ ရသည်။

ဥပမာအနေဖြင့် စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အရွယ်ရောက်ပြီး သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ကျင့် သုံးပြီး ထိုင်းသည် မဲစနစ်ဖြင့်ရွေးချယ်သည့် စစ်မှုထမ်းစနစ်ကို ကျင့်သုံးသည်။ 

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ ဖြစ် သည့် စင်ကာပူနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားပြီး အသက် ၁၈ နှစ်မှ ၂၁ နှစ်ကြား အမျိုးသားများကိုသာ ခေါ်ယူ ကာ စစ်မှုထမ်းရမည့်ကာလကို နှစ်နှစ် သတ် မှတ်ထားသည်။

အလားတူ တောင်ကိုရီးယားနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများ ကိုသာ ခေါ်ယူကာ စစ်မှုထမ်းရမည့်ကာလ ကို တစ်နှစ်ခွဲ မှ တစ်နှစ်နှင့် ကိုးလကြား သတ် မှတ်ထားသည်။

ကျွန်းနိုင်ငံဖြစ်သည့် စင်ကာပူတွင် လူဦးရေ ငါးသန်းကျော်သာရှိပြီး ပညာတတ် များ ပေါများသည့်အပြင် နိုင်ငံ၏ ဂျီဒီပီသည် ဒေါ်လာ ၃၉၇ ဘီလျံ (၂၀၂၁ ခုနှစ်ခန့်မှန်း) ရှိသည်။

စီးပွားရေးကောင်းမွန်သည့် တောင်ကိုရီး ယားနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် ရှိပြီး နိုင်ငံ၏ ဂျီဒီပီသည် ဒေါ်လာ ၁ ထရီလျံကျော် (၂၀၂၁ ခုနှစ်ခန့်မှန်း) ရှိသည်။

ထိုနိုင်ငံများအနေဖြင့် စီးပွားရေးကောင်း မွန်ပြီး ပညာတတ်ပေါများသည့်အပြင် ဂျီဒီပီ လည်း မြင့်မားသည့်အတွက် မြန်မာနိုင်ငံအ နေဖြင့် ၎င်းနိုင်ငံများ၌ ကျင့်သုံးသည့် စစ်မှု ထမ်းဥပဒေကဲ့သို့ ပုံတူကူး၍ မရနိုင်ပေ။

ထို့ပြင် ပြည်သူ့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်း ထားသည့် နိုင်ငံ ၈၀ ကျော်တွင် ၁၇ နိုင်ငံခန့် သာ အမျိုးသမီးများကို စစ်မှုထမ်းဆောင်ရန် ထည့်သွင်းထားပြီး တောင်ကိုရီးယားနိုင်ငံ ကဲ့သို့ မြောက်ကိုရီးယားနိုင်ငံနှင့် အချိန်မရွေး စစ်ဖြစ်နိုင်သည့် အခြေအနေရှိသော နိုင်ငံမျိုး $ပင် အမျိုးသမီးများကို စစ်မှုထမ်းခိုင်းခြင်း မရှိသောကြောင့် မြန်မာနိုင်ငံတွင်လည်း ပြည် သူ့စစ်မှုထမ်းခေါ်ယူရာတွင် အမျိုးသမီးများ ကို စစ်မှုထမ်းဆောင်ခြင်းမှ အပြီးတိုင်ကင်းလွတ်ခွင့်ပြုသင့်သည်ဟု ထောက်ပြမှုများ ရှိ နေသည်။

ထို့ပြင် နိုင်ငံတကာတွင် မြန်မာနိုင်ငံမှ ဒေါ်လာသိန်းချီအကုန်ကျခံပြီး ပညာသင်ကြား နေသူများ၊ နိုင်ငံတော်အခွန်ပေးဆောင်နေ သည့် နိုင်ငံခြားရောက်ပညာရှင်များအား စစ် မှုထမ်းခိုင်းမည်ဆိုလျှင် စစ်မှုထမ်းခြင်းကို ရှောင်လွှဲနိုင်ရန် အခြားနိုင်ငံသား ခံယူသွား မည်ဆိုပါက ဦးနှောက်ယိုစီးမှုများ ဖြစ်ပေါ် ကာ တိုင်းပြည်၏ ဂျီဒီပီများလည်း ကျသွားနိုင် သည့်အခြေအနေတွင် ရှိသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းများ ဝယ်ယူမှု မြင့်တက်သည်ဟု ဒေသတွင်းစစ် တမ်းများက ဆိုသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံသို့ လာရောက် သည့် အခြားနိုင်ငံသားများအား ထိုင်းနိုင်ငံက ဗီဇာခွင့်ပြုရာတွင် Elite Visa အမျိုးအစား လေးမျိုးရှိသည်။

ထိုင်းနိုင်ငံက ခွင့်ပြုထားသည့် Elite Visa လေးမျိုးမှာ ငါးနှစ်သက်တမ်းအတွက် ဘတ် ကိုးသိန်း၊ ၁၀ နှစ်သက်တမ်းအတွက် ဘတ် ၁၅ သိန်း၊ ၁၅ နှစ်သက်တမ်းအတွက် ဘတ် ၂ ၅ သိန်း၊ အနှစ် ၂၀ သက်တမ်းအတွက် ဘတ်ငါးသန်း သတ်မှတ်ထားသည်။

သို့ဖြစ်ရာ ငွေကြေးချမ်းသာသူများက စစ်မှုထမ်းခြင်းကို ရှောင်လွှဲရန်အလို့ငှာ Elite Visa များရှိသည့်အတွက် ချမ်းသာသည့် Elite လူတန်းစားများအနေဖြင့် ထိုင်းနိုင်ငံသို့ အုံနှင့်ကျင်းနှင့်ထွက်ခွာပြီး စီးပွားရေးလုပ် မည်ဆိုလျှင် တိုင်းပြည် ဂျီဒီပီ ကျသွားနိုင် သည်။

“အခုကြည့်မယ်ဆိုရင် ဥပဒေပြဋ္ဌာန်း ပြီးတဲ့နောက်မှာ အခြေခံအလွှာ၊ ပညာတတ် အလွှာ၊ Elite အလွှာတွေမှာလည်း စိုးရိမ် မှုတွေရှိနေတယ်။ စစ်ထဲသွားပြီး တာဝန်ထမ်း ဆောင်ရမယ်ဆိုရင် သေမယ်ဆိုပြီးတော့ တွက်ထားတဲ့ သဘောမျိုးဖြစ်နေကြတယ်။ ဘယ်လိုပဲပြောပြော ဒီစစ်မှုထမ်းနဲ့ ပတ်သက် ရင် ပြည်သူတွေမှာ အတွေ့အကြုံ မရှိဘူး။ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေက ရှိခဲ့ပေမဲ့့ မကျင့်သုံးခဲ့ဘူး။ အခုမှ ပထမဆုံး ကျင့်သုံးခဲ့ တာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ကြောက် လန့်နေကြတယ်”ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

နိုင်ငံတစ်ခုတည်မြဲရန်အတွက် နိုင်ငံရေး စွမ်းအား၊ ကာကွယ်ရေးစွမ်းအား၊ စီးပွားရေး စွမ်းအားကောင်းရန် လိုအပ်ပြီး ၎င်းင်းတို့အနက် စီးပွားရေးစွမ်းအားသည် အဓိကကျကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“စီးပွားရေးအင်အား တောင့်တင်းဖို့ဆိုရင် ရိုးရိုးရှင်းရှင်းလေး ကျမ်းရိုးဘောဂဗေဒမှာ ပြောထားတဲ့အတိုင်း ကုန်ထုတ်စွမ်းအားစု တွေ တောင့်တင်းဖို့လိုတယ်။ ကုန်လုပ်ဆက် ဆံရေး စနစ်တကျ ခိုင်မြဲဖို့လိုပါမယ်။ ကုန် ထုတ်စွမ်းအားစုဆိုတဲ့ နေရာမှာ ဆန်းသစ်တဲ့ အယူအဆတွေ မျိုးစုံပေါ်လာမှုနဲ့ ယခင်ကျမ်း ရိုး ဘောဂဗေဒအတိုင်းဆိုရင်တော့ Land Labour Capital ပါပဲ။ ကုန်ထုတ်စွမ်းအားစုနဲ့ မြေယာလုပ်အား အရင်းအနှီးပါပဲ။ အစိုးရ တစ်ရပ်အနေနဲ့ ဒါတွေကို အ လေးအနက်ထား ပါတယ်။ လုပ်အားဆိုတဲ့ နေရာမှာ လူသား အရင်းအနှီး Human Capital သည် အလေး ထားရမှာဖြစ်ပါတယ်။ ဒီထဲမှာ Labour လုပ် အားဆိုတာပါပါတယ်။ ဒါတွေကို ကျွန်တော် တို့က အစိုးရတစ်ရပ်အနေနဲ့အမြဲတမ်းအ လေးထား ဆောင်ရွက်လျက်ရှိပါတယ်”ဟု  ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

■ အပိုင်း(၂)  ဆက်လက် ဖော်ပြပါမည်။

Most Read

Most Recent