NSPNC နှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ (၄၂)ပါတီမှ တာဝန်ရှိသူများ နေပြည်တော်တွင် တွေ့ဆုံ

NSPNC နှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ (၄၂)ပါတီမှ တာဝန်ရှိသူများ နေပြည်တော်တွင် တွေ့ဆုံ
Published 15 February 2024

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ (၄၂)ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ထို့သို့တွေ့ဆုံရာတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ယခင်နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေ၊ နိုင်ငံရေးပါတီများ၏ အပြုသဘောဆောင်သည့် အကြံပြုချက်များ ရယူခဲ့မှုအခြေအနေ၊ ဆက်လက်တွေ့ဆုံဆွေးနွေးနိုင်မည့် အခင်းအကျင်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍအရေးပါပုံ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ အရေးကြီးသောပုဒ်မများ ပြင်ဆင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းထားသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘုံသဘောတူညီချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာကြသူများက နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ ဖွဲ့စည်းနိုင်ရေးကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်သင့်သည့် အချက်များ၊ လွှတ်တော်များ၏ အခန်းကဏ္ဍတို့နှင့်ပတ်သက်၍ မိမိတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆွေးနွေးအကြံပြုချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး၍ ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိဂုံးချုပ် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent