အမျိုးသမီးတန်းတူအခွင့်အရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး

အမျိုးသမီးတန်းတူအခွင့်အရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး
Published 28 January 2024
ဒေါက်တာလွင်သန့်

အမျိုးသမီးများရဲ့အခွင့်အရေးဆိုတဲ့ ဝေါဟာရဟာ အသက်အရွယ်မရွေး၊ အမျိုးသမီးများနဲ့ မိန်းကလေးများအားလုံးရဲ့ လွတ်လပ်ခွင့်နဲ့ခံစားပိုင်ခွင့်ရှိတဲ့အရာအားလုံးကို ရည်ညွှန်းပါတယ်။ တစ်ခုတည်းလူ့အဖွဲ့အစည်းမှာ ဥပဒေ၊ ဒေသဆိုင်ရာဓလေ့ထုံးစံနဲ့ အပြုအမူအနေနဲ့ အဆိုပါအခွင့်အရေးကို သဘောတူညီချက်အဖြစ်ပြဋ္ဌာန်းခြင်း၊ လျစ်လျုရူခြင်း (သို့မဟုတ်) ဖိနှိပ်ချုပ်ချယ်ခြင်းတို့ကို ပြုကောင်းပြုနိုင်တယ်။ (သို့မဟုတ်) မပြုနိုင်ပါဘူး။ အဆိုပါလွတ်လပ်ခွင့်ကို အတူစုစည်းထားပြီး ပိုမိုကျယ်ပြန့်တဲ့ လူ့အခွင့်အရေးရဲ့ အယူအဆများ ခွဲခြားထားပါတယ်။

            အဆိုပါအခွင့်အရေးတို့ဟာ အမျိုးသားနဲ ့ယောကျ်ားလေးများ မွေးရာပါအခွင့်အရေးအဖြစ်ပါဝင်ပိုင်ဆိုင်တဲ့ အမျိုးသားအတွက်လို့ အသိအမှတ်ပြုထားတဲ့လွတ်လပ်ခြင်းနဲ့ မကြာခဏကွဲလွဲခြင်းကြောင့့်လည်းကောင်း၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားပြောင်းလဲရေးဝါဒီများက အမျိုးသမီးများနဲ့ မိန်းကလေးများ ကျင့်သုံးတဲ့အခွင့်အရေးများအပေါ် အမွေဆက်ဆံမှုသမိုင်းကြောင်း (သို့မဟုတ်) ဓလေ့ထုံးစံတစ်ဖက်သတ်အမြင်များလို့ ဆိုတာကြောင့်လည်းကောင်း ဖြစ်နိုင်ပါတယ်။

               အမျိုးသမီးတို့ရဲ့ အခွင့်အရေးနဲ့ဆိုင်တဲ့ အယူအဆများနဲ့ အများအားဖြင့် ဆက်စပ်နေတဲ့ကိစ္စရပ်များမှာ ကိုယ်ခန္ဓာရိုးသားဖြောင့်မတ်ခွင့်နဲ့ ကိုယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ မဲပေးခြင်း၊ မဲဆန္ဒပေးခွင့်၊ အရာရှိလုပ်ခွင့်၊ အလုပ်လုပ်ခွင့်၊ မျှတတဲ့လုပ်ခ (သို့မဟုတ်) တန်းတူညီမျှတဲ့လုပ်ခ (သို့မဟုတ်) တန်းတူညီမျှတဲ့လုပ်ခရခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ ပညာသင်ယူခွင့်၊ စစ်တပ်အမှုထမ်းခွင့်(သို့မဟုတ်) စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရခွင့်၊ တရားဝင်ပဋိညာဉ်စာချုပ်များ ချုပ်ဆိုနိုင်ခွင့်နဲ့ အိမ်ထောင်ရေး၊ မိဘ၊ ဘာသာရေးတို့နဲ့ ဆိုင်တဲ့ အခွင့်အရေးများပါဝင်ပေမဲ့ ဘယ်အချက်မှ ကန့်သတ်မထားပါဘူး။

