ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်မည့် ကျပ် ၇ ဒသမ ၅၂ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်တိုင်း၌ သိုလှောင်ထားစဉ် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်မည့် ကျပ် ၇ ဒသမ ၅၂ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်တိုင်း၌ သိုလှောင်ထားစဉ် ဖမ်းဆီးရမိ
Published 2 February 2024

ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်မည့် ကျပ် ၇ ဒသမ ၅၂ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်တိုင်း၌ သိုလှောင်ထားစဉ် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်တွင် တင့်ဇော် မောင်းနှင်ပြီး မိုးနိုင်စိုး(ခ)ရွှေသီးနှင့် မနဝရတ်ထွန်းတို့လိုက်ပါလာသည့် FORD EVEREST မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၃၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိသူ တင့်ဇော်နှင့် နဝရတ်ထွန်းတို့နေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြားအားလည်းကောင်း၊ တင့်ဇော် ငှားရမ်းထားသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ သခင်အုန်းဖေကြီးလမ်းရှိ ခြံဝင်းအတွင်းရှိ TOYOTA ALPHARD ယာဉ်နှင့် Container Box အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂ သိန်း၊ ကက်တမင်း ၅၀ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၀ ကီလိုအားလည်းကောင်း၊ ထပ်မံဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိမှု၏ စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ ကျပ် ၇ ဒသမ ၅၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂၀၄ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၈ ဒသမ ၀၁၅ ကီလိုနှင့် ကက်တမင်း ၅၀ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်ဇေယျာညွန့်(ခ)ကျော်ဇေယျ(ခ)ကြောင်ပူအား တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ အနောက်မြို့ရှောင်လမ်းရှိ ဟိုတယ်တွင် ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်၍ ခေတ္တသိုလှောင်ထားရှိကာ ၎င်းမှတစ်ဆင့် ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent