ရုရှားအရေး၊ အမေရိကန်၏ ပိတ်ဆို့မှုများအရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး

ရုရှားအရေး၊ အမေရိကန်၏ ပိတ်ဆို့မှုများအရေးနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး
ဖေဖော်ဝါရီ ၁၆ ရက်က ဂျာမနီနိုင်ငံတွင် ပြုလုပ်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် လက်ဆွဲနှုတ်ဆက်နေသည့် ဘလင်ကင်(ဝဲ)နှင့် ဝမ်တို့ကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၁၆ ရက်က ဂျာမနီနိုင်ငံတွင် ပြုလုပ်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် လက်ဆွဲနှုတ်ဆက်နေသည့် ဘလင်ကင်(ဝဲ)နှင့် ဝမ်တို့ကို တွေ့ရစဉ်(Photo:AFP)
Published 17 February 2024

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် ရုရှားအရေး၊ အမေရိကန်၏ ပိတ်ဆို့မှုများအရေးနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးမှုတွင် ဘလင်ကင်က ယူကရိန်းနှင့် စစ်ပွဲဖြစ်ပွားနေသည့် ရုရှားနိုင်ငံကို တရုတ်က ထောက်ခံပေးမှုအပေါ် စိုးရိမ်ကြောင်းပြောကြားခဲ့ပြီး ဝမ်ကလည်း တရုတ်အဖွဲ့အစည်းများအပေါ် ချမှတ်ထားသည့် အမေရိကန်၏ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။

ထိုင်ဝမ်ရေး၊ ကုန်သွယ်ရေးနှင့် လူ့အခွင့်အရေးများအပါဝင် များပြားသည့်အရေးကိစ္စများနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများဖြစ်ပွားခဲ့ပြီးနောက် ဘလင်ကင်နှင့် ဝမ်တို့သည် ဂျာမနီ နိုင်ငံတွင်ပြုလုပ်သည့် မြူးနစ်လုံခြုံရေး ညီလာခံတွင် ဘေးဆွယ်တွေ့ဆုံမှုအဖြစ် သီးသန့် အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရုရှား-ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး တရုတ်နှင့်အမေရိကန်အကြား သဘောထား ချင်းကွဲလွဲမှုများရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်က တရုတ်နှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သဖြင့် တင်းမာမှုများ လျော့ကျခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့တွင် ပြုလုပ်ခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့၏ ညီလာခံတွင်ရရှိခဲ့သည့် တိုးတက်မှုများကို ဆက်လက်အ ကောင်အထည်ဖော်ရန် အရေးကြီးကြောင်း ဘလင်ကင်က အလေးထားဖော်ပြခဲ့သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မက်သူး မီလာက ပြောသည်။

ထို့ပြင် ထိုင်ဝမ်ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်တို့တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းမှုသည်လည်း အရေးကြီးကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်ဟု မီလာက ဆိုသည်။

ဝမ်ကလည်း ဘိုင်ဒင်-ရှီ ညီလာခံနှင့်ပတ်သက်ပြီး ဘလင်ကင်၏ပြောကြားမှုများကဲ့သို့ နှစ်ဖက်စလုံးအနေဖြင့် ခိုင်မာမှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိသည့် ဆက်ဆံရေးများကို မြှင့်တင်ရေးအတွက် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၎င်းတို့နှစ်ဦးသည် ပွင့်လင်းပြီး ထိရောက်မှုရှိသည့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကိုပြုလုပ်ခဲ့ပြီး တရုတ်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ချမှတ်ထားသည့် တရားမဝင်တစ်ဖက်သတ်ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းရန် ဝမ်ကတိုက်တွန်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံသားများကို အကြောင်းမဲ့နှောင့်ယှက်မှုနှင့် စစ်ဆေးမေးမြန်းမှုများကို ရပ်တန့်ရန်၊ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုကို မြင့်တက်စေသည့် လှုပ်ရှားမှုများကို မြှင့်တင်ရန် တိုက်တွန်းခဲ့သည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရုရှားနှင့်ပတ်သက်ပြီး ဘလင်ကင်က အာကာသအခြေစိုက် ဂြိုဟ်တုဖျက်လက်နက်တစ်ခုကို ရုရှားက ထုတ်လုပ်နေမှုအပေါ် အမေရိကန်က စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ထိုအကြောင်းအရာကို အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာနှင့် သီးခြားပြုလုပ်သည့် အစည်းအဝေးတွင်လည်း ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်သည် အာကာသအခြေစိုက် လက်နက်နှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၅ ရက်က လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရုရှားကမူ အမေရိကန်၏ ပြောကြားချက်များသည် မလိုမုန်းထားမှုကြောင့်ဖြစ်ပြီး အခြေအ မြစ်မရှိကြောင်း ငြင်းဆိုခဲ့သည်။

ဝမ်၊ ဂျိုင်ရှန်ကာတို့နှင့် ပြုလုပ်သည့် အစည်းအဝေးတွင် ဘလင်ကင်က ရုရှား၏ အဆိုပါ လက်နက်သည် စိုးရိမ်ရသည့် ကိစ္စတစ်ခုဖြစ်ကြောင်းနှင့် ထိုအကြောင်းအရာကို မြူးနစ်လုံခြုံရေးညီလာခံတွင် တင်ပြသွားမည်ဟု လည်း ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent