ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် မြန်မာနှင့် ထိုင်းနိုင်ငံသားများစီးနင်းလာသည့် ပစ်ကပ်ကားတစ်စီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး လေးဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် မြန်မာနှင့် ထိုင်းနိုင်ငံသားများစီးနင်းလာသည့် ပစ်ကပ်ကားတစ်စီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး လေးဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိ
Published 2 February 2024

ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် ဇန်နဝါရီ ၃၁ ရက် ညနေက မြန်မာလုပ်သားများနှင့်နှင့် ထိုင်းနိုင်ငံသား အလုပ်သမားများ စီနင်းလာသည့် ပစ်ကပ်ကားတစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပြီး လေးဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသောသတင်းများအရ သိရသည်။

ထိုင်းတောင်ပိုင်း၊ ပရာကျွတ်ခီရီခန်ခရိုင် ဟွေးစပ်ယိုင်ရပ်၊ ဟွာဟင်မြို့နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ပြန်လာသော အဆိုပါပစ်ကပ်ကားပေါ်တွင် မြန်မာလုပ်သားနှင့် ထိုင်းလုပ်သားစုစုပေါင်း ၁၅ ဦး စီးနင်းလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်သမားရေးဆောင်ရွက်နေသူ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ထိုင်းတောင်ပိုင်း၊ ပရာကျွတ်ခီရီခမ်ပြည်နယ်၊ ဟွာဟင်း ပင်လယ်ကမ်းခြေမှာ  ဖြစ်တာပါ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ပြန်လာတာ မြန်မာနဲ့ ထိုင်းအလုပ်သမား ၁၅ ဦး စီးနင်းလာတာ၊ ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် လုပ်သားလေးဦး သေဆုံးတယ်၊ ၁၁ ဦး ဒဏ်ရာရတယ်။ နှစ်ဦး နှစ်စမှာပဲ တစ်လအတွင်း မော်တော်ယာဉ် မတော်တဆမှု လေးမှုဖြစ်တယ်။ မြန်မာနိုင်ငံသား ခြောက်ဦး သေဆုံးခဲ့ပြီးတော့ ၄၇ ဦး ဒဏ်ရာရခဲ့တယ်။ ယာဉ်မတော်တဆမှု ဖြစ်စဉ်လေးခုမှာ တစ်ခုကတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေဖြစ်ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကျန်တဲ့သုံးမှုကတော့ ထိုင်းနိုင်ငံ ဧရိယာထဲမှာ လုပ်ငန်းခွင်အသွားအပြန်မှာဖြစ်တာ။ အဲတော နှစ်တစ်နှစ်ရဲ့အစ ပထမလမှာတင် ယာဉ်မတော်တဆမှုကြောင့်  ခြောက်ဦးသေဆုံးပြီး ၄၇ ဦး ဒဏ်ရာရတယ်ဆိုတာ များလွန်းပါတယ်။ သေဆုံးသွားတဲ့ မြန်မာလုပ်သားတွေ၊ ဒဏ်ရာရသူတွေအတွက် ထိုင်းဥပဒေပါ ခံစားခွင့်တွေရှိပါတယ်။ သူတို့ဟာ မြန်မာလုပ်သားတွေဖြစ်ကြတဲ့အတွက် လိုအပ်တဲ့စာရွက်စာတမ်း အထောက်အထားတွေနဲ့ ထိုင်းလူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်း HRDF ကိုဖြစ်စေ ထိုင်းနိုင်ငံအလုပ်သမားသံအရာရှိရုံးကို ဖြစ်စေ လမ်းကြောင်းနှစ်ခုနဲ့ ဆက်သွယ်ပြီးတော့ သူတို့ရဲ့ နစ်နာကြေးတွေ လျော်ကြေးတွေ တောင်းခံပိုင်ခွင့်ရှိပါတယ်” ဟု ဆိုသည်။

လောလောဆယ် သေဆုံးသွားသည့် မြန်မာအလုပ်သမားများအတွက် သင်္ဂြိုဟ်စရိတ် ဘတ် ၂၀၀၀၀ အနည်းဆုံးတောင်းခံရမည်ပြီး ၎င်းတို့၏ စာရွက်စာတမ်းခိုင်မာမှုနှင့် ကျန်ရစ်သူမိသားစုဝင်များက အထောက် အထားခိုင်ခိုင်လုံလုံနှင့်  HRDF ကို ဆက်သွယ်ပြီး အသက်ဖိုးလျော်ကြေး ဆက်လက်တောင်းခံရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ဥပဒေပါဖော်ပြချက်များအရ အသက်ဖိုးလျော်ကြေး ဘတ် ငါးသိန်းကနေ ဘတ် ၁၅ သိန်းထိ သေဆုံးမှု အနေအထားအလိုက်ရ ပိုင်ခွင့်ရှိကြောင်း  JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

Most Read

Most Recent