လိုတိုရှင်း စီးပွားရေးသုတ (၂၁ - ၂၅)

လိုတိုရှင်း စီးပွားရေးသုတ (၂၁ - ၂၅)
Published 18 February 2024
စောနိုင် (အသုံးချဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ (၂၁)

''စည်းမျဉ်းစည်းကမ်း (regulation)'' 

    လွတ်လပ်သောစျေးကွက် ဆိုသည်ကို ပြောဆိုကျင့်သုံးနေကြသည်ကို ကြားဖူးကြလိမ့်မည်။ သို့သော် လက်တွေ့ကမ္ဘာ၌ ထိုကဲ့သို့ စျေးကွက်မျိုးလုံးဝမရှိနိုင်ပေ။ စျေးကွက်များသည် ဝယ်လိုအား ရောင်းလိုအား အင်အားစုနှစ်ရပ်ဖြင့် စွမ်း ဆောင်ရည်ရှိရှိ လည်ပတ်နေသည့်တိုင် အကြောင်း အမျိုးမျိုးကြောင့် အားနည်းချက်များ လည်းရှိနေသဖြင့် အစိုးရများသည် စျေးကွက် အတွင်းပါဝင်သူများ၏ အပြုအမူများကို ထိန်းသိမ်းရန်အတွက် မကြာခဏစျေးကွက်အတွင်း ဝင်ရောက်စွက်ဖက်နေကြရသည်။ ထိုဝင်ရောက်ရာတွင် စည်းမျဉ်းစည်းကမ်း ချမှတ်ဆောင်ရွက်ကြရသည်။ 

    လောင်စာဆီနှင့် စီးကရက်များကို အခွန်ကောက်ခြင်းသည် အစိုးရ၏ စျေးကွက်အတွင်း ဝင်ရောက်စွက်ဖက်ခြင်းဥပမာပင်ဖြစ်သည်။ ထို့အတူ အချို့သော စီးပွားရေး၊ လူမှုရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများ ထိန်းသိမ်းရန်နှင့် မျှော်မှန်းထားသော အကျိုးရလဒ်ရရှိစေရန်အတွက်လည်း အစိုးရများသည် စျေးကွက်များအတွင်း ဝင်ရောက်စွက်ဖက်လေ့ရှိကြသည်။ ထိုသို့လုပ်ဆောင်ရာ၌ စျေးကွက်၏ အားနည်းချက်များကိုပြုပြင်နိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းဖြင့် အကောင်အထည်ဖော်လေ့ရှိကြသည်။ 

    စားနပ်ရိက္ခာထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများနယ်ပယ်များတွင် အများပြည်သူစားသုံးသူများအကျိုးအတွက် အနည်းဆုံးထားရှိရသည့် စံသတ်မှတ်ချက်များကို အာမခံနိုင်ရန်အတွက် လုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်များ ထုတ်ပေးလျက် လုပ်ကိုင်ခွင့်ပြုခြင်းသည်လည်းကောင်း၊ လုပ်ငန်းခွင်လုံခြုံမှုရှိရေး၊ အနိမ့်ဆုံးလုပ်ခရရှိရေး စသည့်အလုပ်သမားများ၏ ရရှိသင့်သည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်းရန်အတွက်လည်းကောင်း စည်းမျဉ်းစည်းကမ်းများကို အသုံးပြုလေ့ရှိကြသည်။ 

    အများပြည်သူနှင့်သက်ဆိုင်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများဖြစ်သော ရေနှင့် လျှပ်စစ်ဓာတ်အားကဲ့သို့ ကုန်စည်နှင့်ဝန်ဆောင်မှုများသည် သဘာဝအားဖြင့် တစ်ဦး/တစ်ဖွဲ့တည်းတည်း ချုပ်ကိုင်လုပ်ကိုင်နေတတ်သည်။ ထိုစျေးကွက်များအတွင်း၌ စားသုံးသူများ သင့်တင့်မျှတသည့်စျေးနှုန်းဖြင့် ကောင်းမွန်သည့် ကုန်စည်၊ ဝန်ဆောင်မှုများ ရရှိအသုံးပြုနိုင်ရေးအတွက်လည်း စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ကြသည်။

    လွတ်လပ်သောစျေးကွက်သဘောတရားကိုလက်ခံသူများကမူ စီးပွားရေးနယ်ပယ်များအားလုံး၌ စည်းမျဉ်းစည်းကမ်းများ အသုံးပြု၊ထိန်းချုပ်နေခြင်းကို ဆန့်ကျင် ကန့်ကွက်ကြသည်။ ၎င်းတို့က စည်းမျဉ်း စည်းကမ်းများသည်စီးပွားရေးလုပ်ငန်းများအတွက်လုပ်ငန်းလုပ်ဆောင်ချင်စိတ်၊ ဆွဲဆောင်မှု မက်လုံးလျော့ကျစေပြီး အခြားသောမလိုလားအပ်သည့် အကျိုးဆက်များလည်း ဖြစ်လာနိုင်သည်ဟု ဝေဖန်သုံးသပ်ကြသည်။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်း လျှော့ချမှုများ ပြုလုပ်ခဲ့ကြသည်။ နိုင်ငံတကာ အတွေ့အကြုံများအရ ၁၉၈၀ ပြည့်နှစ်ကာလများတွင် ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် မာဂရက်သက်ချာလက်ထက်တွင် လည်းကောင်း၊ အမေရိကန်နိုင်ငံ၏ သမ္မတအဖြစ် တာဝန်ယူခဲ့သည့် ရော်နယ်ရေဂင် လက်ထက်တွင် လည်းကောင်း စျေးကွက်များ လွတ်လပ်စွာလည်ပတ်လှုပ်ရှားနိုင် ရေးအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖြေလျှော့မှုများစွာပြုလုပ်ပေးခဲ့သည်။  

 

ဝေါဟာရများ

စည်းမျဉ်းစည်းကမ်းများ=regulations

အနည်းဆုံးထားရှိရသည့် စံသတ်မှတ်ချက်များ=minimum standards

အနိမ့်ဆုံးလုပ်ခ=minium wage  

သဘာဝအားဖြင့် တစ်ဦ:/တစ်ဖွဲ့တည်းတည်းချုပ်ကိုင်မှု=natural  monopoly  

  မာဂရက် သက်ချာ=Margaret Thatcher     

ရော်နယ်ရေဂင်=Ronald Reagan 

လိုတိုရှင်း စီးပွားရေးသုတ(၂၂)

 ''Financial Regulation (ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း)'' 

    ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများသည် ဘဏ်များလွဲမှားသော အပြုအမှုများ လုပ်ဆောင်နေပါက ရပ်တန့်သွားစေရန်ဆောင်ရွက်နိုင်သည်။ ၎င်းစည်းမျဉ်းစည်းကမ်းများတွင် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ လိုက်နာရမည့်စည်းမျဉ်းများ၊ ကန့်သတ်ချက်များနှင့် လမ်းညွှန်ချက်များပါဝင်သည်။ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထိန်းကျောင်းသော အဖွဲ့များသည် လွတ်လပ်သော အဖွဲ့များဖြစ်သည်။ ဥပမာအားဖြင့် US Securities and Exchange Commission (SEC) နှင့် UK Financial Service Authority (FSA ) ကဲ့သို့ အဖွဲ့အစည်းများဖြစ်သည်။ 

        အမေရိကန် အာမခံစာချုပ်စာတမ်းများနှင့် ငွေလဲလှယ်ရေးကော်မရှင် (SEC) အဖွဲ့၏ တာဝန်များမှာ ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးရန်၊ မျှတမှုရှိသော အစီအစဉ်ကျနမှုရှိသော စွမ်းဆောင်ရည်ရှိသည့်စျေးကွက်များကို ထိန်းကျောင်းပေးရန်နှင့် အရင်းအနှီးထူထောင်မှုကို ထောက်ကူဖြည့်ဆည်းပေးနိုင်ရန်ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်သူများသည် လွတ်လပ်သောစျေးကွက်များ လွတ်လပ်စွာလှုပ်ရှားခွင့်ပြုခြင်းနှင့် စည်းမျဉ်းစည်းကမ်းများမှတ်ကြား၌ ဟန်ချက်ညီမှုရှိစေရေး ထိန်းကျောင်းမှုအတွက် လိုအပ်မှုများပေါ်တွင် အာရုံစူးစိုက်လုပ်ဆောင်သည်။ ထိုဟန်ချက်ညီစေရန်လုပ်ဆောင်မှုသည်လွယ်ကူသော အလုပ်မဟုတ်ပေ။     

           လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ကပင် ဟန်ချက်ညီမှုအခြေအနေသည် ဘဏ္ဍာရေးစျေးကွက်များကို ကန့်သတ်ချက်များ ပိုမိုလျော့ပါးစေနိုင်သည့် ပြုပြင်ပြောင်းလဲမှုအခြေအနေများဆီသို့  ဦးတည်လျက်ရှိနေခဲ့ပြီဖြစ်သည်။ သို့သော် ၂၀၀၇ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပေါ်လာချိန်တွင် စည်းမျဉ်းစည်းကမ်းများ ပိုမိုဖြေလျှော့လာသော ဝန်းကျင်အခြေအနေကို အပြစ်တင်မှုများစွာပြုလုပ်ခဲ့ကြသည်။ ဖြစ်ပေါ်ခဲ့သော ထိုအကျပ်အတည်းအခြေအနေသည် ဘဏ္ဍာရေးကဏ္ဍ မှစတင်ခဲ့ပြီးနောက် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးဆီသို့ ကူးစက်ပျံ့နှံ့သွားခဲ့သောကြောင့်ဖြစ်သည်။ 

ဝေါဟာရများ

ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ=Financial Regulations   

အရင်းအနှီးထူထောင်မှု=capital formation   

ဘဏ္ဍာ ရေးစျေးကွက်များ=financial markets      

စည်းမျဉ်းစည်းကမ်းများ ပိုမိုဖြေလျှော့လာခြင်း=deregulation     

ဘဏ္ဍာရေးကဏ္ဍ=financial sector       

လိုတိုရှင်း စီးပွားရေးသုတ(၂၃)

''ဘဏ္ဍာရေးပေါ်လစီများ (Fiscal Policies)'' 

    ဘဏ္ဍာရေးပေါ်လစီဆိုသည်မှာ စီးပွားရေးအဆောက်အအုံအတွင်း စီးပွားရေးလုပ်ဆောင်ချက်များကို ထိန်းကျောင်းရာတွင် နိုင်ငံအစိုးရများ အသုံးပြုလေ့ရှိသော မေခရိုစီးပွားရေး ပေါ်လစီကရိယာတစ်ခုဖြစ်သည်။ အစိုးရ၏ရငွေ၊ အစိုးရ၏အသုံးစရိတ်များနှင့် သက်ဆိုင်သည်။ တစ်နည်းအားဖြင့် အစိုးရ၏ အားအထားရဆုံးရငွေဖြစ်သည့် အခွန်ကောက်ခံခြင်းနှင့် အများပြည်သူအတွက် အသုံးစရိတ်များ အသုံးပြုခြင်းနှင့် သက်ဆိုင်သည်ဟုလည်း ဆိုနိုင်သည်။ အစိုးရတစ်ရပ်အနေဖြင့်  ဝင်ရောက်လာသော ငွေများနှင့် ထွက်သွားသော ငွေတို့ ကိုက်ညီမှု ရှိမရှိ၊ အပိုအလိုရှိမရှိ ထိန်းကျောင်းပေးသည်။   

    ယေဘုယျအားဖြင့် အစိုးရတစ်ရပ်သည် စီးပွားရေးအဆောက်အုံထဲ၌ ဝယ်လိုအားအခြေအနေ အပြောင်းအလဲလုပ်လိုသောအခါဖြစ်စေ (သို့မဟုတ်) ဝင်ငွေ ပြန်လည်ခွဲ ဝေဖြန့်ဖြူးမှုကို ချိန်ဆဆောင်ရွက်ချင်သောအခါဖြစ်စေ ဘဏ္ဍာရေးပေါ်လစီကို အသုံးပြုလေ့ရှိသည်။ ထိုပေါ်လစီကို အသုံးပြု၍ ဘတ်ဂျက်လိုငွေလျှော့ချနိုင်ရန် အစိုးရ အသုံးစရိတ်ကို လျှော့ချသုံးစွဲခြင်း (သို့မဟုတ်) စီးပွားရေးလုပ်ဆောင်ချက်များ ပိုမိုများပြားလာစေရန် အစိုးရအသုံးစရိတ် ပိုမိုသုံးစွဲခြင်းပြုလုပ်လျက် ဘတ်ဂျက်အခြေအနေကို အတတ်နိုင်ဆုံး ဘက်ညီနေစေရန် ထိန်းသိမ်းဆောင်ရွက်လေ့ရှိကြသည်။ 

    ဘဏ္ဍာရေးပေါ်လစီကို အခြေအနေနှစ်မျိုးဖြင့် အသုံးပြုလေ့ရှိကြရာ ယေဘုယျအားဖြင့် ပေါ်လစီနှစ်မျိုးရှိသည်ဟု ဆိုနိုင်သည်။ အစိုးရအသုံးစရိတ်ထက် အစိုးရ ရငွေ ပိုမိုရရှိရေးအတွက် ရည်ရွယ်ကျင့်သုံးသော အကျုံ့ဘဏ္ဍာရေးပေါ်လစီနှင့်  အစိုးရ ရငွေ ပိုမိုရရှိရေးကိုဦးမတည်ဘဲ မရည်ရွယ်ဘဲ အစိုးရအသုံးစရိတ် ပိုမို ကို များပြားစွာသုံးစွဲရေးကို အလေးပေးသည့် အချဲ့ဘဏ္ဍာရေး ပေါ်လစီဟူ၍ရှိသည်။ ထိုပေါ်လစီနှစ်မျိုးကို စီးပွားရေးအဆောက်အအုံ၏ အခြေအနေအရ ချင့်ချိန်သုံးစွဲကြရသည်။ စီးပွားရေးအဆောက်အအုံအတွင်း စီးပွားရေးလုပ်ဆောင်ချက်များ အလွန်အမင်းများပြားနေသည်ကို လျော့ကျသွားစေရန် အခွန်အကောက်များ တိုးမြင့် ကောက်ခံခြင်း (သို့မဟုတ်) ဘတ်ဂျက် ငွေဖြတ်တောက်ခြင်းတို့ကိုပြုလုပ်ခြင်းသည် အကျုံ့ဘဏ္ဍာရေး ပေါ်လစီကို အသုံးပြုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဘတ်ဂျက်လို ငွေပမာဏကို လျော့ကျသက်သာစေရုံသာမက ငွေကြေးဖောင်းပွမှုကိုပါ ထိန်းချုပ်ပြီးသားဖြစ်သည်ဟုဆိုသည်။ 

    အချဲ့ငွေကြေးပေါ်လစီသည် အကျုံ့ပေါ်လစီ၏ ဆန့်ကျင်ဘက်သဘောရှိသည်။ စီးပွားရေးအဆောက်အအုံအတွင်း စီးပွားရေးအခြေအနေများ ကျဆင်းနေသည်အခါဖြစ်စေ၊ စီးပွားရေးအကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရသည့်အခါဖြစ်စေ အချဲ့ဘဏ္ဍာရေးပေါ်လစီ အသုံးပြုလေ့ရှိကြသည်။ ပေါ်လစီ၏ရည်ရွယ်ချက်မှာ အခွန်များ လျှော့ချကောက်ခံခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ စရိတ်စကကျဆင်းမှု ဖြစ်လာကာ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရန်ဖြစ်သည်။ အစိုးရက အသုံးစရိတ်ကို ယခင်ထက် တိုးမြင့်သုံးစွဲမှုများ ပြုလုပ်ပါကလည်း ငွေကြေးအကျပ်အတည်းရှိနေရာမှ ပိုမိုချောင်လည်မှုရှိလာမည်။ ငြိမ်သက်နေသောစီးပွားရေးလှုပ်ရှားလာနိုင်ခြင်း၊    ကျဆင်းနေသောစီးပွားရေးကို တွန်းအားပေးနိုင်ခြင်းဖြင့် စီးပွားရေးအဆောက်အအုံအခြေအနေ ပြန်လည်ကောင်းမွန်လာနိုင်သည်။ အစိုးရများ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့် စီးပွားရေးအဆောက်အအုံအတွင်း အခွန်အကောက်များ လျှော့ချကောက်ခြင်းဖြင့်လည်းကောင်း၊ အစိုးရအသုံးစရိတ်တိုးမြှင့်ခြင်းဖြင့်လည်းကောင်း    အလုပ်လက်မဲ့ လျှော့ချနိုင်စေရေး လုပ်ဆောင်နိုင်ကြသည်ဟု ဆိုထားသည်။ 

ဝေါဟာရများ

ဘဏ္ဍာရေးပေါ်လစီ=fiscal policy  

အစိုးရ၏ရငွေ=government’s income     

အစိုးရ၏အသုံးစရိတ်=government’s expenditure      

အကျုံ့ဘဏ္ဍာရေးပေါ်လစီ=contractionary fiscal policy      

 အချဲ့ ဘဏ္ဍာ,ရေးပေါ်လစီ=expansionary  fiscal sector       

လိုတိုရှင်း စီးပွားရေးသုတ(၂၄)

''ငွေကြေးပေါ်လစီ (Monetary Policies)'' 

         ငွေကြေးပေါ်လစီဆိုသည်မှာ စီးပွားရေးအဆောက်အအုံအတွင်း ငွေကြေးပမာဏနှင့် ငွေကြေးချေးငှားသည့် စရိတ်စကတို့ကို ထိန်းချုပ်နိုင်စွမ်းရှိသော ပေါ်လစီဖြစ်သည်။ ဘဏ္ဍာရေးပေါ်လစီနှင့်မတူဘဲ အစိုးရထိန်းချုပ်မှုကင်းလွတ်စွာဖြင့် လုပ်ကိုင်ဆောင်နိုင်သည်။ နိုင်ငံအများစုတွင် ငွေကြေးပေါ်လစီကို ဗဟိုဘဏ်များက လုပ်ကိုင်ဆောင်ရွက် အကောင်အထည်ဖော်ကြသည်။ ငွေကြေးပေါ်လစီတွင် ငွေကြေးပမာဏကို စီမံဆောင်ရွက်ခြင်းသည်အဓိကကျသောလုပ်ငန်း ဖြစ်သည်။ နိုင်ငံ၏ ကာလရှည်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်နှင့် မြင့်မားသော ငွေကြေးဖောင်းပွမှုကို ဟန့်တားနိုင်ရန် ငွေကြေးပမာဏစီမံခန့်ခွဲခြင်းကို အရေးကြီးသော နည်းလမ်းအဖြစ်ရှုမြင်ကြသည်။ ထိုပေါ်လစီကို ကျင့်သုံးရာတွင် အကျုံ့ငွေကြေးပေါ်လစီနှင့် အချဲ့ငွေကြေးပေါ်လစီဟူ၍ရှိသည်။ ငွေကြေးပေါ်လစီကို အသုံးပြုခြင်း၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် ငွေဖောင်းပွမှုကို ထိန်းချုပ်ရန်ရည်ရွယ်သည်။ 

      အကျုံ့ငွေကြေးပေါ်လစီသည် ငွေကြေးပမာဏကို ကန့်သတ်ခြင်း၊ ဝယ်လိုအားကို လျှော့ချစေခြင်းဖြင့် ငွေကြေးဖောင်းပွမှုကို လျော့ချစေရန် ရည်ရွယ်သည်။ အချဲ့ငွေကြေးပေါ်လစီသည် ငွေကြေးပမာဏကို မြှင့်တင်သုံးစွဲခြင်းဖြင့် စီးပွားရေးအဆောက်အအုံအတွင်း စီးပွားရေးလုပ်ဆောင်ချက်များ တိုးတက် လာစေရန် ရည်ရွယ်သည်။ သို့သော် ထိုသို့ပြုလုပ်ရာတွင် ငွေဖောင်းပွမှုနှုန်း မြင့်မားလာနိုင်သဖြင့် စွန့်စားမှုတစ်ရပ်ကဲ့သို့ သတိထားလုပ်ဆောင်ရန်လိုသည်။ 

      ထို့ကြောင့် ထိုပေါ်လစီကို အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့် အန္တရာယ်ကို မည်မျှထိန်းချုပ်မည်နည်း။ ထိုအခြေအနေကို ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တက်ခြင်းဖြင့် ထိန်းချုပ်နိုင်သည်။ ဘဏ်တိုးနှုန်းမြှင့်ခြင်းသည် ငွေကြေးချေးငှားခြင်း စရိတ်စကများ မြင့်တက်လာနိုင်ပြီး ငွေကြေးဖောင်းပွမှုကိုပြန်လည်ထိန်းညှိပေးသွားနိုင်သည်ဟုဆိုသည်။ စီးပွားရေးပညာရှင် မီ (လ်) တန်ဖရီးမန်းက အစိုးရများသည် ဘဏ္ဍာရေးပေါ်လစီထက် ငွေကြေးပေါ်လစီကို ဦးစားပေး အသုံးပြုရန် ထောက်ခံပြောဆိုခဲ့သည်။  

ဝေါဟာရများ

ငွေကြေးပေါ်လစီ=monetary policy     

 ငွေကြေးပမာဏ=money supply    

အကျုံ့ငွေကြေးပေါ်လစီနှင့်=contractionary fiscal policy       

အချဲ့ ငွေကြေးပေါ်လစီ =expansionary monetary policy      

 မီ(လ်)တန်ဖရီးမန်း=Milton Friedman        

 လိုတိုရှင်း စီးပွားရေးသုတ(၂၅)

''အတိုးနှုန်းများ (interest rate)'' 

    အတိုးနှုန်းများ ဆိုသည်မှာငွေချေးငှားသည့်အခါ ချေးယူသူကသည့် စျေးနှုန်းသဘောမျိုးဖြစ်သည်။ ငွေချေးယူမှု ပြုလုပ်ခဲ့သော လူတစ်ဦးသည် ၎င်းချေးယူခဲ့သည့် ငွေများကို ချေးငှားပေးသူထံသို့ ပြန်လည်ပေးဆပ်ချိန်တွင် ချေးငွေနှင့်အတူ အတိုးငွေကိုပါ ထပ်ဖြည့်ပေါင်း၍ ပြန်လည်ပေးရသည်။ လူတစ်ဦးသည် ၎င်း၏ငွေများကို အသုံးမပြုဘဲ ဘဏ်တစ်ခုထဲတွင်အပ်နှံစုဆောင်းထားမည်ဆိုပါက ဘဏ်ကငွေအပ်နှံသူကိုပြန်လည်ပေးမည့်ငွေပမာဏ သို့မဟုတ် ငွေအပ်နှံသူမှ ပြန်လည် ရရှိနိုင်သည့် ပြန်ရချက်ငွေပမာဏဟုလည်း ပြောနိုင်သည်။ 

     ကူးသန်းရောင်းဝယ်ရေးဘဏ်များသည် ၎င်းတို့ထံမှ ငွေချေးငှားယူသူများ၊ ၎င်းတို့ထံတွင် လာရောက်ငွေစုဆောင်းသူများအတွက် အခြားဘဏ်များနှင့် အပြိုင် ကိုယ်ပိုင်အတိုးနှုန်များ သတ်မှတ်ထားလေ့ရှိသည်။ ဗဟိုဘဏ်များကလည်း ကူးသန်းရောင်းဝယ်ရေးဘဏ်များကို ငွေချေးငှားပေးရန်လိုအပ်သည့်အခါ အတိုးနှုန်းများသတ်မှတ်၍ ငွေချေးငှားပေးတတ်သည်။ ဗဟိုဘဏ်အခြားဘဏ်များကို ငွေထုတ်ချေးသည့်အခါ ရယူရမည့်အတိုးနှုန်းကို သတ်မှတ်ထားပြီး ထိုအတိုးနှုန်းကို  bank rate သို့မဟုတ် discount rate  ဟုခေါ်သည်။  discount rate သည် အတိုးနှုန်း၏ နောက်ထပ်အမည်တစ်မျိုးဖြစ်ပြီး စီးပွားရေးအဆောက်အအုံ၏ လိုအပ်ချက်၊ ပေါ်လစီဦးစားပေးမှုများနှင့် လိုက်လျောညီစွာ ဗဟိုဘဏ်က သတ်မှတ်၍ အသုံးပြုသည်။     

    အတိုးနှုန်းကို မြှင့်တင်ခြင်း သို့မဟုတ် လျှော့ချခြင်းတို့ပြုလုပ်ခြင်းဖြင့် စီးပွားရေးအဆောက်အအုံအတွင်း ငွေချေးယူမှု၊ ငွေထုတ်ချေးမှုပမာဏများကို အပြောင်းအလဲဖြစ်စေကာ လှည့်လည်နေသော ငွေကြေးပမာဏ အခြေအနေပေါ်တွင်များစွာအကျိုးသက်ရောက်မှု ရှိစေသည်။ ထို့ကြောင့် စီးပွားရေးအဆောက်အအုံတစ်ခုအတွင်း၌ အတိုးနှုန်းသည် အသက်တစ်မျှ အရေးကြီးသော ငွေကြေးပေါ်လစီ၏ ကရိယာတန်ဆာပလာတစ်ခုဟု ဆိုနိုင်သည်။ လက်တွေ့ပြောင်းလဲဖြစ်ပေါ်နေသော စျေးကွက်ထဲရှိ အတိုးနှုန်းကို အမည်ခံ အတိုးနှုန်း (nomial interest rate ) ဟုခေါ်ပြီး စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသောအတိုးနှုန်းမှာ အမှန်အတိုးနှုန်း (real interest rate) ဖြစ်သည်။  

ဝေါဟာရများ

အတိုးနှုန်းများ=interest rates       

ကူးသန်းရောင်းဝယ်ရေးဘဏ်များ=commercial banks      

ဗဟိုဘဏ်က အခြားဘဏ်များကိုငွေထုတ်ချေးရာတွင် အသုံးပြုသည့်အတိုးနှုန်း=discount rate  

အမည်ခံအတိုးနှုန်း=nominal interest rate       

အမှန်အတိုးနှုန်း=real interest rate           





 

Most Read

Most Recent