လိုတိုရှင်း စီးပွားရေးသုတ  (၆-၁၀)

လိုတိုရှင်း စီးပွားရေးသုတ  (၆-၁၀)
Published 28 January 2024
စောနိုင် (အသုံးချဘောဂဗေဒ)

လိုတိုရှင်း စီးပွားရေးသုတ (၆) 

ငွေကျုံ့ခြင်း

  ငွေဖောင်းပွခြင်း၏ဆန့်ကျင်ဘက်သဘောဖြစ်သည့် ငွေကျုံ့ခြင်းသည် စီးပွားရေးအဆောက်အအုံထဲရှိ ကုန်ပစ္စည်းမျိုးစုံတို့၏ စျေးနှုန်းများကျဆင်းနေသည့် အခြေအနေဟု ယေဘုယျနားလည်နိုင်သည်။  အတိုကောက်အားဖြင့် စီအက် (စ်) အိုင်(CSI) ဟုခေါ်သည့် စားသုံးသူအသုံးစရိတ်ဆနှုန်းကိန်းကဲ့သို့ ညွှန်းကိန်းများဖြင့် တွက်ချက်တိုင်းတာမှုအရ လူနေမှုစရိတ်ကျဆင်းနေသည့်အခြေအနေဖြစ်သည်။   

          နိုင်ငံတွင်း လှည့်လည်သုံးစွဲနေသောငွေကြေးပမာဏကျဆင်းနေပြီး အသုံးစရိတ်များသုံးစွဲမှု လျော့နည်းလာခြင်းကြောင့် ငွေကျုံ့ခြင်းဖြစ်ပေါ်လာတတ်သည်။ ထိုအခြေအနေမျိုးတွင် ကုန်ပစ္စည်း၏စျေးနှုန်းများ ကျဆင်းနေတတ်ပြီး အသုံးပြုနေသော ငွေကြေး၏တန်ဖိုးမှာမူ မြင့်တက်နေသည်။ ကုန်ပစ္စည်းစျေးနှုန်းများ ကျဆင်းလာသောအခါ စားသုံးသူတို့၏ ဝယ်လိုအားတိုးလာမည်ဟု မှန်းဆနိုင်သော်လည်း ရာနှုန်းပြည့်မဖြစ်နိုင်။ စားသုံးသူတို့ ဝယ်ယူသုံးစွဲလိုမှု စိတ်ဆန္ဒမှာ အပြည့်အဝရှိလာနိုင်မည် မဟုတ်သေးပေ။ အဘယ့်ကြောင့်ဆိုသော် စျေးနှုန်းများထပ်မံကျဆင်းလာနိုင်မည်ဟု မျှော်လင့်လျက် စောင့်ဆိုင်းနေနိုင်သောကြောင့် ဖြစ်သည်။

          ငွေကျုံ့ခြင်းသည် ကုန်ပစ္စည်းများ၏တန်ဖိုးကို ၎င်းတို့ရှိသင့်ရှိထိုက်သည့်အခြေအနေထက်ပို၍ လျော့နည်းစေသည်။ ကုန်ပစ္စည်းများအပေါ် လူတို့၏တန်ဖိုးထားမှု၊ စိတ်ချယုံကြည်မှု ကျဆင်းနေတတ်ပြီး လက်ထဲတွင်ရှိနေသောငွေကိုလည်း သုံးစွဲခြင်းထက် ငွေစုဆောင်းမှုများပိုမိုပြုလုပ်တတ်ကြသည်။

          ဤနေရာတွင် ဆိုးကျိုးသံသရာ ဖြစ်လာသည်ကိုတွေ့ရမည်။ ငွေကျုံ့ခြင်း၏ အကျိုးဆက်အားဖြင့် ထုတ်လုပ်မှုများ ဆိုးဆိုးရွားရွား ကျဆင်းလာသောအခါ စက်ရုံများပိတ်သိမ်းခြင်း၊ အလုပ်သမားများ အလုပ်ဖြုတ်ခံရခြင်းတို့ဖြစ်ပေါ်လာကာ အလုပ်အကိုင်များရရှိမှု လျော့ကျလာမည်။ စားသုံးသူများလက်ထဲတွင် ကုန်ပစ္စည်းများ ဝယ်ယူရန်သုံးစွဲနိုင်သည့်ငွေကြေးပမာဏ နည်းပါးလာလိမ့်မည်။ ဝယ်လိုအားလျော့ကျလာမည်။ ဤသို့ဖြင့် ထုတ်လုပ်မှုကျဆင်းသည့်အခြေအနေ တစ်ကျော့ပြန်လည်လာမည်။ ထိုအခြေအနေမျိုးကို ဆိုးကျိုးသံသရာဟု ခေါ်ခြင်းဖြစ်သည်။ 

          ထိုအခြေအနေဆိုးကို ကုစားနိုင်ရန်အတွက် စီးပွားရေးပညာရှင်များ မကြာခဏအသုံးပြုကြသည့်နည်းမှာ စီးပွားရေးအဆောက်အအုံထဲ့သို့ ငွေကြေးများ ပြန်လည်ထည့်ပေးခြင်း၊ အတိုးနှုန်းများနှိမ့်ချပေးခြင်းတို့ သင့်လျော်သလိုပေါင်းစပ်လုပ်ကိုင်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် စီးပွားရေးအဆောက်အအုံအတွင်း သုံးစွဲမှုကို အားပေးသကဲ့သို့ဖြစ်သည်။ ၎င်းနည်းလမ်းကို ငွေကြေးပမာဏဖြေလျှော့ခြင်း (စီးပွားရေးအဆောက်အအုံထဲ ငွေကြေးပမာဏများပြားအောင် ငွေကြေးများ ထည့်သွင်းခြင်း) ဟု  ခေါ်လေ့ရှိကြသည်။

          ၁၉၇၀ ပြည့်နှစ်များက စီးပွားရေးပညာရှင်များသည် ဖြေရှင်းရန်အခက်အခဲကြုံခဲ့ရသော အခြေအနေတစ်ရပ်နှင့် ကြုံခဲ့ရသည်။ တစ်ချိန်တည်း တစ်ပြိုင်နက်မဖြစ်နိုင်ဟု ယူဆထားသောငွေကြေးဖောင်းပွခြင်း (စျေးနှုန်းများတက်နေခြင်း) နှင့် စီးပွားရေးတုံ့ဆိုင်းခြင်းတို့  ရောထွေးဖြစ်လာခြင်းဖြစ်သည်။ ထိုကဲ့သို့ ကုန်စည်စျေးနှုန်းများမြင့်တက်နေပြီး ကုန်ထုတ်လုပ်မှုကျဆင်းနေသည့် အခြေအနေကို  စတက်ဖလေးရှင်းဟုခေါ်သည်။ စတက်ဖလေးရှင်းကို ဖြေရှင်းရန်ခက်ခဲသောအခြေအနေဟု စီးပွားရေးပညာရှင်ကဆိုကြသည်။  

ဝေါဟာရများ

ငွေကျုံ့ခြင်း = Deflation

စားသုံးသူ အသုံးစရိတ်ဆနှုန်းကိန်း = Consumer Spending Index   (CSI)

ဆိုးကျိုးသံသရာ= Vicious Circle

ငွေကြေးပမာဏ  ဖြေလျှော့ခြင်း= Quantative Easing

စတင်ဖလေးရှင်း= Stagflation

လိုတိုရှင်း စီးပွားရေးသုတ (၇)  

စားသုံးခြင်း (Consumption)

          စားသုံးခြင်းဆိုသည်မှာ အသုံးပြုမှုကို ရည်ညွှန်းသောစကားလုံးဖြစ်သည်။ ဥပမာ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုပမာဏကို ဝယ်ယူအသုံးပြုခြင်းသည် စားသုံးခြင်းပင်ဖြစ်သည်။ နောင်တစ်ချိန်တွင် အသုံးပြုရန်သို့မဟုတ် ထုတ်လုပ်မှုပြုလုပ်ရန်ဝယ်ယူအသုံးပြုခြင်းကိုမူ စားသုံးခြင်းဟုမဆိုနိုင်ပေ။ နိုင်ငံတစ်နိုင်ငံ   (သို့မဟုတ်) စီးပွားရေးအဆောက်အအုံရှိ ပြည်သူပြည်သားအားလုံး၏ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ အသုံးပြုမှုနှင့်ပတ်သက်၍ ပြောဆိုပါက စုစုပေါင်းစားသုံးမှု ဟုပြောဆိုလေ့ရှိသည်။ တိုင်းပြည်နိုင်ငံ၏ စုစုပေါင်းစားသုံးမှုပမာဏသည် နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) ထဲတွင် အကြီးဆုံးအစိတ်အပိုင်းအဖြစ်ပါဝင်လျက်ရှိသည်။

          ကျမ်းရိုးဘောဂဗေဒပညာရှင်အများစုသည် ကုန်ပစ္စည်းထုတ်လုပ်မှုသာ အာရုံစိုက်လေ့လာခဲ့ကြပြီး စားသုံးမှုကို လျစ်လျူရှုထားမိခဲ့ကြသည်ဟုဆိုသည်။    ၁၉ ရာစုကုန်ဆုံးခါနီးတွင်ပေါ်ထွက်လာခဲ့သော စီးပွားရေးပညာရှင် ဂျွန်မေနတ်ကိန်း (စ်) က ထိုအမြင်ကိုပြောင်းလဲပေးခဲ့သည်။ စားသုံးမှုနှင့်သက်ဆိုင်သည့် အဓိကကျသော အရာများတွင် အိမ်ရာအဆောက်အအုံများနှင့် မော်တော်ကားကဲ့သို့ တာရှည်အသုံးခံသည့်ကုန်စည်များ၊ အစားအသောက်၊ အဝတ်အထည်များကဲ့သို့ တာရှည်အသုံးမခံသည့်ကုန်စည်များ၊ ကျန်းမာရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဲ့သို့ လူတို့နေ့စဉ်ဘဝအတွက် လိုအပ်သော ဝန်ဆောင်မှုများပါဝင်သည်။

          စားသုံးမှုပြုလုပ်နိုင်ရန်အတွက် လိုအပ်သောငွေကြေးရရှိရန်အတွက် ဝင်ငွေသည် အလွန်အရေးကြီးသည်။ လူတစ်ယောက်၏ စားသုံးမှု အဆင့်ကို ၎င်း၏ဝင်ငွေပမာဏမှ ရာခိုင်နှုန်းမည်မျှ သုံးစွဲသည်ကို ကြည့်၍  မှန်းဆနိုင်သည်။ လူတစ်ယောက်၏ နေထိုင်မှုဘဝအရည်အသွေးကို လစာငွေရရှိသည့်ပမာဏ အဓိကမစဉ်းစားဘဲ အသုံးပြုသည့် ငွေကြေးပမာဏကိုကြည့်၍ သိနိုင်သည်ဟုလည်း ပြောကြသည်။

ဝေါဟာရ

စားသုံးမှု= Consumption

ဂျွန်မေနတ်ကိန်းစ်=John Maynard Keynes

တာရှည်အသုံးခံသည့်ကုန်စည်= Durable Goods

တာရှည်အသုံးမခံသည့် ကုန်စည် =Non-durable Goods

ဝင်ငွေ=Income

လိုတိုရှင်း စီးပွားရေးသုတ  (၈)     

ဂျီဒီပီ (GDP)

          အင်္ဂလိပ်အက္ခရာသုံးလုံးဖြင့် ရေးသားထားသည့် ဂျီဒီပီ (GDP) ဆိုသည်မှာ စီးပွားရေးဘာသာရပ် ဝေါဟာရ Gross  Domestic Product ၏ အတိုကောက် အခေါ်အဝေါ်ဖြစ်ပြီး စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုကို ရည်ညွှန်းသည်။ နှစ်တစ်နှစ်အတွင်း နိုင်ငံတစ်နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုပမာဏဖြစ်သည်။ ဂျီဒီပီတွင်စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှု၊ အစိုးရအသုံးစရိတ်နှင့် အသားတင်ပို့ကုန်တို့ပါဝင်သည်။ အသားတင်ပို့ကုန်ဆိုသည်မှာ အဆိုပါနိုင်ငံ၏ ပို့ကုန်ပမာဏနှင့် သွင်းကုန်ပမာဏခြားနားချက်ပင်ဖြစ်သည်။ ကုန်သွယ်မှုရှင်းတမ်းဟုလည်း ခေါ်သည်။  

          ဂျီဒီပီသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေ၊ အဆင့်အတန်းနှင့် စီးပွားရေးလုပ်ဆောင်မှုပမာဏအတွက် အသုံးဝင်သော အတိုင်းအတာတစ်ခုဖြစ်သည်။ သို့သော် ဂျီဒီပီသည် ဆင်းရဲချမ်းသာကွာဟမှုအခြေအနေ၊ စီးပွားရေးကြာရှည်မှု၊ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ရေရှည်ထိန်းသိမ်းနိုင်မှု စသည့် နိုင်ငံအတွက် အရေးကြီးသော အချက်အလက်များကို ချန်လှပ်ထားခဲ့သည်ဟုဆိုကြသည်။ ထို့ကြောင့်နိုင်ငံ၏ လူနေမှုအဆင့်အတန်းအရည်အသွေးကို ကောင်းစွာဖော် ပြနိုင်ခြင်းမရှိ။ အားနည်းသော တိုင်းတာမှုနည်းလမ်းဟုလည် ဝေဖန်မှုများလည်းရှိသည်။  

          ၁၉၉၀ ပြည့်နှစ်တွင် ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (ယူအန်ဒီပီ) က လူသားဖွံ့ဖြိုးမှုညွှန်းကိန်းအတိုင်းအတာကို မိတ်ဆက်ပေးခဲ့သည်။ ယခင်က  နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ထုတ်လုပ်မှု၊ ဝင်ငွေတို့ကိုသာ လေ့လာခဲ့ကြသော်လည်း လူသားဖွံ့ဖြိုးမှုညွှန်းကိန်းပေါ်ပေါက်လာခဲ့ပြီးနောက် နိုင်ငံသားတို့၏ တစ်ဦးချင်းဝင်ငွေကိုသာမက ပညာရေး၊ ကျန်းမာရေးတို့ကိုပါ ထည့်သွင်းစဉ်းစားလာခဲ့ကြသည်။ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းကိုအင်္ဂလိပ်ဝေါဟာရအားဖြင့် Human Development Index ဟုခေါ်ဝေါ်ကြပြီး  အတိုကောက်အားဖြင့် အိတ်ချ် ဒီအိုင် (HDI) ဟု  လူသိများသည်။ အိတ်ချ်ဒီအိုင် တွက်ချက်ရာတွင် မျှော်မှန်းသက်တမ်း၊ ပညာရေး၊ ဝင်ငွေတို့ကိုထည့်သွင်းတွက်ချက်ရသဖြင့် လူသားဖွံ့ဖြိုးမှုညွှန်းကိန်းသည် လူမှုစီးပွားနှင့်သက်ဆိုင်သည့်ကိန်းဂဏန်းများ ပေါင်းစပ်ထားခြင်းဟုဆိုနိုင်ပါသည်။

          နိုင်ငံတစ်နိုင်ငံ၏ အခြေအနေ၊ နိုင်ငံသားတို့၏ လူမှုဘဝများနှင့်ပတ်သက်၍  စစ်မှန်သောတိုးတက်မှု ညွှန်ပြကိန်း (Genuine Progress Indicator)၊ နိုင်ငံ၏ စုစုပေါင်းပျော်ရွှင်မှု (Gross National Happiness)၊ ဥရောပပုံစံဘဝ အရည်အသွေးစစ်တမ်း (European Quality of Life Survey) နှင့် ပျော်ရွှင်သော ကမ္ဘာ ညွှန်းကိန်း ( Happy Planet Index) ကဲ့သို့ အတိုင်းအတာများလည်းရှိသည်။ ဂျီဒီပီကိန်းဂဏန်းနှင့် ပတ်သက်၍ ဥပမာပေးရလျှင် ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ် စာရင်းများအရ အမေရိကန်နိုင်ငံ၏ဂျီဒီပီမှာ အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၄၄ ထရီလီယံဖြစ်ပြီး  ဥရောပဒေသတစ်ခုလုံး၏ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၄  ထရီလီယံရှိသည်။  

ဝေါဟာရများ

ပြည်တွင်းထုတ်လုပ်မှုစုစုပေါင်းပမာဏ=Gross Domestic Product (GDP)

အသားတင်ပို့ကုန်= Net Export

ကုန်သွယ်မှုရှမ်းတမ်း= Balance of Trade

လူသားဖွံ့ဖြိုးမှုညွှန်းကိန်း= Human Development Index ( HDI)

လိုတိုရှင်း စီးပွားရေးသုတ  (၉)  

ကုန်သွယ်မှုရှင်းတမ်း (Balance of Trade)

          ကုန်သွယ်မှုရှင်းတမ်းဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ သွင်းကုန်ပမာဏနှင့် ပို့ကုန်ပမာဏတို့၏ ခြားနားချက်ဖြစ်သည်။ ထိုသို့ခြားနားသည့်အခါ ပို့ကုန်ပိုလျှံသည့်အခါများ ရှိသကဲ့သို့ သွင်းကုန်ပိုလျှံသည့် အခါလည်းရှိသည်ကို တွေ့ရသည်။ သို့သော် ကုန်သွယ်မှုရှင်းတမ်းကို  အသားတင်ပို့ကုန်အဖြစ်လည်း သိထားကြသည်။ သွင်းကုန်ပမာဏထက် ပို့ကုန်ပမာဏများသော နိုင်ငံတစ်နိုင်ငံသည် ကုန်သွယ်မှုမှ ဝင်ငွေပိုမိုရရှိလာသဖြင့် ကုန်သွယ်မှုပိုငွေများရှိလာနိုင်ပြီး ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏ ပိုမိုများပြားနေသော နိုင်ငံတစ်နိုင်ငံသည် ကုန်သွယ်မှုလိုငွေရှိလာနိုင်သည်။

           အစဉ်အလာတွေးခေါ်ခဲ့ကြသော စီးပွားရေးအိုင်ဒီယာများအရ နိုင်ငံအများစုများသည် ပြည်ပမှသွင်းကုန်ပိုမိုတင်သွင်းခြင်းထက် ပြည်ပသို့ ပို့ကုန် ပိုမိုတင်ပိုနိုင်ရေးအတွက် အားထုတ်လေ့ရှိကြသည်။ ယနေ့အချိန်တွင် ကမာ့္ဘနိုင်ငံများသည်တိုင်းပြည်စီးပွားရေးကိုတွန်းအားပေးနိုင်ရန်နှင့် နိုင်ငံခြားငွေကြေး အရန်ငွေ  စုဆောင်းရန်အတွက်လည်းကောင်း၊ စီးပွားရေးကျဆင်းနေသည့် နိုင်ငံဖြစ်ပါက စီးပွားရေးအခြေအနေကိုနှိုးဆွပေးနိုင်ရန်အတွက်လည်းကောင်း ပို့ကုန်တင်ပို့မှု တိုးတက်စေရေးကို အလေးထားလုပ်ဆောင်လေ့ရှိကြသည်။

          နိုင်ငံတစ်နိုင်ငံသည် ကုန်သွယ်မှုလိုငွေ ပြဿနာဖြစ်ပေါ်လာက မည်သို့မည်ပုံ ဖြေရှင်းကြသည်ကို အမေရိကန်ပြည်ထောင်စုတွင်ဖြစ်ခဲ့သော အခြေအနေကို ဥပမာကြည့်၍ ဗဟုသုတဖြစ်ဖွယ်သိရှိနိုင်သည်။ အမေရိကန်သည် ၁၉၆၀ ခုနှစ်များကတည်းက ကုန်သွယ်ရေးလိုငွေပြခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ လိုငွေကို ဖြည့်ဆည်း နိုင်ရန် အတွက်  ဒေါ်လာငွေစက္ကူများ ပိုမိုရိုက်နှိပ်ခဲ့ ကြသည်။ ပိုမို များ ပြားလာသော ငွေကြေးများသည်   ရင်ဆိုင်နေ ရ သော ပြဿနာကို ဖြေရှင်းနိုင်သော်လည်း အခြားသောကဏ္ဍများတွင်  ဆိုးကျိုးများ ဖြစ်ပေါ်လာတတ်သည်။ ဆိုလိုသည်မှာ ကုန်သွယ်မှုလိုငွေပြဿနာကို  အထူးအလေးထားဂရုစိုက်၍ဖြေရှင်း လုပ်ဆောင်ရမည့်သဘောဖြစ်သည်။

          အမေရိကန်နိုင်ငံ ဖြေရှင်းပုံဖြေရှင်းနည်းမှာ အခြားနိုင်ငံများနှင့် ထပ်တူကျတူညီနိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အမေရိကန်သည် တစ် ကမ္ဘာလုံး သုံးစွဲနေသော ဒေါ်လာငွေကို ထုတ်ဝေနေသောနိုင်ငံကြီးတစ်နိုင်ငံဖြစ် နေသောကြောင့်ဖြစ်သည်။ ရိုက်နှိပ်ခဲ့သော ဒေါ်လာငွေများကို လူအများနှစ်သက်၍ စုဆောင်းနေကြသမျှ ကာလတစ်လျှောက်လုံး အမေရိကန်တို့ အဆင်ပြေနေမည်ဟုဆိုသည်။ ကုန်သွယ်မှု ပိုငွေ၊ လိုငွေအခြေအနေများနှင့် ပတ်သက်၍ ၂၀၀၉ ခုနှစ် စာရင်းများအရ အမေရိကန်ပြည်ထောင်စုသည် ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၃၈၀ ဘီလျံရှိခဲ့ပြီး တရုတ်နိုင်ငံမှာ ကုန်သွယ်မှုပိုငွေ အမေရိကန် ဒေါ်လာ ၂၉၆ ဘီလျ့ ရှိခဲ့သည်ဟုသိရသည်။

 

ဝေါဟာရများ

ကုန်သွယ်မှုရှင်းတမ်း = Balance of Trade 

အသားတင်ပို့ကုန်=  Net Export

ကုန်သွယ်မှုပိုငွေ = Trade Surplus

ကုန်သွယ်မှုလိုငွေ = Trade Deficit  

နိုင်ငံခြားငွေကြေး အရန်ငွေ= Foreign Exchange Reserves

 

လိုတိုရှင်းစီးပွားရေးအိုင်ဒီယာ (၁၀)

          ထုတ်လုပ်နိုင်စွမ်း (Productivity)

          ထုတ်လုပ်နိုင်စွမ်းဆိုသည်မှာ  စီးပွားရေးလုပ်ငန်းအသေးဆုံးယူနစ် လုပ်ငန်းသေးသေးတစ်ခု၏ ကုန်ထုတ်လုပ်မှုစွမ်းရည်ကိုဖြစ်စေ၊ အကြီးဆုံး ယူနစ်ဖြစ်သည့် စီးပွားရေးအဆောက်အအုံတစ်ခုလုံး သို့မဟုတ် နိုင်ငံတစ်ခုလုံး၏ ကုန်ထုတ်မှုစွမ်းရည်ကိုဖြစ်စေ ဖော်ပြသည်နည်းလမ်းဖြစ်သည်။ လုပ်ကိုင်နေသော အလုပ်သမားများ၏ အလုပ်လုပ်သောနာရီအရေအတွက်နှင့် နှိုင်းယှဉ်တွက်ချက်လေ့ရှိကြသည်။ ထို့ကြောင့် ထုတ်လုပ်မှု သို့မဟုတ် ကုန်ထွက်ကို ထုတ်လုပ်မှုကြာမြင့်ချိန်နာရီနှင့် စားထားခြင်းဟုဆိုသည်။

