မြန်မာ့အရေးကို ငြိမ်းချမ်းတဲ့သံတမန်နည်းနဲ့ ကိုင်တွယ်သွားမယ့် အာဆီယံဥက္ကဋ္ဌသစ်ရဲ့ဗျူဟာ အောင်မြင်နိုင်မလား

မြန်မာ့အရေးကို ငြိမ်းချမ်းတဲ့သံတမန်နည်းနဲ့ ကိုင်တွယ်သွားမယ့် အာဆီယံဥက္ကဋ္ဌသစ်ရဲ့ဗျူဟာ အောင်မြင်နိုင်မလား
ဇန်နဝါရီ ၂၈ ရက်က ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ်
ဇန်နဝါရီ ၂၈ ရက်က ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသူများကို တွေ့ရစဉ်
Published 11 February 2024

အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တစ်နှစ်စီထမ်းဆောင်ရသည့် အာဆီယံ၏မူကြောင့် လာအိုနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့် ဥက္ကဋ္ဌ ဖြစ်လာသည်။ 

၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ဘရူနိုင်းနိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း အသီးသီးတာဝန်ယူဆောင်ရွက်ခဲ့သည်။ 

ထိုသို့ တာဝန်ယူဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့လက်ထက်တွင် မြန်မာ့အရေးကိစ္စနှင့်ပတ်သက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ 

ထို့ကြောင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား လက်ထက်တို့တွင် အောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့် မြန်မာ့အရေးကိစ္စသည် လာအိုနိုင်ငံအပေါ် ကျရောက်လို့ လာခဲ့သည်။ 

၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအာဆီယံဥက္ကဋ္ဌဖြစ်လာသော လာအိုနိုင်ငံသည် ကာလရှည်ဖြစ်ပွားနေသော မြန်မာပြဿနာကို ကိုုင်တွယ်ဖြေရှင်းနိုင်ခြင်းရှိမရှိ အားလုံး၏စောင့်ကြည့်ခြင်းကို ခံနေရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က လာအိုနိုင်ငံတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့သည်။ 

ထူးခြားမှုအဖြစ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး တက်ရောက်ခဲ့သည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက် အောက်တိုဘာလတွင် အာဆီယံအဖွဲ့က နစကခေါင်းဆောင်များကို အာဆီယံထိပ်သီးညီလာခံများနှင့် အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးများသို့ တက်ရောက်ခြင်းနှင့်ပတ်သက်၍ ပိတ်ပင်ခဲ့ပြီး ထိုအစား နိုင်ငံရေးနှင့် မသက်ဆိုင်သော ကိုယ်စားလှယ်စေလွှတ်ရန် ဖိတ်ကြားခဲ့သည်။ 

ထိုသို့ အာဆီယံက ပိတ်ပင်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ဘရူနိုင်းနိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း ကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံများနှင့် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးများသို့ နစကဘက်က မည်သည့်ကိုယ်စားလှယ်ကိုမျှ စေလွှတ်ခဲ့ခြင်း မရှိခဲ့ပေ။ 

၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် လာအိုနိုင်ငံက ကျင်းပသည့် ပထမဆုံး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှသာ  မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦး တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ 

အာဆီယံအစည်းအဝေးတက်ရောက်ရန် လက်ရှိအချိန်အထိ နစကဘက်က ငြင်းဆန်ထားသည်ဆိုသော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ ဒေါ်မာလာသန်းထိုက်သည် လာအိုနိုင်ငံ လူဝမ်ဘရာဘန်တွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

သို့သော် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာသော ဒေါ်မာလာသန်းထိုက်အနေဖြင့် အာဆီယံအစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခြင်းနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခြင်းမရှိပေ။

''အာဆီယံအထူးကိုယ်စားလှယ်သစ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်''

၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ်ဖြစ်လာသည့် လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် Mr. Alounkeo Kittikhoun ကို ဇန်နဝါရီ ၁ ရက်တွင် ခန့်အပ်တာဝန်ပေးခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်လာသူ Mr. Alounkeo Kittikhoun သည် လာအိုနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၎င်းအား အာဆီယံအထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးပြီး ရက်ပိုင်းအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို စတင်ခဲ့သည်။ 

Mr. Alounkeo Kittikhoun အနေဖြင့် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နစကဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့သည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီမှတ်ပုံတင်ကျပြီးသားဖြစ်သော နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်လည်း နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် တွေ့ဆုံခဲ့သည်။ 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun တို့ ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရမှု၊ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးအရ ဖြေရှင်းမှုမပြုဘဲ လက်နက်ကိုင်အကြမ်းဖက်မှုများ လုပ်ဆောင်လာမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိစေရေး တပ်မတော်အနေဖြင့် အခိုင်အမာရပ်တည်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် ငါးရပ်ချမှတ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံရေးမျှော်မှန်းချက်နှင့် အမျိုးသားရေးမျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘော တူညီချက်ငါးရပ်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ဆောင်ရွက်လျက်ရှိသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ချိန်ညှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့အတူ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun တို့ ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ PARK ROYAL ဟိုတယ် နီလာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့်အညီ အာဆီယံတူညီဆန္ဒ ငါးချက် အကောင်အထည်ဖော်ဆောင်ရာတွင် တိုးတက်မှုများရရှိရန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တို့နှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် လက်ရှိပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun တို့ ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုအခြေအနေများ၊ အာဆီယံတူညီဆန္ဒ ငါးရပ်အပေါ် ဆောင်ရွက်ချက်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ သံအမတ်ကြီး (ငြိမ်း) ဦးစံလွင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့နှင့်လည်း ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ 

တွေ့ဆုံဆွေးနွေးပွဲတွင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး အာဆီယံတူညီဆန္ဒ ငါးရပ်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ကိုယ်စား KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးက နှုတ်ခွန်းဆက်စကားပြောကြားပြီး တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တစ်ဦးချင်းမိတ်ဆက်စကားများပြောကြားကာ တစ်ဖွဲ့ချင်းစီ၏ သဘောထားအမြင်များကို ဆွေးနွေးပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများဖြစ်ကြသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ထို့အတူ ဇန်နဝါရီ ၁၂ ရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီ မှတ်ပုံကျပြီးသားဖြစ်သော နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မကြာမီတွင် လာအိုနိုင်ငံ၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ 

ထူးခြားမှုအဖြစ် လာအိုနိုင်ငံ၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဒေါ်မာလာသန်းထိုက်က တက်ရောက်ခဲ့သဖြင့် မြန်မာ့အရေးစောင့်ကြည့်နေသူများအကြား စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ 



''မြန်မာကိုယ်တိုင်ဦးဆောင်သော ဖြေရှင်းမှုကို ထောက်ခံမည်'' 

မြန်မာ့အရေးအတွက် မြန်မာကိုယ်တိုင်ဦးဆောင်သော ဖြေရှင်းမှုကို ထောက်ခံသည်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အစည်းအဝေးအပြီးတွင် ထုတ်ပြန်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံ၏ သွေးထွက်သံယိုများပြားနေသော ပဋိပက္ခအဆုံးသတ်စေရေးအတွက် ဇန်နဝါရီ ၂၉ ရက်တွင် တောင်းဆိုလိုက်ပြီး ဒေသတွင်း ငြိမ်းချမ်ရေးအစီအမံကိုလည်းကောင်း၊ အကျပ်အတည်းကို မြန်မာကိုယ်တိုင် ဦးဆောင်ဖြေရှင်းမှုကိုလည်းကောင်း ၎င်းတို့က တညီတညွတ်တည်းထောက်ခံကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် မြန်မာ့အရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ လာအိုနိုင်ငံမှ အထူးသံတမန်အသစ်၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်းနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဖော်ပြခဲ့ပြီး အထူးသံတမန်က မြန်မာပြည်သူများကို ကူညီရန် ၎င်း၏စိတ်ပိုင်းဖြတ်ထားမှုကို ယုံကြည်ကြောင်း ဆိုသည်။

“မြန်မာနိုင်ငံဟာ အာဆီယံရဲ့အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ရှိနေတာကြောင့် ဖြစ်ပွားနေတဲ့ အကျပ်အတည်းအတွက် ငြိမ်းချမ်းကျယ်ပြန့်ပြီး တာရှည်ခံတဲ့ အဖြေတစ်ရပ်ကို ရှာဖွေရာမှာ အာဆီယံက မြန်မာနိုင်ငံကို အကူအညီပေးသွားမယ်ဆိုတာကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အာဆီယံ စည်းလုံးညီညွတ်ရေးကို ကျွန်တော်တို့ ထပ်လောင်းအတည်ပြုပါတယ်။ အားထုတ်ကြိုးပမ်းမှု မှန်သမျှဟာ ငြိမ်းချမ်းရေးအစီအမံနဲ့အညီ အာဆီယံဥက္ကဋ္ဌနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်ဆိုတာကို ကျွန်တော်တို့ ထပ်လောင်းပြောကြားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားပြီး လူသားချင်းစာနာမှု အကူအညီများပေးနိုင်ရေးအတွက် အကြမ်းဖက်မှုရပ်ရန်နှင့် သည်းခံကြရန် တိုက်တွန်းထားသည်။

ထို့ပြင် ထိုင်းနှင့် မြန်မာနယ်စပ်ဒေသတွင် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမည့် စင်တာတည်ထောင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူခဲ့သည်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ထိုင်းနိုင်ငံက အဆိုပြုခဲ့သည့် ထိုင်းနှင့် မြန်မာနိုင်ငံအကြား လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးတည်ထောင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီခဲ့ကြောင်း ပြောကြားသည်။ 

လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးစင်တာ တည်ဆောက်ရန် သင့်တော်သောနေရာ ရှာဖွေသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် မြန်မာပြည်သူများကို အကူအညီပေးနိုင်ရန် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးလုပ်ငန်းများအပေါ် စောင့်ကြည့်မည့် (AHA Centre) တစ်ခုတည်ထောင်ရန် သဘောတူညီခဲ့ကြောင်းကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ 

ထိုင်းနိုင်ငံက ဦးဆောင်သော လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အစီအစဉ်သည်  မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့များအကြား ဆွေးနွေးမှုများကို လမ်းပွင့်စေရန် ရည်ရွယ်သည်ဟု ထိုင်းဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖူအန်ခက်ကောက ပြောကြားသည်။

ထိုင်းနိုင်ငံသည် တိုက်ပွဲရှောင် ပြည်သူ ၂၀,၀၀၀ နှင့် ဒေသခံပြည်သူများကို အစားအစာနှင့် ဆေးဝါးများပေးပို့ရန် ဖေဖော်ဝါရီလကုန်ပိုင်းတွင် မဲဆောက်-မြဝတီနယ်စပ် ဂိတ်အနီးရှိ ထိုင်း-မြန်မာနယ်စပ်၌ လူသားချင်းစာနာမှုဆိုင်ရာ ဘေးကင်းရေးဇုန်ထူထောင်ရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

ယင်းအစီအစဉ်သည် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ PDF များအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ရန် မအောင်မမြင်ဖြစ်နေသော အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို  တိုးတက်မှုရရှိစေလိမ့်မည်ဟု ၎င်းကပြောကြားသည်။

နောက်ဆုံးရည်ရွယ်ချက်မှာ ပဋိပက္ခကိုထိန်းချုပ်နိုင်စေရန်နှင့် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းများ ပွင့်လာစေရန် ဖြစ်သည်ဟုဆိုသည်။

“မြန်မာနိုင်ငံ နောက်ထပ်မတည်မငြိမ် ဖြစ်နေတာကို ကျွန်တော်တို့ မမြင်ချင်တော့ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ ယခု ဆောင်ရွက်မည့် လုပ်ငန်းစဉ်သည် ထိရောက်မည်ဖြစ်ပြီး ယုံကြည်စိတ်ချရသည့်အပြင် ပွင့်လင်းမြင်သာမှုရှိမည်ဟု ၎င်းကဖြည့်စွက်ပြောဆိုသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးတို့က လွန်ခဲ့သောသီတင်းပတ်က အတည်ပြုပေးခဲ့သော အစီအစဉ်ကြောင့် အာဆီယံ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ထိုင်းနှင့်မြန်မာ ကြက်ခြေနီအဖွဲ့များအနေဖြင့် ထောက်ပံ့ရေးပစ္စည်းများကို မြေပြင်တွင် ပေးအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ဖြစ်ပွားလာသော ပဋိပက္ခများကြောင့် အနည်းဆုံး ပြည်သူ ၂ ဒသမ ၆ သန်းသည် တိုက်ပွဲရှောင်နေရပြီး ပြည်သူ ၁၈ သန်းကျော်သည် အကူအညီများ လိုအပ်လျက်ရှိသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

