လိုတိုရှင်း စီးပွားရေးသုတ (၁၆ -၂၀ )

လိုတိုရှင်း စီးပွားရေးသုတ (၁၆ -၂၀ )
Published 11 February 2024
စောနိုင် (အသုံးချ ဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ (၁၆)

ကြွေးမြီ(Debt)

 ကြွေးမြီ သို့မဟုတ် အကြွေးဆိုသည်ကို ဘဏ်များ၊ အခြားသော အဖွဲ့အစည်းအမျိုးမျိုးမှ ချေးယူ ထားသော ငွေကြေးဟုနား လည်နိုင်သည်။ ဘဏ်များနှင့် အခြားသောအဖွဲ့များမှ ချေးယူခြင်းကို  မာတီလစ်ထရယ် ဘောရိုးရင်း (multilateral borrowing ) ဟုခေါ်ဆိုပြီး အခြားသောနိုင်ငံများမှ ချေးယူခြင်းကိုဘိုင်လစ်ထရယ်ဘောရိုးရင်း (bilateral borrowing) ဟုခေါ်သည်။ multilateral borrowing မျိုးကို နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့်   နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့( International Monetary Fund-IMF) နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့ကလုပ်ဆောင်လေ့ရှိသည်။     

နိုင်ငံအစိုးရများသည် အာမခံချေးငွေစာချုပ်များ (securities) နှင့် အစိုးရငွေချေး စာချုပ် (government bonds) များ ထုတ်ဝေရောင်း ချခြင်းဖြင့်လည်းကောင်း သို့မဟုတ် ဘဏ်ငွေစက္ကူများ ပုံနှိပ်ထုတ်ဝေခြင်းဖြင့်လည်းကောင်းပြည်တွင်း၌ငွေချေးငှားမှုများပြုလုပ်နိုင်သည်။ ကြွေးမြီနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားကြွေးမြီအခြေအနေသည် ၂၀၀၉ ခုနှစ် ဇွန်လအထိ အမေရိကန်နိုင်ငံ၏ ဒေါ်လာ ၁၃ ဒသမ ၄၅ ထရီလီယံရှိခဲ့သည်။ အမေရိကန်နိုင်ငံ၏ နောက်တွင် ယူကေ( ဗြိတိန်) က ဒေါ်လာ ကိုးထရီလီယံဖြင့် ဒုတိယလိုက်နေသည်။ စျေးကွက်တွင်ဖြစ်ပေါ်နေသော အတိုး နှုန်းများဖြင့် ငွေချေးမှု များ ရှိကြသော်လည်း ထို ပုဂ္ဂလိကငွေကြေးကဏ္ဍငွေကြေး ချေးငှားမှု မရရှိနိုင် နေရာများတွင် ဖွံဖြိုးဆဲ နိုင်ငံ များကို ချေးငွေများ ကူညီထောက်ပံ့ပေးနိုင်ရန် ကမ္ဘာ့ဘဏ် အဖွဲ့အစည်းထူထောင်ထားခြင်းဖြစ်သည်။

၁၉၇၀ ပြည့်နှစ်များက ဖြစ်ပွားခဲ့သော ရေနံအကျပ်အတည်း (oil crisis) သည် ဖွံ့ဖြိုးဆဲ နိုင်ငံများစွာကို ကြွေးမြီပိုမိုတင်စေခဲ့ပြီး ထိုနိုင်ငံများကိုလူကြိုက်မများသော  ခြိုးခြံချွေတာရေး နည်းလမ်းကို ကျင့်သုံးလာစေရန် တွန်းအားပေးသကဲ့သို့ဖြစ်လာစေခဲ့သည်။ အာဖရိကဒေသသည်  ၂၀၀၂ ခုနှစ်က  ကြွေးမြီမှာ အမေရိကန်ဒေါ်လာ  ၂၉၅ ဘီလျံအထိတင်ရှိခဲ့သည်။ ထိုငွေပမာဏသည် အာဖရိကအနေဖြင့် အကူအညီ တစ်ဒေါ်လာရတိုင်း ကြွေးမြီပြန်ပေးငွေအဖြစ် သုံးဒေါ်လာပြန်ပေးရန်ရှိသည့် အခြေအနေမျိုး ဟု ခန့်မှန်းကြသည်။

ဝေါဟာရများ

ကြွေးမြီ=debt

ကမ္ဘာဘဏ်=World Bank

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့=International Monetary Fund ( IMF)

အာမခံချေးငွေစာချုပ်များ = securities 

အစိုးရငွေချေးစာချုပ်များ= government bonds 

ရေနံအကျပ်အတည်း  =oil crisis  

 

လိုတိုရှင်း စီးပွားရေးသုတ (၁၇)

ချေးငွေ (Credit)

ချေးငွေဆိုသည်မှာ ချေးငှားထားသောငွေကြေးဟု အရိုးစင်းဆုံးနားလည်နိုင် သည်။  လူတစ်ဦး တစ်ယောက်သည်  လတ်တလောအချိန်၌ ၎င်းလိုအပ်သည့် တစ်စုံတစ်ရာရရှိရေးအတွက် အနာဂတ် ကာလ အချိန်တစ်ချိန်၌ ပြန်လည်ပေးမည်ဟု သဘောတူညီချက်ဖြင့်  ခေတ္တရယူခြင်းဖြစ်သည်။  ချေးငှားသည့် အရာတွင် ငွေကြေးကဲ့သို့အရာများသာမက ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုစသဖြင့် ချေးငှားသူလိုအပ်သည့် တစ်စုံတစ်ရာပါဝင်နိုင်သည်။

လူတစ်ဦးတစ်ယောက်ချင်းလုပ်ငန်းများ၊ အဖွဲ့အစည်းများသာမက အစိုးရအဖွဲ့အစည်းတစ်ရပ်ပင်လျှင်ငွေကြေးလိုအပ်ချက်နှင့်မကင်းနိုင်ပေ။ ထိုသို့လိုအပ်သော ငွေကြေးကို  ဘဏ်များက ဖြည့်ဆည်းပေးလေ့ရှိသည်။ အကယ်၍ လူတစ်ယောက်သည် အိမ်တစ်အိမ်ကိုဖြစ်စေ၊   ကား တစ်စီးကို   ဖြစ်စေ  ဝယ်ယူရန်အကြွေးဝယ်ကတ် (credit card) ကိုအသုံးပြုပါက အကြွေးဖြင့် အလုပ် လုပ်နေ သည် ဟုဆိုနိုင်သည်။ သုံးသူတစ်ယောက် အနေဖြင့် ၎င်းအလိုရှိသော ပစ္စည်း တစ်စုံတစ်ခုကို အွန်လိုင်းမှဖြစ်စေ သို့မဟုတ် နိုင်ငံရပ်ခြားမှဖြစ်စေဝယ်ယူရာတွင်လည်းကောင်း၊  သို့မဟုတ် လုပ်ငန်းငယ် တစ်ခုကို စတင် လုပ်ဆောင်ရာတွင်ဖြစ်စေ  ချေးငွေသည် များစွာအထောက်အကူဖြစ်စေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် တစ်စုံတစ်ရာကို အကြွေးဖြင့်ဝယ်ယူခဲ့ပြီးဖြစ်ပါက ထိုသူသည် ကြွေးတင်ရှိနေပြီဟုဆိုရမည်။ ထိုချေးငွေကို ပြန်လည်ပေးဆပ်ရန် ချေးငှားခဲ့သည့်ပမာဏ သို့မဟုတ် တင်ရှိခဲ့သည့်ကြွေးပမာဏ ထက် ပိုမိုပေးရန်လိုသည်။ ပိုမိုပေးရသည့်ပမာဏမှာအတိုး (interest) ဖြစ်သည်။    

ကြွေးမြီယူထားသူတစ်ဦးသည် ပြန်လည်ပေးဆပ်ခြင်းမပြုခဲ့လျှင် ကြွေးဆပ်ရန်ပျက်ကွက်ခြင်းဟုဆိုသည်။ ထိုသိုပျက်ကွက်သည့်အခြေအနေကို ငွေထုတ်ချေးငှားသူများက နှစ်သက်လိုလားလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဘဏ်များသည် ၎င်းတို့ထံ ငွေထုတ်ချေးရန် လာရောက်သူများကို ငွေထုတ်မချေးခင် ရယူမည့်ချေးငွေ ပမာဏ ပြန်လည်ပေးဆပ်နိုင်မှုအကဲဖြတ်ချက် (credit ratings) များ ပြုလုပ်တတ်ကြသည်။  

ဝေါဟာရများ

ချေးငွေ =credit

အကြွေးဝယ်ကတ် =credit card   

အတိုး=interest   

ကြွေးဆပ်ရန် ပျက်ကွက်ခြင်း=default   

ချေးငွေပြန်လှည်ပေးဆပ်နိုင်မှု အကဲဖြတ်ချက်= credit rating

 

လိုတိုရှင်း စီးပွားရေးသုတ ( ၁၈)

ချေးငွေရရှိမှုအကျပ်အတည်း( credit crunch)

ချေးငွေရရှိမှုအကျပ်အတည်းဆိုသည်မှာ ချေးငွေရရှိမှုအခက်အခဲဖြစ်သည်။ ဆိုလိုသည်မှာ ယခင်အချိန်ကာလများကထက် ငွေချေးငှားရာတွင် ပိုမိုခက်ခဲမှုကြုံတွေလာခြင်းဖြစ်သည်။ ဘဏ်များသည် ၎င်းတို့ဘဏ်များအချင်းချင်းကြားတွင်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများကိုလည်းကောင်း လူအများကိုလည်းကောင်း၊ ငွေထုတ်ချေးရန် ဆန္ဒနည်းလာသည့် အခြေအနေမျိုးဖြစ်သည်။  စျေးကွက်အတွင်း စျေးနှုန်း များအတက်အကျများ လျက် မတည်မငြိမ်ဖြစ် လာသောအခါ၊ အစိုးရက ငွေထုတ်ချေးခြင်းနှင့် ပတ်သက်၍ ဥပဒေ အသစ်ပြဋ္ဌာန်းမှုများ ရှိလာသောအခါ၊ လူအများ ချေး ငွေများကိုပြန်လည်ပေးဆပ်ရန် ပျက်ကွက်လာသောအခါ  ထိုအခြေ အနေမျိုး ပေါ်ပေါက်လာနိုင်သည်။  

ဘဏ်များအချင်းချင်းကြားတွင် ထင်မြင်ချက်အမျိုးမျိုးရှိလာနိုင်သည်။ ဘဏ်အချို့က အခြားသောဘဏ်များတွင် ငွေသားပြတ်လတ်မှုရှိနေပြီဟု ထင်လျက် ကြောက်ရွံ့စိတ်များရှိလာပြီး ၎င်းတို့ဘဏ်မှ နောက်ထပ်မည်သည့်ချေးငွေကိုမျှ ထုတ်ချေးတော့မည်မဟုတ်ပေ။ ထိုအခြေအနေများက စိုးရိမ်ထိတ်လန့်စိတ်များကို  ပိုဆိုးရွားလာစေတတ်သည်။ ဘဏ်များအနေဖြင့် ထင်မြင်ချက်နှင့် ကြိုတင်ခန့်မှန်းဟောကိန်းထုတ်ကြခြင်းဖြစ်သည်။ ထိုသို့ကိုယ်ပိုင်အထင်ဖြင့် အနာဂတ်ဖြစ်နိုင်ခြေများကို ကြိုတင်ခန့်မှန်းလျက်လုပ်ဆောင်ခြင်းသည်  ဖြစ်နိုင်ခြေမရှိသည့်အခြေအနေမှာပင် ပိုမိုဖြစ်လာနိုင်သည့် အနေအထားကို ရောက်ရှိသွားစေသည်။ ကြိုတင်ထင်မြင်ချက်များသည် မှားယွင်းနေသည့်တိုင် ထိုအခြေအနေအတိုင်း ဆက်လက်လုပ်ဆောင်ရင်း ထင်မြင်ထားသည့်အတိုင်းဖြစ်လာခြင်းကို စိတ်ပညာဘာသာရပ်၌  self-fulfilling Prophecy ဟုခေါ်သည်။   

ချေးငွေရရှိမှုအခက်အခဲအကျပ်အတည်းဖြစ်စဉ်တွင် ဘဏ်များသည်  တင်းကျပ်သောချေးငွေစည်းမျဉ်းစည်းကမ်းများကိုချမှတ်တတ်သည်။ ထို့ကြောင့် ယခင်ကချေးငွေရမှတ် ကောင်းမွန်မှုမရှိသောသူများ ပေါင်နှံချေးယူမှုများပြုလုပ်နိုင်ရန် မလွယ်တော့ပေ။ ဘဏ်များသည် ဆုံးရှုံးနစ်နာနိုင်ခြေများတွက်ချက်၍ ထိုအန္တရာယ်များကိုကာမိစေရန် အတိုးနှုန်းများ မြှင့်တင်လာနိုင်သည်။ ထို့ကြောင့် ပေါင်နှံချေးငှားမှုများ ပိုမိုစရိတ်စကကြီးမားလာပြီး အကြွေးဝယ်ကတ် အတိုးနှုန်းများပါ   မြင့်တက်မှုများဖြစ်ပေါ်လာနိုင်သည်။

ငွေကြေးပမာဏနည်းပါးလာခြင်းနှင့်ချေးငွေ ရရှိနိုင်မှု ကျဆင်းလာခြင်းတို့နှင့် အတူစျေးကွက်အတွင်းယုံကြည်စိတ်ချရမှု ကျဆင်း လာသော ကြောင့် စတော့စျေးကွက်များ အခြေအနေများမှာလည်းကျဆင်းသည့် အခြေအနေဖြစ်ပေါ်လာသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပင်စင်ရန်ပုံငွေများလည်း  တန်ဖိုးကျ ဆင်းလာသည်။ ချေးငွေများရရှိနိုင်မှုအတွက် စရိတ်စကကြီးမြင့်လာသောအခါ စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုခက်ခဲလာပြီးနှင့် စားသုံးသူများ၏ သုံးစွဲမှုများ လည်း ကျဆင်းလာသည်။

 

ဝေါဟာရများ

ချေးငွေရရှိမှုအကျပ်အတည်း=credit crunch   

ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်လာခြင်း=default

အတိုးနှုန်းများ=interest rates    

စတော့ဈေးကွက်များ=stock markets  

စားသုံးသူများ၏သုံးစွဲမှု=consumers’ spending 

 

 

 

လိုတိုရှင်း စီးပွားရေးသုတ (၁၉ )

၂၀၀၇ ခုနှစ် ချေးငွေအကျပ်အတည်း (  the 2007  credit crunch)

 

၂၀၀၇ ချေးငွေအကျပ်အတည်း ပြဿနာမဖြစ်ပေါ်မီအချိန်က အမေရိကန်နိုင်ငံတွင် ချေးငွေရရှိရန် အလွန်လွယ်ကူသဖြင့် လူအများသည် ပြန်လည်ပေးဆပ်နိုင်ရန်ခက်ခဲသော ချေးငွေများကို ရယူခဲ့ကြသည်။ အမေရိကန်နိုင်ငံရှိဘဏ်များသည် ဆပ်ပရိုင်းမောဂေ့ချ် (subprime mortgage) ဟုခေါ်သော  စံသတ်မှတ်ချက်မပြည့်မီသော၊ အရည်အသွေးမပြည့်အဝမရှိ သောပေါင်နှံမှုများကိုလက်ခံ ၍ ချေးငှားခဲ့ခြင်း ဖြစ်သည်။ ထိုဘဏ်များသည် စံသတ်မှတ်ချက်မပြည့်မီသော   အပေါင်ချေးငွေများကို စွန့်စွန်းစားစားချေးငှားမှုပြုလုပ်ရခြင်းမှာ ရရှိသည့်အတိုးနှုန်း မြင့်မားခြင်းနှင့် စာရင်းဖွင့်ဝန်ဆောင်ခများ ရရှိသောကြောင့်ဖြစ်သည်။ ထိုနည်းလမ်း သည်ဘဏ်များအတွက် ဝင်ငွေဖန်တီးနိုင်သောကောင်းမွန်သည့်နည်းလမ်းဖြစ်နေသည်။