          ကုမ္ပဏီတစ်ခု သို့မဟုတ် ထုတ်လုပ်မှုလုပ်ငန်းတစ်ခုအနေဖြင့် ကုန်ထွက်ပမာဏ တိုးမြင့်ခြင်းအားဖြင့် ထုတ်လုပ်နိုင်စွမ်းတိုးတက်လာစေရန် ဆောင်ရွက်နိုင်သည်။ ကုန်ထွက်ပမာဏတိုးတက်မှုရှိသည်ဟု ပြောဆိုရာတွင် ထိုကုန်ပစ္စည်းကို ထုတ်လုပ်ရာတွင်အသုံးပြုသော တူညီသောအလုပ်ချိန် (ဥပမာ အလုပ်ချိန်နာရီ) အတွင်းမှာပင် ထွက်ရှိနေကျ ကုန်ထွက်ပမာဏထက်ပိုမို ထွက်ရှိလာခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပမာဏတူညီသောကုန်ထွက်ကို ယခင်က အသုံးပြုရသည့် အချိန်နာရီထက်နည်းကာ ပိုမိုလျင်မြန်ထုတ်လုပ်နိုင်ခြင်းဟုလည်း ဆိုနိုင်သည်။

           စီးပွားရေးလုပ်ငန်းများသည် ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ နည်းပညာတီထွင်ကြံဆမှုများဖြင့် ထုတ်လုပ်နိုင်စွမ်း တိုးတက်စေရန်လုပ်ဆောင်ကြသည်။ တိုးတက်လာသောနည်းပညာများ အသုံးပြု၍ ထုတ်လုပ်မှုကြာမြင့်ချိန်ကိုလျှော့ချခြင်းဖြင့် ထုတ်လုပ်နိုင်စွမ်းတိုးမြင့်နိုင်ခြင်းဖြစ်သည်။ ဥပမာဆိုရလျှင် ၁၉ဝဝပြည့်နှစ်များက အမေရိကန်နိုင်ငံရှိ စက်ရုံများတွင် တစ်နေရာတည်းတွင် အစီအစဉ်တကျ တပ်ဆင်ထားသောစက်ပစ္စည်းများဖြင့် ကုန်ပစ္စည်းများကို တစ်ဆင့်ပြီးတစ်ဆင့် ထုတ်လုပ်ရသည့်  နည်းစနစ် (အဆမ်ဘလီလိုင်း) အသုံးပြုခြင်း၊ အချိန်ကန့်သတ်သည့် လုပ်ငန်းစနစ်တို့ကို အသုံးပြုခဲ့ကြသည်။ ထိုသို့ကျင့်သုံးခဲ့ခြင်းကြောင့် မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းများတွင် ကားတစ်စီးထုတ်လုပ်ရန်ကြာမြင့်သောအချိန်ပမာဏမှာ ထက်ဝက်နီးပါးလျော့နည်းသွားခဲ့သည်ဟု ဆိုသည်။ လုပ်ငန်းများသည် လုပ်ခမက်လုံးများပေးခြင်းဖြင့်လည်းကောင်း၊ အလုပ်ခွင်ဝန်းကျင် အခြေအနေတိုးတက်အောင်လုပ်ပေးခြင်းတို့ဖြင့်လည်းကောင်း  ထုတ်လုပ်နိုင်စွမ်းတိုးမြှင့်နိုင်သည်ဟုလည်း ဆိုသည်။   

ဝေါဟာရများ

 ထုတ်လုပ်နိုင်စွမ်း  = Productivity 

ကုန်ထွက်  = Output  

အဆမ်ဘလီလိုင်း  = Assembly line  

လုပ်ခမက်လုံး = Wage Incentive   

လုပ်ငန်းခွင်ဝန်းကျင်= Work Environment