မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကောင်စစ်ဝန်ချုပ်များအား ပြည်ထောင်စုဝန်ကြီးအချို့နှင့် ဒုတိယဝန်ကြီးအချို့ တွေ့ဆုံ၍ ပြည်ပရောက်မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ပေးရေးအပါအဝင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကောင်စစ်ဝန်ချုပ်များအား ပြည်ထောင်စုဝန်ကြီးအချို့နှင့် ဒုတိယဝန်ကြီးအချို့ တွေ့ဆုံ၍ ပြည်ပရောက်မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ပေးရေးအပါအဝင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
Published 16 February 2024

မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကောင်စစ်ဝန်ချုပ်များကို ပြည်ထောင်စုဝန်ကြီးအချို့နှင့် ဒုတိယဝန်ကြီးအချို့ တွေ့ဆုံ၍ ပြည်ပရောက်မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ပေးရေးအပါအဝင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပွဲကို  ဖေဖော်ဝါရီ ၁၅ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်‌နောင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါ၀ါမောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်ရာမှ ခေတ္တပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင်ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့်အမှာစကားပြောကြား၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြည်ပရောက် မြန်မာနိုင်ငံသားအလုပ်သမားများအား ကာကွယ်ကူညီစောင့်ရှောက်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာသံရုံးများ ပူးပေါင်းဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး သံရုံးတာဝန်ရှိသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း‌‌ရေးဆောင်ရွက်နေမှု၊ လူ့အခွင့်အရေးကာကွယ်စောင့်‌ရှောက်ပေးနေမှုနှင့် Online လိမ်လည်မှုများတွင် အသုံးချခံရသည့် နိုင်ငံခြားသားများအား ပြန်လည်လွှဲပြောင်းပေးပို့ နေမှုအခြေအ‌နေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်၏ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာဝါ၀ါမောင်က ပြည်ပနှင့်ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြည်တွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် အထူးစီးပွားရေးဇုန်များ အကောင်အထည်‌ဖော်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် သံအမတ်ကြီးများနှင့်သံရုံးယာယီတာဝန်ခံများက သက်ဆိုင်ရာနိုင်ငံများအလိုက် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးဖော်ဆောင်နေမှု၊ အလုပ်သမားများ‌ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာဘာသာရပ်အလိုက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို ညနေပိုင်းတွင် ရပ်နားခဲ့ကြောင်း သိရသည်။

Most Read

Most Recent