ပါကစ္စတန်လူထု လိုလားနေဆဲ နိုင်ငံရေးခေါင်းဆောင် သို့မဟုတ် အီမရန်ခန်း

ပါကစ္စတန်လူထု လိုလားနေဆဲ နိုင်ငံရေးခေါင်းဆောင် သို့မဟုတ် အီမရန်ခန်း
Photo: Reuters
Photo: Reuters
Published 30 January 2024
TRANSLATED - ဖြိုးဟိန်းကျော်

ပါကစ္စတန်၏ နာမည်ကျော် ခရစ်ကက်ကစားသမားဟောင်းအဖြစ်မှ ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည့် အီမရန်ခန်းသည် ၎င်း၏မဲဆန္ဒနယ်နှင့် မွေးရပ်မြေဖြစ်သည့် မီယန်ဝါလီတွင် အလွန်လူကြိုက်များသော်လည်း လမ်းတစ်လျှောက်တွင် စိုက်ထူထားသော နိုင်ငံရေးပိုစတာများတွင် ခန်း၏ရုပ်ပုံ မပါသကဲ့သို့ လွှင့်ထူထားသော အလံများတွင်လည်း ၎င်းကိုကိုယ်စားပြုသည့် အမှတ်တံဆိပ်ပါဝင်ခြင်းမရှိပေ။

ပါကစ္စတန်၏ သြဇာကြီးစစ်တပ်ကြောင့်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆခံရသည့် ပြင်းပြင်းထန်ထန် ဖိနှိပ်မှုများကြောင့် အီမရန်ခန်းနှင့် ၎င်း၏ Pakistan Tehreek-e-Insaf(PTI) ပါတီသည် လာမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးမှုများမှ ဖယ်ထုတ်ခံရလုနီးနီး ဖြစ်နေသည်။

လူဦးရေ သန်း ၂၄၀ ရှိသည့် ပါကစ္စတန်တွင် ဖေဖော်ဝါရီ ၈ ရက်၌  ပြည်သူများက ဆန္ဒမဲပေးမည်ဖြစ်ကာ ရွေးကောက်ပွဲမသမာမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များကြောင့် ရွေးကောက်ပွဲကျင်းပရန် နှောင့်နှေး ကြန့်ကြာခဲ့ရပြီး လူကြိုက်များသည့်အတိုက်အခံခေါင်းဆောင် အီမရန်ခန်းသည်လည်း ထောင်ဒဏ်ချမှတ်ခံထားရကာ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရသည်။

“ကျွန်တော်တို့ရဲ့ ပါတီဝင်တွေဟာ နှောင့်ယှက်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရတယ်” ဟု မီယန်ဝါလီခရိုင်တွင် PTI ပါတီခေါင်းဆောင် ကိုယ်စားဝင်ရောက်ယှဉ်ပြိုင်မည့် ၆၁ နှစ် အရွယ် ဂျမားအာဆန်ခန်းက ဆိုသည်။

“ကျွန်တော့်တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ပြင်းထန်ပြီး အန္တရာယ်များတဲ့ ရွေးကောက်ပွဲမျိုး မကြုံဖူးသေးဘူး” ဟု ၎င်းက ထပ်မံပြောကြားသည်။

လက်ရှိတွင် ခန်းသည် အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ကျခံနေရပြီး အမှုအခင်းများစွာနှင့် ရင်ဆိုင်နေရကာ ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံထားရသည်။ အဆိုပါအမှု အခင်းများသည် ၎င်းအပေါ် နိုင်ငံရေးအ ကြောင်းရင်းဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ခန်းက ပြန်လည်ချေပခဲ့သည်။

ပါကစ္စတန်၏ အထင်ကရပါတီကြီးတစ်ခုဖြစ်သော PTI သည် နိုင်ငံတစ်ဝန်း မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခြင်းမှ တားဆီးခံထားရပြီး အလွန်တင်းကျပ်စွာဖြင့် ဆင်ဆာထိန်းချုပ်ထားသည့် မီဒီယာများတွင်လည်း အတိုက်အခံများအကြောင်း ဖော်ပြခွင့်ကို ကန့်သတ်ထားသဖြင့် PTI သည် ပါတီ၏ မဲ ဆွယ်ရေးလုပ်ငန်းစဉ်များကို အွန်လိုင်းပေါ်မှသာ အဓိကလုပ်ဆောင်နေရသည်။

ထို့ပြင် နိုင်ငံတစ်ဝန်းရှိ ပါတီဝင်အများအပြား၏ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများကိုလည်း ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့သည်။

ပါတီသစ္စာခံတစ်ဦးဖြစ်သည့် အာဆန်ခန်းသည်လည်း အခြားပါတီကိုယ်စားလှယ်လောင်း အများအပြားကဲ့သို့ပင် ရွေးကောက်ပွဲနီးကပ်လာချိန်၌ သိုသိုသိပ်သိပ်နေထိုင်ရလျက်ရှိကာ ပါတီအစည်းအဝေးပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်နိုင်ခြင်းမရှိပေ။

