နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲမှာ နစကဥက္ကဋ္ဌ ဘာတွေပြောခဲ့သလဲ

နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံပွဲမှာ နစကဥက္ကဋ္ဌ ဘာတွေပြောခဲ့သလဲ
Published 18 February 2024

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

နစကဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ယခုတစ်ကြိမ်တွေ့ဆုံခြင်းသည် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ဒုတိယအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်သည်။

ဇန်နဝါရီ ၆ ရက် နစကဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်းလည်း ဖြစ်သည်။

နစကဥက္ကဋ္ဌနှင့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးရာတွင် မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၃၉ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးရာတွင် မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၄၂ ပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

''ပထမအကြိမ်တွေ့ဆုံမှု''

နစကဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ ပထမအကြိမ်တွေ့ဆုံဆွေးနွေးမှုကို နေပြည်တော် နစကဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမတွင် ကျင်းပခဲ့သည်။

ထိုတွေ့ဆုံပွဲသို့ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၉ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲတွင် နစကဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံ့တာဝန်များကို မဖြစ်မနေထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းပေးရန်အတွက် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ဖြေရှင်းပေးခဲ့မှုမရှိကြောင်း၊ ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းမှားယွင်းမှုများမှာ မည်သို့မျှလက်ခံ၍မရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

မိမိတို့အစိုးရ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပြီး အနိုင်ရသည့်ပါတီကို နိုင်ငံတော်တာဝန်များပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေးပင်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးအရဖြစ်ပေါ်လာသည့်ပြဿနာကို နိုင်ငံရေးအရမဖြေရှင်းဘဲ အကြမ်းဖက်မှုနည်းလမ်းများဖြင့် ဖြေရှင်းရန်ကြိုးပမ်းလာမှုများကြောင့် နိုင်ငံတော်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အဆိုပါအချိန်တွင် မိမိတို့နိုင်ငံ၌ ကိုဗစ်ရောဂါဖြစ်ပွားလျက်ရှိပြီး နိုင်ငံ၏စီးပွားရေးမှာလည်း ကျဆင်းလျက်ရှိသည့် အချိန်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တစ်ဖက်တွင်လည်း ပွဲလန့်တုန်းဖျာခင်းဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက အကြမ်းဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်လုပ်ဆောင်လာခဲ့ကြောင်း၊ ယခုအချိန်အထိ အချို့နေရာများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်စေရေး တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

နစက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူ၍ချမှတ်ထားကြောင်း၊ ယခင်အစိုးရလက်ထက်ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတက်ရောက်လာကြသည့် ပါတီအားလုံးသည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သည့်သူများဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ပါတီဝင်များအားလုံးအနေဖြင့် ပါတီ၏ အမာခံဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အမာခံဖြစ်ရန်လိုပြီး ပါတီအင်အားကို နိုင်ငံတော်အတွက် အကျိုးရှိရှိ မှန်မှန်ကန်ကန်ဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ ထို့ပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ပါတီဝင်များမှလည်း ပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိသည်မှာ ၇၆ နှစ်ရှိပြီဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ လွတ်လပ်ရေးရရှိသည့် နိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှုရှိသည့် နိုင်ငံများရှိသကဲ့သို့ တည်ငြိမ်အေးချမ်းမှုမရှိသေးသည့် နိုင်ငံများလည်းရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် နိုင်ငံအတွင်းရှိ ပြည်သူများအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်အတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိရန် အားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်းဖြစ်ပေါ်လာသည့် PDF များ၏ လုပ်ရပ်များကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုများရှိသကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များလည်း ထိခိုက်ခဲ့ရကြောင်း၊ သဘောထားကွဲလွဲမှုများ၊ အားနည်းချက်များကို နိုင်ငံရေးပါတီများအနေဖြင့် သိရှိနားလည်ထားရန်လိုပြီး ပါတီ၏မူဝါဒများ၊ ပန်းတိုင်များကို စနစ်တကျဖြင့် တိကျခိုင်မာအောင် ချမှတ်ဆောင်ရွက်ထားရန်လိုကြောင်း ၎င်းက ဆိုသည်။

လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ကြမည့် ပါတီများအားလုံးအနေဖြင့် မိမိတို့ဒေသအလိုက် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်အောင် ပါတီအလိုက် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်ဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကောက်ယူသည့် လူဦးရေသန်းခေါင်စာရင်းသည် အခြေခံစာရင်းရှိသဖြင့် ပိုမိုတိကျမှန်ကန်နိုင်မည်ဖြစ်ပြီး အနည်းဆုံး ၁၀ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူခြင်းသည် မဖြစ်မနေဆောင်ရွက်သင့်သည့် နိုင်ငံတကာစံနှုန်းတစ်ခုဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာလျှင် မဲစာရင်းများကို မှန်ကန်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ပါတီများအနေဖြင့်လည်း ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း ၎င်းက မှာကြားသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူစနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ PR စနစ်ကျင့်သုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်သင့်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ အောင်မြင် အထမြောက်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိစဉ် လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်စဉ်များသည် အဟန့်အတားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းမှုဆောလျင်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ပြုလုပ်၍ ရသော်လည်း နိုင်ငံရေးအရ သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် တိုင်းပြည်ကိုကောင်းအောင် ဆောင်ရွက်သွားမည်ဟူသည့် စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း အချို့သောတောင်းဆိုမှုများအပေါ် ရေရှည်အတွက်စဉ်းစား၍ ချင့်ချိန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

''ဒုတိယအကြိမ် တွေ့ဆုံမှု''

နစကဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ဒုတိယအကြိမ်တွေ့ဆုံမှုကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ဖေော်ဝါရီ ၁၃ ရက်က ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲသို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာသီတာဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲတွင် နစကဥက္ကဋ္ဌက ဇန်နဝါရီပထမပတ်အတွင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပြီးနောက် နိုင်ငံရေးပါတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုလွယ်ကူစေရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဦးစွာပြင်ဆင်ပေးခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ လိုအပ်သည့်ဥပဒေပြင်ဆင်မှုများအား ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှတတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်သော်လည်း ပါတီများအနေဖြင့်လည်း ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းရေးနှင့် ခိုင်မာစေရေးကို အာမခံထားပြီးဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ပါတီများအနေဖြင့် ပါတီနိုင်ငံရေးလှုပ်ရှားမှုရှိရမည်ဖြစ်သကဲ့သို့ နိုင်ငံ့အရေးကို ဆောင်ရွက်သည့် နိုင်ငံရေးကိုလည်း ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ပါတီများအနေဖြင့် တိုင်းရင်းသားလူမျိုးကို ကိုယ်စားပြုသည့်ပါတီ၊ ဒေသကိုကိုယ်စားပြုသည့်ပါတီ၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံကိုယ်စားပြုသည့်ပါတီဟူ၍ရှိကြောင်း၊ ပါတီများသည် ခိုင်ခိုင်မာမာဖြစ်ရန်လိုပြီးပါတီတွင်း ဒီမိုကရေစီတည်ဆောက်ရန်လည်းလိုကြောင်း၊ ပါတီကို ဦးဆောင်သူမရှိသဖြင့် ပါတီယိမ်းယိုင်ခြင်း၊ ပျက်စီးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပါတီဖျက်သိမ်းရခြင်းများ မဖြစ်စေလိုဘဲ ခိုင်ခိုင်မာမာရှိစေလိုကြောင်း၊ ထို့ကြောင့် ခိုင်မာသည့် ပါတီတည်ဆောက်မှုဖြစ်ရန်လိုပြီး ပါတီဝင်များ၏ ဝန်းရံမှုများ ခိုင်မာရန်လိုကြောင်း၊ မိမိတို့ပါတီအလိုက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် စည်းလုံးညီညွတ်မှု လက္ခဏာသည်လည်း ခံ့ခံ့ညားညားရှိရန် လိုကြောင်း၊ ပါတီများဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဥပဒေအရ လုပ်နိုင်ကိုင်နိုင်သည့်အခြေအနေတွင် ရှိစေရေး လိုအပ်သည့် ပြင်ဆင်မှုများကို လုပ်ပေးပြီးဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံရေးအရ၊ လုံခြုံရေးအရ လုပ်နိုင်ကိုင်နိုင်သည့် အနေအထားတွင်ရှိရန်လည်း လိုမည်ဖြစ်ကြောင်း၊ အချို့သောမြို့နယ်များ၌ လုံခြုံရေးအရ ပါတီလှုပ်ရှားမှုများ ဆောင်ရွက်ရန် အခက်အခဲရှိမည်ဖြစ်သော်လည်း ပါတီများအလိုက် မိမိတို့လုပ်နိုင်သည့်အခြေအနေတွင်ရှိသည့် ဒေသများ၌ ပါတီလှုပ်ရှားမှုများကို ပြည်သူလူထုနှင့် အဆက်မပြတ် ထိတွေ့ဆောင်ရွက်နေရန်လိုကြောင်း၊ ပါတီဖွဲ့စည်းထားသည့် မြို့နယ်များ၊ ဖွဲ့စည်းရန် ရည်ရွယ်ထားသည့် မြို့နယ်များ၌ အရှိန်အဟုန်ဖြင့် လှုပ်ရှားမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပါတီနိုင်ငံရေးဆိုသည်မှာ မိမိတို့ပါတီ၏ မူဝါဒများကို ပြည်သူအများက လက်ခံလာအောင်၊ ပါတီဝင်များဖြစ်လာအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ပါတီနိုင်ငံရေးမှတစ်ဆင့် နိုင်ငံ့အရေးကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့အရေးသည် ပထမ၊ ပါတီအရေးသည် ဒုတိယဖြစ်ပြီး နိုင်ငံနှင့်ပါတီယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ ဦးစားပေးရန်လိုပြီး နိုင်ငံသည်သာလျှင် အဓိက အရေးအကြီးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီအရေးကို ဆောင်ရွက်သည့်အခါတွင် နိုင်ငံ့အရေးကိုလည်း စဉ်းစားဆောင်ရွက်သည့် အလေ့အကျင့်ကို ဖော်ဆောင်ကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိနိုင်ငံ့အရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများက ပါဝင်ဆောင်ရွက်ရန် အချက်သုံးခုရှိကြောင်း ၎င်းက ဆိုသည်။ 

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးကတည်းက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများသည် ယခုအချိန်အထိ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်တွင်သာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း လိုလားချက်များကို အကြမ်းဖက်သည့်လမ်းစဉ်ဖြင့် လက်နက်ကိုင်၍ တောင်းဆို၍မရဘဲ ဥပဒေအရသာ တောင်းဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး နည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲ လက်နက်ကိုင်၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း တပ်မတော်အနေဖြင့် သဘောတူညီထားပြီးဖြစ်ပြီး ပြင်ဆင်သင့်သည်ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသောကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ ရသည်များရှိသော်လည်း မလုပ်သည့်အတွက် အချို့နေရာများတွင် အခက်အခဲများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေးအတွက် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ကြောင်း၊ ယင်းဥပဒေသည် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ယခင်ကတည်းကပင် ပြဋ္ဌာန်းခဲ့သည့်ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေနှင့်ပတ်သက်၍တွက်ချက် ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်လိုကြောင်း၊ သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့် အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်အမိန့်ကိုလည်း ယနေ့တွင် စတင်ထုတ်ပြန်မည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးအင်အားတွင် ပြန်လည်ထမ်းဆောင်ရန် တောင်းဆိုမှုများပြားလာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယင်းဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ၏စီးပွားရေးမောင်းနှင်အားသည် မဖြစ်မနေကောင်းမွန်နေရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာလျှင် နိုင်ငံရေးမောင်းနှင်အား၊ ကာကွယ်ရေးမောင်းနှင်အားများလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်ပါက မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် ပ ဉ္စမအချက်ဖြစ်သည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာဖြစ်မြောက်စေရေး အုပ်ချုပ်သူအစိုးရတစ်ခုတည်းမရဘဲ နိုင်ငံရေးပါတီများ၊ တိုင်းသူပြည်သားများအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံကိုကိုယ်စားပြုမည့်သူများကို နိုင်ငံရေးပါတီများမှသာ ရွေးချယ်ရမည်ဖြစ်သဖြင့် နိုင်ငံရေးပါတီများနှင့် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ပါတီများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများအတိုင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများအားလုံး ဆောင်ရွက်ရာတွင် ဥပဒေနှင့်သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဥပဒေပြုမဏ္ဍိုင်တွင် ဆောင်ရွက်ရမည့် ပါတီများအနေဖြင့် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေသည့်ကာလဖြစ်ပြီး လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Most Read

Most Recent