ထိုချေးငွေများရယူထားပြီးသောသူများသည် အိမ်ရာစျေးနှုန်း များကျဆင်းခဲ့သောအခါ ၎င်းတို့၏ချေးငွေများကို ပြန်လည်ပေးဆပ်နိုင်စွမ်း မရှိတော့ပေ။ ထိုအခါ ထုတ်ချေးထားခဲ့သောဘဏ်များသည် ငွေကြေးအမြောက်အမြား ဆုံးရှုံးမှုများဖြစ်ပေါ်လာခဲ့ပြီး ချေးငွေထုတ်ချေးမှုနည်းပါးလာကာ ချေးငွေအတိုးနှုန်းကို ပိုမို ရယူခဲ့ကြသည်။ စံသတ်မှတ်ချက် မမီသည့် ပေါင်နှံချေးငွေများကို ပြန်လည်ပေးဆပ်မှု မပြုလုပ်ခြင်းသည် ၎င်းတို့ ချေးငှားခဲ့သည့် ဘဏ်တစ်ဘဏ်တည်းကိုသာ သက် ရောက်မှု ဖြစ်စေသည် မဟုတ်ဘဲ ကွန်ရက်သဖွယ် ဆက်စပ်ဖြစ်ပေါ်နေသော အခြားဘဏ်များ၊ ကုမ္ပဏီများကို တစ်နွယ်ငင်တစ်စင်ပါ သက်ရောက်မှုများဖြစ်လာခဲ့သည်။

ဥပမာ စံသတ်မှတ်ချက်မမီသည့် ပေါင်နှံချေးငွေထုတ်ချေးသည့်ဘဏ်များသည် ပေါင် နှံမှုများကို အခြားသောဘဏ်များ၊ အေဂျင်စီများ၊ ဖန်နီမေးနှင့် ဖရက်ဒီမက်ကဲ့သို့ ကုမ္ပဏီများကိုပြန်လည်ရောင်းချခဲ့ကြသည်။ ထို့ကြောင့် ချေးငွေအကျပ်အတည်း အခြေအနေသည် ချေးငှားခဲ့သည့် ဘဏ်တစ်ဘဏ်တည်းကိုသာ သက်ရောက်မှုဖြစ် ပေါ်စေသည့်မဟုတ်ဘဲ ဆက်စပ်ဖြစ်ပေါ်နေသော နယ်ပယ်တစ်ခုလုံးကို ဆက်စပ်သက်ရောက်မှုဖြစ်ပေါ်လာသည်။ ထိုအခြေအနေများမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ချေးငွေအကျပ်အတည်းအဖြစ် အသွင်ပြောင်းသွားခဲ့ခြင်းဖြစ်သည်။  

   

ဝေါဟာရများ

၂၀၀၇ ချေးငွေအကျပ်အတည်း= the 2007 credit crunch    

စံသတ်မှတ်ချက်မပြည့်မီသော ပေါင်နှံမှုများ=subprime mortgages  

စံသတ်မှတ်ချက်မပြည့်မီသော အပေါင်ချေးငွေများ=mortgage loans      

ဖန်နီမေးနှင့် ဖရက်ဒီမက်=Fannie Mae and Freddie Mac

ကမ္ဘာလုံးဆိုင်ရာ ချေးငွေအကျပ်အတည်း=Global  credit crunch

 

လိုတိုရှင်း စီးပွားရေးသုတ (၂၀)

ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် (property right)

 ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ဆိုသည်မှာ  အရင်းအမြစ်တစ်ခု သို့မဟုတ် စီးပွားရေးအရ ထုတ်လုပ်ထားသည့် ကုန်စည်တစ်ခုကို မည်သူက ပိုင်ဆိုင်သည်၊ မည်သို့ အသုံးပြုသည်ကို မည်သူက ဆုံးဖြတ်မည်၊ ရောင်းချခြင်း ငှားရမ်းခြင်းမှရရှိသော အကျိုးအမြတ်များကို မည်သူတို့ ခံစားခွင့်ရှိမည်ဆိုသည့်အချက်များကိုဆုံးဖြတ်ပေးနိုင်သည့် အခွင့်အရေးဖြစ်သည်။

ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအခွင့်အရေးသည်  အရင်းရှင်ဝါဒ (Capitalism) ၏ အဓိကကျသောအစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ကုန်ပစ္စည်းတစ်ခုကိုမည်သူက ပိုင်ဆိုင် သည်ဟုတိတိကျကျသိရှိ မှသာ ထိုကုန်စည်၊ ပစ္စည်းကို လဲလှယ်ရောင်းဝယ်ခြင်းနှင့် ကုန်သွယ်ခြင်းတို့ နှင့် ပတ်သက်၍စေ့ဆော်မှုများပြုလုပ်နိုင်မည်ဖြစ်သည်။ တစ်ချိန်တစ်ခါက လူကြိုက်များခဲ့သော ကွန်မြူနစ်ဝါဒ (Communism) ကျဆုံးခဲ့ခြင်းကို ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်     နှင့် ဆက်စပ်မှုရှိသည် သုံးသပ်ခဲ့ကြသည်။ လူအဖွဲ့အစည်းတစ်ခုတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုမရှိခဲ့ပါက အမြတ်အစွန်းအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်လိုစိတ်အတွက်လည်း စေ့ဆော်မှုဖြစ်ပေါ်နိုင်မဟုတ်ပေ။

သဘာဝပတ်ဝန်းကျင် ဂေဟစနစ် အရည်အသွေးကျဆင်းလာခြင်းသည်လည်း တစ်ခါတစ်ရံ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နှင့် ဆက်စပ်မှုရှိသည်။ အကယ်၍ သဘာဝပတ်ဝန်းကျင်ကို မည်သူမည်ဝါက ပိုင်ဆိုင် သည်ကို  သတ်မှတ်ထား နိုင်ခဲ့ပါလျှင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သော အကာအကွယ်ပေးမှုများပြုလုပ်နိုင်မည်ဖြစ်သည်။ ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်တွင် စက်မှုကဏ္ဍနှင့်သက်ဆိုင်သောအရာများ (တီထွင်ဖန်တီးမှုများ၊ ဒီဇိုင်းများ)၊ အနုပညာနှင့် သက်ဆိုင်သောအရာများ (ပန်းချီများ၊ ဝတ္ထုများနှင့် တေးဂီတများ) ပါဝင်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးသည် ဉာဏပစ္စည်း မူပိုင်ခွင့်နှင့်နှင့် ပတ်သက်၍ ကုန်သွယ်မှုနှင့် သက်ဆိုင်သော ဉာဏပစ္စည်းဆိုင်ရာ သဘောတူညီမှု (agreement on Trade-Related Aspects of Intellectual  Property Rights-TRIPS) တစ်ခုကို အသိအမှတ်ပြု အကောင်အထည်ဖော်ပေးခဲ့သည်။

TRIPS ဟု အတိုကောက်ခေါ်သည့် အဆိုပါသဘောတူညီမှုသည် ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်ခွင့်ကို ခိုင်မာမှုရှိစေပြီး အစိုးရများသည်လည်း ၎င်းတို့သက်ဆိုင်ရာနယ်မြေအတွင်း မူပိုင်ခွင့် ဥပဒေအရ အာဏာသက်ရောက်မှု သေချာစေသည့် ကတိကဝတ်များလည်း ရလာစေသည်။ သို့သော် ကုန်ပစ္စည်းများနှင့် ပတ်သက်သည့် မူပိုင်ခွင့်အများစုသည် အနောက်နိုင်ငံများက ပိုင်ဆိုင်ခွင့်ရရှိထားကြသဖြင့် တီထွင်ကြံဆမှု အားနည်းသော ဖွံ့ဖြိုးဆဲတိုင်းပြည်များ အတွက်မူဆိုးကျိုးသက်ရောက်မှုကြီ: မားစွာခံစားရ နိုင် သည်။  နိုင်ငံ များ ကြား ဖြစ်ပေါ် နေသောအခြေအနေအရပ်ရပ် ကွာ ဟချက် မှာ လည်း တစ်နှစ် ပြီး တစ် နှစ်ကြီးမားလာ လျက်ရှိနေပေသည်။

 

ဝေါဟာရများ

ပစ္စည်း ဥစ္စာ ဆိုင်ရာအခွင့်အရေး=property rights

 အရင်းရှင်ဝါဒ=Capitalism  

 ကွန်မြူ နစ်ဝါဒ=Communism

 ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်=intellectual property rights

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့=World Trade Organization (WTO )