“ပါကစ္စတန်ရဲ့ ထိပ်တန်းနိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ မဲဆွယ်စည်းရုံးမှုတွေကို အဓိပ္ပာယ်ရှိရှိ လုပ်ခွင့်မရတဲ့အတွက် စိတ်ပျက်အားငယ်မိတယ်”ဟု အာဆန်ခန်းက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရွေးကောက်ပွဲကျင်းပရန် သီတင်းနှစ်ပတ်သာ လိုတော့သည့်တိုင် ပါကစ္စတန်တွင် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကဲ့သို့ စိတ်အားထက်သန်စရာနှင့် စိတ်လှုပ်ရှားစရာ အခြေအနေများကို မတွေ့ရှိရပေ။

မွေးရပ်မြေ၏ သူရဲကောင်းတစ်ဦး

နိုင်ငံအလယ်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ ကျေးလက်ဆန်သော ခရိုင်တစ်ခုဖြစ်သည့် မီယန်ဝါလီတွင် နိုင်ငံရေးသမားဘဝစတင်ခဲ့သည့် အီမရန်ခန်းသည် လွှတ်တော်အမတ်အဖြစ် သုံးကြိမ်ရွေးကောက်ခံခဲ့ရသည်။

တိုင်းပြည်ကို ကာလကြာမြင့်စွာ အုပ်ချုပ်ခဲ့သည့် ဆွေစဉ်မျိုးဆက် အုပ်စိုးမှုစနစ်နှင့် အကျင့်ပျက်ခြစားမှု ပပျောက်အောင် လုပ်ဆောင်မည်ဟူသော ကတိဖြင့် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် PTI ပါတီက နိုင်ငံတစ်ဝန်း အောင်ပွဲဆင်နိုင်ခဲ့ပြီးခန်းသည်လည်း ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

ထင်ထင်ရှားရှားအနေဖြင့် ဆေးရုံတစ်ရုံနှင့် တက္ကသိုလ်တစ်ခု တည်ဆောက်ခဲ့သည့် မီယန်ဝါလီတွင် အသက် ၇၁ နှစ်အရွယ်ခန်းသည် လေးစားခံနိုင်ငံရေးသမားတစ်ဦး ဖြစ်ရုံသာမက သူရဲကောင်းတစ်ဦးလည်း ဖြစ်သည်ဟု ဒေသတွင်း သတင်းစာတစ်စောင်ဖြစ်သည့် Nawa-e-Sharar(Daily Spark)မှ အယ်ဒီတာချုပ်ဖြစ်သူ ရာနာအမ်ဂျက် အစ်ဘယ်က ဆိုသည်။

သို့သော် ခန်းအနေဖြင့် နိုင်ငံရေးတွင် ကြာမြင့်စွာလွှမ်းမိုးထားသည့် အဓိကအကျဆုံးနှင့် အထင်ရှားဆုံး အကြောင်းရင်းမှာ သြဇာရှိရှေးရိုးဝါဒီများကို ဆန့်ကျင်သည့် သဘောထားကြောင့်ဖြစ်သည်ဟု ၎င်းက အလေးအနက် ပြောဆိုခဲ့သည်။

ခန်းသည် စစ်တပ်၏ကျောထောက် နောက်ခံပေးမှုဖြင့် အာဏာရလာခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆခံရသော်လည်း ၎င်းအာဏာဆုပ်ကိုင်ထားချိန်တွင် သြဇာကြီးသော စစ်ဗိုလ်ချုပ်များ၏ ထိန်းချုပ်မှုကို တန်ပြန်ရန် စတင်လုပ်ဆောင်လာခဲ့သည်။

နောက်ဆုံးတွင် သူသည်စစ်တပ်၏ လိုလားထောက်ခံမှုကို ဆုံးရှုံးခဲ့ကာ ၎င်း၏ပါတီမှ လွှတ်တော်အမတ် ဒါဇင်ပေါင်းများစွာ ဘက်ပြောင်းသွားပြီးနောက် ၂၀၂၂ ခုနှစ်က ပါလီမန်တွင် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုအတွင်း ဖြုတ်ချခံခဲ့ရသည်။

၂၀၂၃ ခုနှစ် မေလတွင် ခန်းဖမ်းဆီးခံရ ပြီးနောက် ၎င်းကိုထောက်ခံသူများက စစ်တပ်၏ အမှတ်သညာများကို ဆန့်ကျင်ကာလမ်းပေါ်ထွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် PTI ပါတီအပေါ် ဖိနှိပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့သည်။

ထို့ပြင် ထောင်နှင့်ချီသည့် ထောက်ခံသူများ ဖမ်းဆီးခံရပြီး လူ ၁၀၀ ခန့်သည် စစ်တရားရုံးများတွင် တရားစီရင်စစ်ဆေးခံရရန် စောင့်ဆိုင်းနေရကာ ၎င်းတို့အနက်မှ ထက်ဝက်ခန့်သည် မီယန်ဝါလီခရိုင်မှဖြစ်သည်။  ပါတီအကြီးတန်းခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရပြီး ဒါဇင်ပေါင်းများစွာသည်လည်း အခြေအနေအရ ဘက်ပြောင်းခဲ့ရသည်။

ခန်းသည် လူထုအကြား လူကြိုက်များနေဆဲဖြစ်သော်လည်း စစ်တပ်အဖို့ လက်မခံနိုင်စရာ ဖြစ်နေသည်ဟု အငြိမ်းစားကျောင်းဆရာ တစ်ဦးဖြစ်သူ အီဂျက်ဇ်ခန်းက ဆိုသည်။

ဘေးဖယ်ခံရ

ဇန်နဝါရီလအစောပိုင်းတွင် ဗဟိုတရားရုံးချုပ်က PTI ပါတီအား ခရစ်ကက်ဘက်တံပုံ အမှတ်တံဆိပ်အသုံးပြု၍ ရွေးကောက်ပွဲယှဉ်ပြိုင်ခြင်းကို တားမြစ်ခဲ့သည့်အတွက် ပါတီအတွက်ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

စာမတတ်မြောက်သူ သန်းနှင့်ချီရှိသည့် ပါကစ္စတန်တွင် မဲဆန္ဒရှင်များအဖို့ ၎င်းတို့ နှစ်သက်သည့် ပါတီနှင့် ကိုယ်စားလှယ်လောင်းကို ခွဲခြားရွေးချယ်နိုင်ရန်အတွက် အမှတ်တံဆိပ်များက အလွန်အရေးပါသည်။

ယင်းအစား ပုလင်းပုံကိုအသုံးပြုရန် ရွေး ကောက်ပွဲကော်မရှင်က အာဆန်ခန်းကို ညွှန်ကြားခဲ့သည်။ အရက်နှင့် နှီးနွှယ်နေခြင်းကြောင့် ကျေးလက်ဒေသများတွင် ၎င်းအမှတ် တံဆိပ်ကို အထင်အမြင်သေးစရာအဖြစ် ရှုမြင်ကြသည်။

မီယန်ဝါလီ မဲဆန္ဒနယ်တွင် အာဆန်ခန်း၏ပြိုင်ဘက်ဖြစ်သူ အိုဘက်အူလာခန်းကမူ ပြိုင်ဘက်နိုင်ငံရေးပါတီ ကြုံတွေ့ရသည့် ဒဏ်ခတ်မှုများကို ဂရုပြုစရာမလိုပေ။ “အခု မဟုတ်ရင် ဘယ်အချိန်မှာ တရားမျှတမှုကို ပြမှာလဲ”ဟု ဖိနှိပ်ခံရမှုများနှင့်ပတ်သက်၍ ၎င်းက ပြောကြားခဲ့သည်။

PTI ကိုယ်စားလှယ်လောင်းများကဲ့ သို့မဟုတ်ဘဲ ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ် ပါတီ(PML-N) ကိုယ်စားလှယ်လောင်း အူလာခန်းသည် ဒေသခံများနှင့် လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်ပြီး ဒေသခေါင်းဆောင်များကလည်း အနာဂတ်တွင် ရရှိနိုင်သည့် ကူညီထောက်ပ့့ံမှုများကို မျှော်ကိုးလျက် ၎င်းကို ဒေသတစ်ခုလုံးက ထောက်ခံအားပေးမည်ဟု ကတိပြုထားသည်။

PML-N သည် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက ထောင်ဒဏ်ချမှတ်ခံရပြီး နောက်ပိုင်းတွင် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း နဝပ်ဇ်ရှရစ်ဖ်၏ ပါတီဖြစ်သည်။

အီမရန်ခန်း နိမ့်ပါးနေချိန်တွင် ရှရစ်ဖ်သည် ပါကစ္စတန်ကို ပြန်ရောက်လာပြီး စစ်တပ်နှင့် ပူးပေါင်းကာ ပြန်လည်ဦးမော့လာသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ မပြုလုပ်နိုင်သော်လည်း ခန်းသည် မဲဆန္ဒရှင်များ၏ လိုလားနှစ်သက်မှုကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း မရှိပေ။

ပထမဆုံးအကြိမ်မဲပေးမည့် အသက် ၂၃ နှစ်အရွယ် ကွန်ပျူတာသိပ္ပံကျောင်းသားတစ်ဦးဖြစ်သည့် ဟန်ဇာလာ ဘင်ရှာကီးလ်က မည်သူ့ကိုရွေးချယ်မည်ဆိုသည်ကို မကွယ်မဝှက်တမ်း ဖွင့်ဟခဲ့သည်။

“အီမရန်ခန်းက တိုင်းပြည်အတွက် အမှန်တကယ်အလေးအနက်ထားတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပြီး တခြားသူတွေကတော့ သူတို့ကိုယ်ကျိုးစီးပွားကိုပဲ ဦးစားပေးတာမို့ ကျွန်တော် ခန်းကိုပဲမဲပေးမှာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။         

Ref: AFP