ပလတ်စတစ်ညစ်ညမ်းမှု 

 ပလတ်စတစ်ညစ်ညမ်းမှု 
Published 11 February 2024
ဒေါက်တာလွင်သန့်

 လက်ရှိကမ္ဘာမှာလူတို့အသုံးပြုနေတဲ့ပလတ်စတစ်ရေသန့်ဘူးတွေမှာပါဝင်နေတဲ့သေးငယ်တဲ့ပလတ်စတစ်အမှုန်အမွှားအရေတွက်ဟာ ယခင်ကခန့်မှန်းထားတာထက်အဆတစ်ရာပိုမိုပါဝင်နေကြောင်းအမေရိကန်အမျိုးသားသိပ္ပံအကယ်ဒမီဂျာနယ်ကလေ့လာတွေ့ရှိမှုစစ်တမ်းတစ်ခုကို ၂၀၂၄ ခုနှစ်ဇန်နဝါရီလ အစောပိုင်းကဖော်ပြခဲ့ပါတယ်။

ပလတ်စတစ်ကြောင့်ကျန်းမာရေးဆိုးကျိုးများအနေနဲ့နှလုံးသွေးကြောရောဂါ၊ အဆုတ်ပျက်စီးခြင်း၊ အစာအိမ်အူလမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါများဖြစ်ခြင်း၊အဆစ်အမြစ်ရောင်ရမ်းခြင်း၊ဟော်မုန်းပြောင်းလဲခြင်း၊ အဝလွန်ခြင်း၊ အာရုံကြောရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ မျိုးပွါးမှုထိခိုက်ခြင်းတို့ဖြစ်နိုင်ကြောင်းသိရပါတယ်။

သိပ္ပံပညာရှင်များရဲ့မကြာသေးမီက ပြုလုပ်တဲ့သုတေသနစစ်တမ်းအရ ပျမ်းမျှရေတစ်လီတာမှာ ပလတ်စတစ်အမှုန်အမွှားပေါင်း ၂၄၀၀၀၀ ပါဝင်ကြောင်းသိရလို့ ယခင်ခန့်မှန်းထားတာထက် (၁၀-၁၀၀) ဆ ပိုများနေကြောင်း စစ်ဆေးတွေရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ ကြီးမားတဲ့ပလတ်စတစ်များကိုသောက်သုံးရေနဲ့အစားအသောက်မှာသာမကနေရာတိုင်းမှာတွေ့နေရပြီး ဝင်ရိုးစွန်းဒေသများရှိ ရေခဲဖုံးတောင်တန်း၊ တောင်ထွက်များနဲ့ဂေဟစနစ်များအထိပါပျံ့နှံ့တွေ့ရှိနေပြီဖြစ်တယ်။

 အဆိုပါရလဒ်အတိုင်းဆိုရင်ရေသန့်တစ်လီတာမှာ မိုက်ခရိုပလတ်စတစ်နဲ့နာနိုပလတ်စတစ်အမှုန်အမွှားပေါင်း(၁၁၀၀၀၀-၃၇၀၀၀၀)ကြားအထိပါဝင်နေကြောင်းသိရပါတယ်။အများဆုံးပါဝင်နေတဲ့ပစ္စည်းမှာရေကိုသန့်စင်ဖို့ပြုလုပ်တဲ့ပလတ်စတစ်ရေစစ်များမှထွက်ပေါ်လာတဲ့နိုင်လွန်များဖြစ်ကာ ဒုတိယမှာရေသန့်ဘူးများပြုလုပ်ထားတဲ့ ပိုလီအီသိုင်လင်း (Polyethylene terephthalate) (သို့မဟုတ်) (PET) ပလတ်စတစ်အမျိုးအစားများပျော်ဝင်နေကြောင်းသုတေသနရလဒ်များကဖော်ပြနေတယ်။

လူ ၁၀ ဦးမှာ တစ်ဦးလမစေ့ဘဲ က‌လေး‌မွေးဖွားတဲ့ဖြစ်စဉ်ဟာ ပလပ်စတစ်၊ ဓာတုပစ္စည်းတို့နဲ့ဆက်နွှယ်နေကြောင်းဖေဖော်ဝါရီ ၇ ရက်သုတေသနအရဆိုပါတယ်။ "ပလပ်စတစ်ထုတ်လုပ်သူတွေက ကျန်းမာရေးဆိုးကျိုးကိုထည့်တွက်မှာမဟုတ်ပါဘူး" လို့နယူးယောက်တက္ကသိုလ်လင်ကွန်း (Langone) ကျန်းမာရေးစင်တာမှ လီယိုနာဒိုထရန့်ဒီကေ ပြာကြားထားပါတယ်။

ပလတ်စတစ်တွေက ကမ္ဘာကြီးကိုမွမ်းကျပ်စေပါတယ်။  ပလတ်စတစ်တွေကလူသားတို့ကြုံတွေ့နေရတဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာကြီးတွေထဲကတစ်ခုဖြစ်လာနေပါတယ်။စက်မှုကဏ္ဍဖွံ့ဖြိုးလာတာနဲ့အမျှလေထုနဲ့ရေထုညစ်ညမ်းမှုများပိုမိုဆိုးရွားလာစေပါတယ်။မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ရရှိနေလို့မြန်မာနိုင်ငံတစ်ဝန်း ကျေးရွာတွေကမြန်မာအနာဂတ်မှာ သဘာဝနဲ့သဟဇာတဖြစ်စွာ လျှပ်စစ်မီးလင်းစေနိုင်ကြောင်း ပြသနေပါတယ်။ မြန်မာနိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးလာတဲ့စက်မှုလုပ်ငန်းမှာ သဘာဝနဲ့သဟဇာတဖြစ်တဲ့အလေ့အကျင့်တွေကျင့်သုံးလာခြင်းကနိုင်ငံဖွံ့ဖြိုးတိုးတက်မှုခရီးလမ်းကို အထောက်အကူပြုစောင့်ရှောက်ပေးနိုင်ပါတယ်။ သည်ပြဿနာပလတ်စတစ်အမှိုက်ပြဿနာကိုဖြေရှင်းဖို့အားလုံးနဲ့သက်ဆိုင်ပါတယ်။အထူးကြိုးပမ်းကြရင်လူသားတို့ကမ္ဘာညစ်ညမ်းမှုကာကွယ်နိုင်မှာဖြစ်တယ်။ လူသားတို့နဲ့သဘာဝဘက်မျှစွာရှင်သန်တဲ့အနာဂတ်တစ်ခုတည်ဆောက်ခြင်းပြုသင့်ပါတယ်။

 ကမ္ဘာတစ်လွှား တစ်ခါသုံး ပလတ်စတစ်များပိုမိုသုံးစွဲခြင်းကိုထက်ဝက်လျှော့ချခြင်းက သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုပိုများလာခြင်းကို တားဆီးရမှာဖြစ်ကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (United Nations Environmental programme UNEP) မှ အစီရင်ခံစာမှာ ဖော်ပြထားတယ်။

သဘာဝပတ်ဝန်းကျင်မှာ  ပလတ်စတစ်အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားတဲ့အခါမိုက်ခရို  ပလတ်စတစ်အမှုန်အမွှားများထွက်ပြီး နေရာအနှံ့ပျံ့နှံ့ပါတယ်။ သမုဒ္ဒရာအနက်ဆုံးနေရာမှ ကမ္ဘာအမြင့်ဆုံးဧဝရက်တောင်အထိ မိုက္ကရို  ပလတ်စတစ်အမှုန်အမွှားများ တွေ့ရပါတယ်။ လူတွေရဲ့သွေး၊ နို့ရည်၊ အချင်းတို့မှာလည်းတွေရပါတယ်။

ပါရီသဘောတူညီချက်အရ  ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးအစီအစဉ်ဟာ အကြိမ်ကြိမ်အဖန်ဖန်သုံးစွဲခြင်း (reuse)၊ ကုန်ကြမ်းအဖြစ်တစ်ဖန်ပြန်လည်သုံးစွဲခြင်း (recycle) ပစ္စည်းအမျိုးအမည်အမျိုးမျိုး အစားထိုးသုံးစွဲခြင်း (replace) တို့အပေါ် အခြေခံထားပါတယ်။

၂၀၄၀ မှာပလတ်စတစ်အမှုန်အမွှား ၈၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖို့၊ တစ်ကြိမ်သုံးပလတ်စတစ်များသုံးစွဲခြင်းကို ထက်ဝက်လျှော့ချနိုင်ဖို့ရည်မှန်းထားပါတယ်။ ၂၀၄၀ မှာ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ထုတ်လပ်မှုရဲ့ ၁၉ ရာခိုင်နှုန်းကိုသာ ပလတ်စတစ်မှ ထုတ်လွှတ်မယ်လို့ရည်မှန်းထားပါတယ်။ ကမ္ဘာပျမ်းမျှအပူချိန်ဟာစက်မှုဖွံ့ဖြိုးမှုမရှိခင်ကာလပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲစီးယမ်ဆပိုများဖို့ ရည်မှန်းချက်ကို အထောက်အကူပြုရာရောက်ပါတယ်။

ပလတ်စတစ်များ ထုတ်လုပ်ပုံ၊အသုံးပြုပုံနဲ့စွန့်ပစ်ပုံကဂေဟစနစ်ကိုညစ်ညမ်းစေကာ လူ့ကျန်းမာရေးအတွက်လည်း အန္တရာယ်များဖန်တီးပေးပြီး ရာသီဥတုမတည်မငြိမ်ဖြစ်ပါစေတယ်လို့ (UNEP) အမှုဆောင်ဒါရိုက်တာ အင်ဂါဆင် (Inger Andersen) ကပြောကြားခဲ့ပါတယ်။

       အစီရင်ခံစာပါ လမ်းပြမြေပုံဟာ  ပလတ်စတစ်အရေးကိစ္စတွေကို သံသရာလည်တဲ့လုပ်နည်းအတိုင်း ကျင့်သုံးကြခြင်းကနေ အကြီးအကျယ်လျှော့ချပေးပြီး ဂေဟစနစ်များထဲ  ပလတ်စတစ်ရောက်မလာအောင်လုပ်ပေးပါတယ်။ လူသားတို့ရဲ့ခန္ဓာကိုယ်ထဲရောက်မလာအောင်လုပ်ပေးတယ်။ နိုင်ငံစီးပွားရေးမှာလည်းကင်းဝေးစေတယ်ဆိုတယ်။

         ကမ္ဘာတစ်လွှား  ပလတ်စတစ်ကို ထုပ်ပိုးပစ္စည်းလိုသုံးတဲ့  ပလတ်စတစ်အမှိုက်များဟာ ၂၀၁၉ ခုနှစ်မှာ မက်ထရစ်တန်ချိန် ၂၃၈ သန်းခန့်ရှိပါတယ်။ ထက်ဝက်ခန့်ဟာ ပတ်ဝန်းကျင်မှာ လက်လွတ်စပယ်လွှင့်ပစ်ကြပါတယ်။ လောလောဆယ်မှာ  ပလတ်စတစ်ညစ်ညမ်းမှုတားဆီးရေးဟာ အရေးနိမ့်နေပါတယ်။ တစ်နှစ်ထက်တစ်နှစ်ပိုသုံးလာပါတယ်။

          တားဆီးဖို့အပြောင်းအလဲတွေ သိသိသာသာမဖြစ်ပေါ်ခဲ့ရင် ၂၀၄၀ ခုနှစ်မှာ တစ်နှစ်တာပမာဏ ၄၀၈ တန်ကိုရောက်လာမယ်လို့ (UNEP) က ခန့်မှန်းထားပါတယ်။ ဖြေရှင်းပုံနဲ့မူပြောင်းစနစ်ပြောင်းပြီး လုပ်ကိုင်ကြရင်နှစ်စဉ် ၄၁ တန်သာရှိတဲ့အထိ လျှော့ချလာနိုင်မှာဖြစ်တယ်။

          ပလတ်စတစ်ကို အကြိမ်ကြိမ်အဖန်ဖန်ပြန်သုံးခြင်းဟာ အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်။ ပလတ်စတစ်ညစ်ညမ်းမှုကို ၃၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ တစ်ခါတည်းသာ ထည့်သုံးရုံနဲ့ ထုပ်ပိုးပစ္စည်းအစား အကြိမ်ကြိမ်အဖန်ဖန်ပြန်ထည့်သုံးနိုင်တဲ့ထုပ်ပိုးပစ္စည်းများပြောင်းလဲသုံးစွဲလာကြမှာပဲဖြစ်ပါတယ်။ ကုန်ကြမ်းအဖြစ်တစ်ဖန်ပြန်သုံးစွဲခြင်းကို ထိထိရောက်ရောက်လုပ်နိုင်ရင်ပလတ်စတစ်ညစ်ညမ်းမှုကို ၂၀ ရာခိုင်နှုန်းအထိလျှော့ချနိုင်မှာဖြစ်ပါတယ်။ ပလတ်စတစ်အစား အခြားအရာ၊ ‌ဆွေးမြေ့ပျက်စီးလွယ်ပစ္စည်းများနဲ့ အစားထိုးသုံးစွဲခြင်းဟာ ပလပ်စတစ်ညစ်ညမ်းမှုကို ၁၇ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

         လူသားတွေဟာ သက်ရှိတွေထဲမှာ အဖွံ့ဖြိုးဆိုး၊ ဉာဏ်ရည်အမြင့်ဆုံးဖြစ်ကြပြီး တီထွင်ဖန်တီးနိုင်စွမ်းလည်းအမြင့်ဆုံးဖြစ်ပါတယ်။ တီထွင်ဖန်တီးခဲ့သမျှကောင်းကျိုးအတွက်ဖန်တီးခဲ့ပေမဲ့ မရည်ရွယ်ဘဲ ဆိုးကျိုးဖြစ်သွားရတဲ့အရာတွေရှိသလိုရည်ရွယ်ချက်ရှိရှိနဲ့ဆိုးကျိုးများအောင်တီထွင်ခဲ့တာတွေလည်းတွေ့ရပါတယ်။မရည်ရွယ်ဘဲ ဆိုးကျိုးခံစားရပြီး လူသားတို့ကမ္ဘာမြေကြီးကို အဆိပ်ခတ်သလိုဖြစ်စေတဲ့တာကတော့ လူသားတို့ဖန်တီးခဲ့တဲ့  ပလတ်စတစ်ပဲဖြစ်ပါတယ်။  ပလတ်စတစ်ကိုပေါ့ပါးပြီးခိုင်ခန့်တဲ့အတွက်တစ်ခါသုံးကစလို့ နေ့စဉ်သုံးပစ္စည်းအထိ နည်းလမ်းမျိုးစုံနဲ့ဖန်တီးအသုံးပြုခဲ့ကြပါတယ်။ ဒါ့ပြင်  ပလတ်စတစ်ဟာဈေးနှုန်းချိုသာသလိုပြုပြင်ရလည်း လွယ်ကူတဲ့အတွက်အချိန်တိုအတွင်းမှာပဲ ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့အသုံးပြုနေခဲ့ကြပါတယ်။  စတင်အသုံးပြုချိန်ကတော့  ပလတ်စတစ်ရဲ့ဆိုးကျိုးမသိခဲ့ကြဘူး။ အချိန်ကြာတာနဲ့အမျှ  ပလတ်စတစ်ရဲ့ဆိုးကျိုးတွေတစ်စထက်တစ်စသိသိသာသာခံစားလာရပါတယ်။

          ပလတ်စတစ်ဟာမြေအောက်မှာပဲဖြစ်ဖြစ်ရေထဲမှာပဲဖြစ်ဖြစ်သွေးမြေ့ပျက်စီးဖို့နှစ်ပေါင်းတစ်ရာကျော်ပါတယ်။ပျက်စီး ဆွေးမြေ့သွားရင်အောင်မြေကြီးပေါ်မှာဆိုရင်မြေဆီလွှာရဲ့မြေဩဇာထိခိုက်စေပါတယ်။ရေထဲမှာဆိုရင်ပျက်စီးပြီးသားပလပ်စတစ်ရဲ့အမှုန်အမွှားတွေကရေနေသတ္တဝါတွေကိုထိခိုက်စေပါတယ်။ကမ္ဘာရေနေသတ္တဝါအတော်များများဟာပလတ်စတစ်ရဲ့ဆိုးကျိုးကြောင့်မျိုးသုဉ်းမှုအန္တရာယ်ခံစားနေရပါတယ်။ပလပ်စတစ်ကိုမီးရှို့ဖျက်ဆီးလည်းပလပ်စတစ်ကထွက်တဲ့ဓာတ်ငွေ့တစ်မျိုးဟာကင်ဆာဖြစ်နိုင်ခြေများတယ်လို့ပညာရှင်ကဆိုတယ်။

          လူသားတို့ဟာ  ပလတ်စတစ်ကို ပုံစံမျိုးစုံနဲ့သုံကြပြီး စနစ်တကျလည်းစွန့်ပစ်မှုမရှိတဲ့အခါ သဘာဝတရားကြီးရဲ့ဂေဟစနစ်ကိုပျက်စီးစေပါတော့တယ်။ သည့်အတွက်ကမ္ဘာနိုင်ငံများမှာ  ပလတ်စတစ်အသုံးပြုမှုတွေပိတ်ပင်တာ၊  ပလတ်စတစ်အသုံးပြုရင် အခွန်ဆောင်ရတာစသဖြင့်ရရာနည်းလမ်းနဲ့  ပလတ်စတစ်အသုံးပြုမှုကိုလျှော့ချနေကြပါတယ်။ တရုတ်နိုင်ငံက  ပလတ်စတစ်စားဗိုင်းရပ်များအထိ တီတွင်ဖန်တီးပေးပေမဲ့ ကမ္ဘာတစ်ဝန်းက ပလတ်စတစ်အတွက်နည်းပါးနေတယ်။

          လူသားတို့အတွက်ဆိုးကျိုးများတဲ့  ပလတ်စတစ်ကို အသုံးမပြုဖို့၊ မသုံးလို့မဖြစ်ရင် လျှော့သုံးဖို့၊ ပြန်လည်သုံးစွဲဖို့၊ စနစ်တကျစွန့်ပစ်ဖို့၊ ပြန်လည်အသုံးပြု (Recycle) ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း သရီးအာ (3R) စနစ်နဲ့ပြန်သုံးစွဲခြင်း (Reuse)  ပလတ်စတစ်အသုံးပြုမှုလျှော့ချခြင်း (Reduce) စွန့်ပစ်ပစ္စည်းများကုန်ကြမ်းအဖြစ်ပြန်လည်ပြုပြင်ထုက်လုပ်ခြင်း (Recycle) စသဖြင့် ရေရှည်အစီအစဉ်များနဲ့ ပလတ်စတစ်အမှိုက်ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းနေပါတယ်။

Most Read

Most Recent