''မြန်မာ့ငြိမ်းချမ်းရေးအတွက် သိမ်မွေ့တဲ့ သံတမန်နည်းနဲ့ သွားမယ်'' 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးကို ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပခဲ့သည်။

ယင်းအထူးအစည်းအဝေးသို့ အာဆီယံဒေသတွင်း ခေါင်းဆောင်များနည်းတူ နစကဥက္ကဋ္ဌလည်း တက်ရောက်ခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ပြုလုပ်သည့် မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ၏ အထူးအစည်းအဝေးမှ ဘုံသဘောတူညီချက် ငါးရပ်ကို ရရှိခဲ့သည်။ 

အဆိုပါအချက်ငါးချက်မှာ (၁) မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ (၂) သက်ဆိုင်သူများအကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြရန်၊ (၃) အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၏ အကူအညီကိုရယူပြီး အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးရေးလုပ်ငန်းစဉ်များကို ကြားဝင်ညှိနှိုင်းပေးရန်၊ (၄) အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနမှတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအညီများ ပေးရန်နှင့် (၅) အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အဖွဲ့က မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်းစုံနှင့်တွေ့ဆုံရန် စသည့်အချက်များဖြစ်သည်။ 

ယခုကဲ့သို့ ဘုံသဘောတူညီချက်ငါးချက်ကို ရရှိခဲ့သည်မှာ အချိန်ကာလအားဖြင့် သုံးနှစ်နီးပါးရှိလာသော်လည်း မည်သည့်အချက်ကိုမျှ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးသည့်အတွက် အာဆီယံ၏လုပ်ဆောင်မှုများအပေါ် ဝေဖန်မှုများမြင့်တက်ခဲ့သည်။ 

ထိုသို့သောအခြေအနေတွင် သိမ်မွေ့သော သံတမန်ရေးမှတစ်ဆင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံ၏ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အလောင်ကွန်းခစ်တီခွန်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၅ ရက်က ကျင်းပခဲ့သည့် လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံကိုယ်စား မိန့်ခွန်းပြောကြားရာ၌ ခစ်တီခွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီလထဲတွင် အာဆီယံက ချမှတ်ခဲ့သော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘုံသဘောတူညီချက်ငါးရပ်ကို အထောက်အကူဖြစ်စေရန် လာအိုက ဆောင်ရွက်မည့်အဆင့်များကို ဖေဖော်ဝါရီ ၅ ရက် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ခစ်တီခွန်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂအစည်းအဝေးတွင် အာဆီယံအထူးကိုယ်စားလှယ်က သိမ်မွေ့သော သံတမန်ရေးမှတစ်ဆင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံ၏ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်သွားမည်ဟု ပြောကြားမှုအပေါ် အလုပ်မဖြစ်နိုင်ကြောင်း မြန်မာ့အရေးလေ့လာသူများက ထောက်ပြကြသည်။ 

အဘယ်ကြောင့်ဆိုသော် ၂၀၂၁ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ဘရူနိုင်းနိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း ဘုုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအနည်းငယ်သာရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ 

မြန်မာအကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏သံတမန်ရေး ကြိုပမ်းအားထုတ်မှုများသည် အကြိမ်ကြိမ် အတားအဆီးများနှင့်ကြုံတွေ့ခဲ့ရသဖြင့် ဘုံ သဘောတူညီချက်ငါးရပ်ကို အောင်အောင်မြင်မြင် အကောင်အထည်မဖော်နိုင်ခြင်းဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသူများက သုံးသပ်ကြသည်။ 

ထို့ကြောင့် ၂၀၂၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် လာအိုနိုင်ငံလက်ထက်တွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံဘုံ သဘောတူညီချက်ငါးရပ်ကို မည်မျှအောင်မြင်အောင် အကောင်အထည်ဖော်မည်ကို မြန်မာ့အရေးလေ့လာသူများက ဆက်လက်စောင့်ကြည့်လျက်ရှိကြသည်။ 

 

Most Read

Most Recent