                အမျိုးသမီးများနဲ ့သူတို့ကိုပံ့ပိုးနေသူများက စည်းရုံးလှုံ့ဆော်လှုပ်ရှားခဲ့ကြပြီး အမျိုးသားတွေလို အခွင့်အရေးတန်းတူရရှိဖို့ အချို့ဒေသတွေမှာဆက်လက်လှုပ်ရှားတိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။ တာလီဘန်အစိုးရက အမျိုးသမီးများ ပညာသင်ခွင့်၊ ကားမောင်းခွင့်၊ ဈေးဝယ်ခွင့်၊ အမျိုးသမီးအားကစားယှဉ်ပြိုင်ခွင့်တို့ပိတ်ပင်ထားပြီး အာဖဂန်အမျိုးသမီးဘောလုံးအသင်းအနေနဲ့ပြည်ပမှာ ခိုလှုံနေရကာ တိုက်ပွဲဝင်ဆဲဖြစ်ပါတယ်။

               ၁၉၄၆ ခုနှစ်မှာ ကုလသမဂ္ဂဟာ အမျိုးသမီးရေးရာကော်မရှင်အဖွဲ့ကို တည်ထောင်ခဲ့တယ်။ မူလကလူမှုရေးရာဌာနရဲ့ လူ့အခွင့်အရေးဌာနခွဲမှာ အမျိုးသမီးရေးရာဌာနစိတ်အဖြစ်ရှိခဲ့ပြီး ယခုအခါစီးပွားရေးနဲ့ လူမှုရေးကောင်စီ (Ecosoc) ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်မှစတင်ကာ ကုလသမဂ္ဂဟာ အမျိုးသမီးများနဲ့ဆိုင်တဲ့ ကိစ္စတွေအတွက်မက္ကဆီကိုစီးတီးမှာကျင်းပတဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနှစ်ကမ္ဘာလုံးဆိုင်ရာညီလာခံမှစတင်ကာ ကမ္ဘာလုံးဆိုင်ရာညီလာခံများကိုစဉ်ဆက်မပြတ်ကျင်းပလာခဲ့ပါတယ်။ အဆိုပါညီလာခံများဟာ အမျိုးသမီးတို့ရဲ့အခွင့်အရေးအတွက်အပြည်ပြည်ဆိုင်ရာစုပေါင်းဆွေးနွေးမှုတစ်ခုကိုဖန်တီးပေးခဲ့တဲ့အပြင် ယဉ်ကျေးမှုမတူညီတဲ့အမျိုးသမီးတို့ကြား ကွဲပြားမှုများနဲ့အခြေခံမှုများကိုတစ်ကမ္ဘာလုံးအသုံးပြုဖို့ကြိုးစားရာမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုလည်းထင်ရှားစေခဲ့ပါတယ်။

                ကမ္ဘာညီလာခံလေးခုကိုကျင်းပခဲ့ပြီးဖြစ်ရာပထမညီလာခံကိုမက္ကဆီကိုစီးတီး၊အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနှစ်(၁၉၇၅)၊ဒုတိယညီလာခံကို ကိုပေဟေဂင်‌(၁၉၈၀)၊ တတိယညီလာခံကိုနိုင်ရိုဘီ(၁၉၈၅)နဲ့စတုတ္ထညီလာခံကိုပီကင်း (၁၉၉၅) တို့မှာကျင်းပခဲ့ပါတယ်။ စတုတ္ထကြိမ်ကမ္ဘာအမျိုးသမီးများ ညီလာခံမှာအရေးယူဆောင်ရွက်မှုလမ်းစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ အဆိုပါလမ်းစဉ်မှာ ကျားမတန်းတူရေးနဲ့ အမျိုးသမီးများ လုပ်ပိုင်ခွင့်အာဏာပေးရေးအောင်မြင်ဖြစ်မြောက်ဖို့ ကတိကဝတ်ပြုခြင်းတို့ ပါဝင်ပါတယ်။

              ၁၉၄၈ ခုနှစ်မှာသဘောတူလက်ခံခဲ့တဲ့တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ အမျိုးသားများနဲ့အမျိုးသမီးတို့ရဲ့တန်းတူအခွင့်အရေးကိုအလေးထားပြီး တန်းတူညီမျှမှုနဲ့ တရားမျှတမှုနှစ်ခုလုံးကိုညွှန်းဆိုပါတယ်။ ၁၉၇၉ ခုနှစ်မှာကုလသမဂ္ဂအထွေထွေညီလာခံကအမျိုးသမီးများကိုနည်းမျိုးစုံနဲ့ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် (CEDAW) ကိုသဘောတူလက်ခံခဲ့တယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအခွင့်အရေးဥပဒေကြမ်းမှာဖော်ပြထားတဲ့အတိုင်း ၁၉၈၁ ခုနှစ် စက်တင်ဘာ ၃ ရက်မှစတင်ထိရောက်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ (CEDAW) ကိုအတည်ပြုခြင်းမရှိသေးဘဲ တစ်ခုတည်းဖွံ့ဖြိုးပြီးနိုင်ငံပဲဖြစ်ပါတယ်။

       အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပြဿနာဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာဖြစ်ပေါ်နေရာ အကြမ်းဖက်မှုပပျောက်ရေးအတွက်ကဏ္ဍစုံမှပူးပေါင်းဆောင်ရွက်ကြဖို့၊နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီတိကျစွာလိုက်နာဆောင်ရွက်ဖို့လိုအပ်ပါတယ်။နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေးခရီးပန်းတိုင်လျှောက်လှမ်းရာမှာကျားမ မရွေးဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ရလေ့ရှိပါတယ်။ လူတိုင်းတန်းတူညီတူအခွင့်အရေးနဲ့ဥပဒေရဲ့အကာအကွယ်ရယူပိုင်ခွင့်ပြုထားလို့ ကမ္ဘာအရပ်ရပ်ကအမျိုးသမီးများဟာအိမ်ထောင့်တာဝန်ထိန်းသိမ်းပေးသူ၊ သားသမီးများရဲ့မိခင်အဖြစ်ရှုမြင်ခြင်းအစား သာလွန်ပြည့်ဝတဲ့အနာဂတ်လှပဖို့အမျိုးသားများနည်းတူခွဲခြားတားဆီးခြင်းကင်းစွာအသိအမှတ်ပြုပေးဖို့ လိုပါတယ်။

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိုရှုမြင်ရာမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုပုံစံနဲ့ လူအခွင့်အရေးချိုးဖောက်မှု၊ ကျား-မခန္ဓာဗေဒဖွဲ့စည်းပုံအရလုပ်ပိုင်ခွင့်ခွဲခြားမှု၊ တန်းတူညီမျှမရှိမှုပြယုဂ်များဖြစ်ပါတယ်။ အာဖဂန်နစ္စတန်အမျိုးသမီးများ ပညာသင်ခွင့် မရှိရှာကြဘူး။

     အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပြဿနာများဟာနိုင်ငံအားလုံးမှာ ဖြစ်ပွားလျက်ရှိကာ အမျိုးသမီးများကို အရင်းအမြစ်များသုံးစွဲခွင့်၊ ပိုင်ဆိုင်ခွင့်ဆိုင်ရာအခြေခံလွတ်လပ်ခွင့်များဆုံးရှုံးကြရပြီး တစ်စထက်တစ်စအမြစ်တွယ်လာတဲ့ပမာ ကျားမရေးရာလုပ်ပိုင်ခွင့်များ၊ သဘောထားအမြင်များနဲ့ရှုထောင့်များပိုမိုကွဲပြားလာပြီးအမျိုးသမီးများအတွက် အဟန့်အတားသဖွယ်အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာ အမျိုးသမီးများယာဉ်‌မောင်းလိုင်စင်လုပ်ခွင့်မရှိ၊ယာဉ်မောင်းနှင်ခွင့်မရှိတဲ့အပြင် အမျိုးသား (သို့မဟုတ်) အိမ်မှမိသားစုမပါဘဲဈေးဝယ်ခြင်း၊ အပြင်မှာဝယ်ယူမစားသောက်နိုင်ကြပါဘူး။ တားမြစ်ထားပါတယ်။

    သည့်ထက်ဆိုးတာကအိမ်တွင်းအကြမ်းဖက်မှုပဲဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုဟာမိသားစုတစ်စုအတွင်းဖြစ်ပွားတဲ့အကြမ်းဖက်မှုပုံစံဖြစ်လို့အမျိုးသမီးများကိုယ်တိုင် စိတ်ပိုင်း၊ရုပ်ပိုင်း၊လိင်ပိုင်းဆိုင်ရာနိုင်ထက်စီးနင်းခံရခြင်း၊ မိတ်ဆွေသူငယ်ချင်းများနဲ့ဆက်သွယ်ခွင့်မရခြင်း၊ လူမှုရေးသံသယများနဲ့စွပ်စွဲခြင်း၊ပြစ်တင်ရှုတ်ချခြင်း၊ မထီမဲ့မြင်ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင်မှာအရှက်ရစေဖို့အော်ဟစ်ခြင်း၊ ရိုက်နှက်ခြင်း၊ ဒဏ်ရာများဆေးကုမပေးခြင်း တို့အပြင်သည်လိုအကြမ်းဖက်ခံရကြောင်းထုတ်ဖော်ပြောဆိုကြဖို ့လိုအပ်ပါတယ်။

     အကြမ်းဖက်မှုတိုင်းဟာအခြားသူများရဲ့အခွင့်အရေးနဲ့လိုအပ်ချက်ကိုထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ကိုယ့်လိုအင်ဆန္ဒပြည့်စေဖို့ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။      အကြမ်းဖက်မှုပုံစံများကိုလေ့လာကြည့်ရာ၊ကိုယ်ထိလက်ရောက်အကြမ်းဖက်ခြင်း၊စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊လူကုန်ကူးခံရခြင်းနဲ့အလိုမတူဘဲပြည့်တန်ဆာအဖြစ်စေခိုင်းခြင်းများတွေ့ရှိရပြီးမလုပ်ကိုင်ပါကကိုယ်ခန္ဓာထိခိုက်ဒဏ်ရာရောက်အောင်၊မသန်မစွမ်းဖြစ်အောင်၊အသက်သေဆုံးတဲ့ထိရိုက်နှက်ညှင်းဆဲခြင်းများထိရှိနိုင်ပါတယ်။

     အမျိုးသမီးတို့အပေါ်အကြမ်းဖက်မှုပုံစံတစ်မျိုးဖြစ်တဲ့သတင်းအချက်အလက်နည်းပညာ၊ မီဒီယာအသုံးပြုကာ အွန်လိုင်းမှနှောင့်ယှက်ခြင်း၊ မဖွယ်မရာပုံတွေတင်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေတဲ့ရုပ်ပုံများတင်ခြင်း၊ ဖြန့်ဝေခြင်း၊ နောက်ယောင်ခံလိုက်ခြင်းများဟာ အကြမ်းဖက်ခံအမျိုးသမီးတို့ကို စိတ်ထိခိုက်မှုဖြစ်ပေါ်စေပြီး စိတ်ဓာတ်ကျဆင်းမှုအလိုက်ပူပန်စိတ်၊ စိုးရိမ်ကြောင့်ကြစိတ်များနဲ့စိတ်မလုံခြုံစွာရပ်တည်ကြရလေ့ရှိပါတယ်။ ပြည့်တန်စာဘဝမှာ တစ်ယောက်ပဲရွေးချယ်ခွင့်မရှိ၊အဖွဲ့လိုက်မုဒိမ်း ကျင့်သလိုမျိုး မချိမဆန့်ခံရခြင်းမျိုးလည်း ရှိနေပါတယ်။ ကျန်းမာရေးနဲ့ ဘယ်လိုမှ မညီညွတ်တာ ခံစားကြရပါတယ်။

     အမျိုးသမီးငယ်များရဲ့ဘဝလုံခြုံမှုစဉ်ဆက်မပြတ်ခြိမ်းခြောက်နေတဲ့သက်ငယ်မုဒိမ်းမှုလိုအကြမ်းဖက်မှုဖြစ်စဉ်များအတွက်ထိရောက်တဲ့ဥပဒေ၊ ထိုက်သင့်တဲ့ပြစ်ဒဏ်များချမှတ်နိုင်တဲ့ဥပဒေ၊ အကာကွယ်ရရှိစေဖို့လိုအပ်လာပါတယ်။ အကြမ်းဖက်မှုတိုင်းကိုထိရောက်တဲ့အပြစ်ပေးနိုင်ရေးမှာ အဓိကကျလှပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကာကွယ်ရေးဥပဒေသစ်တစ်ရပ်ခိုင်မာစွာထွက်ပေါ်လာပါက အိမ်တွင်းအကြမ်းဖက်မှုဖြစ်စဉ်၊ လုပ်ငန်းခွင်နဲ့အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာထိပါးစော်ကားခံရမှုဖြစ်စဉ်များကို ဥပဒေနဲ့အညီဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။ ကျား၊ မ တန်းတူအခွင့်အရေးထားရှိသလို အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုမှကာကွယ်ရေးဟာလည်း အရေးကြီးလာပါတယ်။

     ဘယ်အကြမ်းဖက်မှုမျိုးကိုမဆို ထပ်မံအကြမ်းဖက်မခံရစေဖို့၊ ကာကွယ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ အသိပညာပေးခြင်းလုပ်ငန်းဟာ အသုံးဝင်ပါတယ်။ အကြမ်းဖက်ခံအမျိုးသမီးများရဲ့ဘဝနောင်ရေးရတက်အေးစေမယ့်အသက်မွေးဝမ်းကျောင်းသင်တန်း၊အလုပ်အကိုင်ပံ့ပိုးကူညီဖို့လည်းလိုအပ်ပါတယ်။ အဆိုပါလုပ်ငန်းတွေအပြင်အခြားအခြေခံလူမှုရေး၊ ဝန်ဆောင်မှုများအရယူဖို့ တိုးမြှင့်ဆောင်ရွက်ပေးရမှာပဲဖြစ်ပါတယ်။

     အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက်ပြည်သူများတက်ကြွစွာပါဝင်ဆောင်ရွက်ခြင်း၊ အားပေးခြင်း၊ အစိုးရများမှလည်း ဥပဒေ၊ မူဝါဒများခိုင်မာစွာရေးဆွဲချမှတ်ခြင်း၊ လုပ်ငန်းစီမံချက်တွေမှာ လူထုအခြေပြုအမျိုးအစားများ၊ ပရဟိတလုပ်ကိုင်သူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများပါဝင်ပြီး ဒေသအတွင်းလှုပ်ရှားမှုမှနိုင်ငံတကာအဆင့်ပူးပေါင်းဆောင်ရွက်ကာ အကြမ်းဖက်ခံရခြင်းရဲ့ သဘောသဘာဝနဲ့အခြေခံအကြောင်းတရားများကို ပြည်သူလူထုသိမြင်နိုင်အောင်အသိပေးခြင်း၊ အကြမ်းဖက်ခံရသူများ၊ သင့်တော်တဲ့ပတ်ဝန်းကျင်တစ်ရပ်ဖန်တီးပေးခြင်း၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ၊ လူမှုဝန်ထမ်းကျွမ်းကျင်ပညာရှင်များရဲ့လူမှုရေးဝန်ဆောင်မှုများကိုပံ့ပိုးခြင်း၊ အကြမ်းဖက်ခံရသူများ၊ ကူညီဖို့အရင်းအမြစ်မျိုးစုစည်းပြီး သက်ဆိုင်ရာလုပ်ငန်းများ ဆွေးနွေးရာမှာ ပူးပေါင်းဆောင်ရွက်ရပါမယ်။

     လူတစ်ဦးချင်းစီဟာ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုပပျောက်ဖို့တာဝန်ရှိပါတယ်။ အကြမ်းဖက်မှုများဟာမတူညီတဲ့အဆင့်များအခြေခံကာဖြစ်ပေါ်လာလို့အချိန်နဲ့တစ်ပြေးညီကာကွယ်ထုတ်ပြန်ဖို့၊ နည်းလမ်းမျိုးစုံအသုံးပြုကာချဉ်းကပ်ဆောင်ရွက်ဖို့လိုပါတယ်။ အမျိုးသားအဆင့်၊ ဒေသဆိုင်ရာအဆင့်နဲ့အေဂျင်စီအားလုံးဟာနိုင်ငံတကာစံချိန်၊စံညွှန်းများနဲ့အညီမူဝါဒ၊ စီမံကိန်း၊ စနစ်နဲ့လုပ်ငန်းစဉ်များကို တိကျစွာအကောင်ထည်ဖော်ရာမှာသက်ဆိုင်ရာအစိုးရအေဂျင်စီ၊ အင်န်ဂျီအိုများ၊ ပုဂ္ဂလိကကဏ္ဍများ၊ အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။

     အမျိုးသမီးများအပေါ်အကြမ်းဖက်လှုပ်ရှားမှုများဖြေရှင်းဆောင်ရွက်ရာမှာ တားဆီးဖို့၊ ကာကွယ်ဖို့၊ အရေးယူဖို့နဲ့အကြမ်းဖက်ခံရသူများအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများပါဝင်ပါတယ်။ အဆိုပါလုပ်ငန်းစဉ်များမှာ အကြမ်းဖက်ခံရသူများအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းများပါဝင်ပါတယ်။ အဆိုပါလုပ်ငန်းစဉ်များမှာအကြမ်းဖက်ခံရသူ၊ အသက်ရှင်ကျန်ရစ်သူ၊ ဖယ်ကြဉ်ခံထားရသူနဲ့ ထိခိုက်လွယ်တဲ့အုပ်စုများမှ အမျိုးသမီးများရဲ့အသံကိုနားစွင့်ခြင်းက တားဆီးကာကွယ်ခြင်းလုပ်ငန်းများစတင်ရပါမယ်။တားဆီးကာကွယ်ခြင်း(prevention)လုပ်ငန်းဆောင်ရွက်ရာမှာလုံလောက်တဲ့အချက်အလက်၊သုတေသန၊အကဲဖြတ်စုဆောင်းမှုနဲ့စောင့်ကြည့်ကြပ်မတ်မှုများ၊အချိုးကျပါဝင်သင့်ပြီး တိကျတဲ့ဆုံးဖြတ်ချက်ချမှတ်ရမှာပဲဖြစ်ပါတယ်။

     အကြမ်းဖက်မှုပြုလုပ်သူတိုင်းမှာတာဝန်အပြည့်ရှိပါတယ်။ သူများသားသမီးကိုယူထားပြီး မလုပ်ကျွေးတဲ့အပြင်လောင်းကစားနဲ့အရက်မှာပျော်မွေ့နေသူတွေ၊အရက်ဖိုးမပေးရင်ရန်ရှာကာအမျိုးမျိုးနှိပ်စက်ညှဉ်းပန်းသူတွေရှိနေတယ်။ အကြမ်းဖက်မှုများသိရှိနေတဲ့ပတ်ဝန်းကျင်တစ်ရပ်ဟာမငြိမ်းချမ်းနိုင်ပါဘူး။ငြိမ်းချမ်းသာယာတဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးရာမှာတာဝန်ယူမှု၊တာဝန်ခံမှုအပြည့်အဝရရှိဖို့လိုအပ်ပါတယ်။အကြမ်းဖက်မှုကိုတွန်းလှန်တိုက်ထုတ်နိုင်ရေးလူတိုင်းတက်စွမ်းသရွေ့ပါဝင်ကြရမှာဖြစ်တယ်။အကြမ်းဖက်ခံရသူများရဲ့ခံစားချက်ကိုဦးစားပေးနားထောင်ပြီး၊လူအချင်းချင်းအပြန်အလှန်လေးစားမှုဖော်ထုတ်ပြသရမှာဖြစ်တယ်။

     အိမ်ထောင်တစ်ခုမှာအိမ်ထောင်ဦးစီးကငွေရှာနိုင်သူဆိုတိုင်းအိမ်ထောင်ဘက်အပေါ််ညှင်းပန်းနှိပ်စက်တာမျိုးမလိုချင်ရင်၊သူများမိဘထံပြန်လည်အပ်နှံဖို့အသိနည်းနေတယ်။ဖေ့ဘွတ်ပေါ်တက်လာတဲ့ရုပ်ရှင်မင်းသားမိုးယံဇွန်ကချစ်သူအပေါ်ညှင်းပန်းနှိပ်စက်တဲ့အခွေလိုင်းပေါ်တက်လာချိန်မှာ၊တစ်ဖက်ကလှနုထွန်းဆိုတဲ့မယ်များ၊မော်ဒယ်ဂဲလ်များပြုစုပျိုးထောင်ပေးသူကရက်ပိုင်းမျှသာပေါင်းရသေးတဲ့အမျိုးသားအပေါ်ကွာရှင်းပြတ်စဲခြင်းတို့ဟာမီဒီယာဖေ့ဘွတ်ပေါ်လာလို့အချိန်နဲ့တစ်ပြေးညီရှုမြင်ကြရတာပဲဖြစ်တယ်။နှစ်ယောက်လုံးမှာအကြမ်းဖက်မှုပါဝင်တယ်။

     အကြမ်းဖက်မှုတွေ့ကြုံခံစားရတဲ့အမျိုးသမီးတွေအတွက်ခိုလှုံရာနေရာ၊ အရေးပေါ်ဖုန်းလိုင်း၊ဝန်ဆောင်မှုပေးနေတဲ့စင်တာများ၊တိုင်ကြားဖို့နေရာများ(အမျိုးသမီး ရေးရာအဖွဲ့)လိုသတ်မှတ်ပေးကာအချိန်နဲ့တစ်ပြေးညီကူညီဖြေရှင်းပေးတဲ့လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကအမျိုးသမီးများအပေါ်သက်ရောက်နေတဲ့အကြမ်းဖက်မှုများလျော့ပါးသက်သာအောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ကမ္ဘာကလက်မခံထားတဲ့အာဖဂန်နစ္စတန်တာလီဘန်အစိုးရလက်အောက်အာဖဂန်မိန်ကလေးတို့မှာပညာသင်ယူခွင့်၊အလုပ်လုပ်ကိုင်ခွင့်၊ကျားမတန်းတူရှိခွင့်ဆုံးရှုံးကာ၊အများစုမှာအိမ်တွင်းအကြမ်းဖက်မှုတွေရှိနေလည်းတိုင်တန်းစရာနေရာမရှိဘဲ၊အညှင်းဆဲခံကာနေကြရပါတယ်။အာဖဂန်အမျိုးသားတွေကကျေနပ်နေပေမဲ့ ၅ဝရာခိုင်နှုန်း ကျော်ရှိတဲ့အာဖဂန်အမျိုးသမီးများလူ့အခွင့်အရေးဆုံးရှုံးကာအိမ်တွင်းအကြမ်းဖက်မှုများကြုံကြရပါတယ်။ ဥပဒေနဲ့ကာကွယ်ဖို့လိုပါမယ်။