တရုတ်-မြန်မာနယ်စပ်ကနေ ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာတဲ့ ကျားဖျန့်နှိမ်နင်းရေး

တရုတ်-မြန်မာနယ်စပ်ကနေ ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာတဲ့ ကျားဖျန့်နှိမ်နင်းရေး
Published 28 January 2024

၂၀၂၃ ခုနှစ်တွင် အထူးခြားဆုံးဖြစ်စဉ် တစ်ခုဟုဆိုနိုင်သည့် ဖြစ်စဉ်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုဟု ဆိုသည့် ကျားဖျန့်လုပ်ငန်း နှိမ်နင်းရေးအ တွက်တွန်းအားပေးခဲ့သည့်ဖြစ်စဉ်ဟု ဆိုရ မည်ဖြစ်သည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ် နိုင်ငံကို နှစ်ပေါင်းများစွာကြာအောင် အဓိက ဒုက္ခပေးနေသည့် ကိစ္စမှာ ကျားဖျန့် ကိစ္စဖြစ်သည်။

တရုတ်ဘာသာစကားအရ ကျားဖျန့် ဆိုသည်မှာ ‘ကျား အကွက်ချစီစဉ်ပြီး ‘ဖျန့် လိမ်လည်ခြင်းဆိုသည့် အဓိပ္ပာယ်ရသည့် ယင်းလုပ်ငန်းများကို တရုတ်နိုင်ငံမှ အင်တိုက် အားတိုက် တိုက်ဖျက်ရေးလုပ်ငန်းများလုပ် ကိုင်လာသည်မှာ ယခုနှစ်အစပိုင်းကတည်းက ဖြစ်သည်။

တရုတ်- မြန်မာနယ်စပ်များတွင်အခြေ စိုက်ပြီး လှုပ်ရှားနေသည့် အဆိုပါ အွန်လိုင်း ငွေလိမ်ဂိုဏ်းများတွင် တရုတ်နိုင်ငံသားများ ခိုင်းစေခံရခြင်း၊ တရုတ်နိုင်ငံသားများပါဝင် ပတ်သက်နေခြင်းကြောင့် တရုတ်အစိုးရဘက် မှ ယင်းဖြစ်စဉ်များကို အထူးအာရုံစိုက်ကာ လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင် ငံမှ အစိုးရကိုယ်စားလှယ်များ လာရောက်ခဲ့ သည့် ခရီးစဉ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မြန်မာအစိုးရအဖွဲ့မှ တာဝန်ရှိသူများကို တွေ့ဆုံရာတွင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ဆက်သွယ်ရေးလိမ် လည်မှုကိစ္စများမှာ မပါမဖြစ်ဆွေးနွေးခဲ့သည့် ဖြစ်စဉ်များလည်းဖြစ်သည်။

မြန်မာနိုင်ငံသို့ မေ ၂ ရက်က လာရောက် ခဲ့သည့် တရုတ်နိုင်ငံ၏ အဆင့်မြင့်အရာရှိ တစ်ဦးဖြစ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟောင်း ချင်ဂန်း၏ ခရီးစဉ်မှာပင် ကျားဖျန့် (ခ) အွန်လိုင်းငွေလိမ်ဂိုဏ်းများ ကိစ္စမှာလည်း ထည့်သွင်းဆွေးနွေးခဲ့ရသည့်အကြောင်းအရာ တစ်ခုလည်းဖြစ်သည်။

ကျားဖျန့်ဆိုတာဘာလဲ

တရုတ်အခေါ်အရ ကျားဖျန့်ဟု နယ်စပ် ဒေသများတွင် နေထိုင်သူများသိရှိထားသည့် ကိစ္စမှာ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ် လည်ခြင်းဖြစ်သည်။

ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည် မှုများပြုလုပ်သူများသည် တရုတ်နိုင်ငံသား ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် လာ ရောက်ကာ လုပ်ကိုင်နေသူများဖြစ်ကာ ၎င်းင်း တရုတ်နိုင်ငံသားများသည် အမေရိကန်၊ အင်္ဂ လန်၊ နော်ဝေး၊ ဒိန်းမတ်၊ သြစတြေးလျ၊ ဗီယက် နမ်၊ ဂျပန်၊ တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယား နိုင်ငံသားများအား ၎င်းင်းတို့၏ ပစ်မှတ်အဖြစ် ရွေးချယ်ကြကြောင်း  ‘၀ ဒေသ ပန်ဆန်းမြို့ တွင်  ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု တွင် အလုပ်ရခဲ့သူတစ်ဦး၏ ပြောကြားချက် အရသိရသည်။

‘‘သူတို့က နိုင်ငံတကာက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားတွေကို ပစ်မှတ်ထားတဲ့ အပြင် အသက် ၆၀ အရွယ်တွေကို ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်းတွေနဲ့ အစပိုင်းမက်လုံးပေး တယ်။ ငွေကြေးအမြတ် အနည်းငယ်လွှဲပေးပြီး အချီကြီးဝင်လာမှ အားလုံးသိမ်းကြုံးယူကြ တာ’’ဟု အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွင် အလုပ်ရပြီး ပြန်လျော်ငွေဖြင့်ထွက်လာသူ တစ်ဦးက ဆိုသည်။

ယင်းလုပ်ငန်းများတွင်လုပ်ကိုင်သူများ မှာ အွန်လိုင်းမှ အလုပ်ခေါ်စာများကို တွေ့ရှိ ဆက်သွယ်ကာ သွားရောက်လုပ်ကိုင်ခြင်းဖြစ် ကြောင်း၊ လုပ်ကိုင်ရသည့်နေရာသို့ ရောက်ရှိ မှသာ အွန်လိုင်းမှတစ်ဆင့် လိမ်လည်ရခြင်း ဖြစ်သည်ကို သိရှိရကြောင်း ၎င်းင်းကဆက်ပြော သည်။

‘‘ကျွန်မတို့ကို ခေါ်တာက ကာစီနိုမှာ လုပ်ရမယ်ဆိုပြီးခေါ်တာ။ ဒါပေမဲ့ တကယ် လုပ်ရတော့ အဲဒါမဟုတ်ဘူး။ ဒါကြောင့် ပြန် လျော်ပြီးထွက်ခဲ့တာ’’ ဟု အွန်လိုင်းလိမ်လည် မှုလုပ်ငန်းတွင် အလုပ်ရပြီး ပြန်လျော်ငွေဖြင့် ထွက်လာသူတစ်ဦးက ဆိုသည်။

ကျားဖျန့်လုပ်ငန်းများတွင် လက်ရှိအချိန် အထိ အဓမ္မခိုင်းစေခံရခြင်းမှာ မြန်မာနိုင်ငံ သားများသာမကဘဲ တရုတ်၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံသားများလည်း ပါဝင်နေ သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက လောက်ကိုင်မြို့တွင် ပိတ်မိနေသည့် ထိုင်းနိုင် ငံသားများကို ပြန်လည်ခေါ်ယူနိုင်ရန် ထိုင်း အာဏာပိုင်များက မြန်မာအစိုးရထံ တောင်း ဆိုခဲ့သည်ဟု ထိုင်းမီဒီယာတစ်ခုဖြစ်သည့် Thai PBS က သတင်းဖော်ပြခဲ့သည်။

ကိုးကန့်ဒေသက ဝရမ်းထုတ်ဖမ်းဆီးခံလိုက်ရတဲ့ ‘မြီ မိသားစု သူဌေးတွေ

တရုတ်နိုင်ငံဘက်မှ စတင်ဝရမ်းထုတ်ခဲ့ သူနှစ်ဦးမှာ ‘ ၀ အဖွဲ့မှ ခေါင်းဆောင်ဟောင်း နှစ်ဦးဖြစ်သည်။

ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု များတွင် တရုတ်နိုင်ငံသားများကို ပစ်မှတ် ထားတိုက်ခိုက်နေသည့် ရာဇဝတ်ဂိုဏ်းတစ် ခု၏ အဓိကခေါင်းဆောင်နှစ်ဦးဟု တရုတ်အ စိုးရဘက်က သတ်မှတ်ကာ ဖမ်းဝရမ်းထုတ် ထားသူနှစ်ဦးမှာ လက်ရှိ ‘၀ ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန် ပါဝင်ပြီး ၎င်းင်းသည် ယခင်က ၄၆၈ တပ်မဟာ မှူးလည်းဖြစ်ကာ ‘၀ ခေါင်းဆောင် ပေါက်ယူ ချန်း၏တူတော်စပ်သူဖြစ်ကြောင်းနှင့်  နောက် တစ်ဦးမှာ UWSA ၏ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟော့ (ခေါ်) ဟော် ချွင်ထင်ဖြစ်ပြီး  ‘၀ ခေါင်းဆောင် ပေါက်ယူ ချန်း၏ သမက်ဟောင်းဖြစ်သည်ဟုလည်း သိရသည်။

ကူမင်းမြို့နှင့် ဟန်ကျိုးမြို့က အများပြည် သူလြုံခုံရေးဌာနများက UWSA အရာရှိနှစ် ဦးကို ကျားဖျန့်ဟုခေါ်သည့် အွန်လိုင်းက ငွေ လိမ်သောလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟုကာ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းင်းတို့ကို ဖမ်းမိအောင် သတင်းပေးသူအား တရုတ်ယွမ်တစ်သိန်းမှ ငါးသိန်းအထိပေးမည် ဖြစ်ကြောင်း ကြေညာထားသည်။

ထိုသို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန် ကြီးဌာနက ကြေညာပြီးနောက် ၎င်းတို့နှစ်ဦး အား ရာထူးမှ ထုတ်ပယ်ကြောင်း UWSA က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ၎င်းင်းတို့နှစ်ဦးအနေ ဖြင့် ‘‘၀’’ ဒေသနှင့် အိမ်နီးချင်းနိုင်ငံများအပြင် နိုင်ငံတကာနှင့်ပါ ဆက်ဆံရေးကို ထိခိုက် အောင် လုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံမှ ဖမ်းဝရမ်းထုတ်ထားသည့် ၎င်းင်းတို့နှစ်ဦးအား ဟိုပန်ခရိုင်တရားရုံးက လည်း ဖမ်းဝရမ်းထုတ်ထားသည်။ ယင်း နောက် နိုဝင်ဘာလဆန်းပိုင်းတွင် လောက် ကိုင်မြို့ရှိ ‘ မြီ မိသားစုဝင်များကို တရုတ်နိုင်ငံ ဘက်မှ ဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သည်။

ယခုနှစ် အောက်တိုဘာ ၁ ရက်က တရုတ်နိုင်ငံတွင် ပြုလုပ်သည့် ကုန်စည်ပြပွဲ သို့ သွားရောက်စဉ် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦး ဖမ်းဆီးခံလိုက်ရသည့်ဖြစ်စဉ်မှ အစပြုကာ နောက်ပိုင်းတွင် လောက်ကိုင်မြို့ရှိ ‘မြီ မိသား စုဝင်များအား ဖမ်းဆီးရန် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံဘက်မှ ဖမ်းဆီးလိုက်သည့် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးတွင် ကိုးကန့်၏ အချမ်းသာဆုံးမိသားစုများဟုအများက သတ် မှတ်ထားသည့် ‘ မြီ၊ ‘ ဝေ နှင့် ‘လျို မိသားစုဝင် များ ပါဝင်ကြောင်း ဘီဘီစီသတင်းတွင် ဖော် ပြထားသည်။

ယင်းတို့အနက် နိုဝင်ဘာ ၁၂ ရက်တွင် တရုတ်နိုင်ငံ ကျီကျန်းပြည်နယ် ဝမ်ကျိုးမြို့၏ ပြည်သူ့လုံခြုံရေးဗျူရိုက မြန်မာနိုင်ငံမြောက် ပိုင်း ကိုးကန့်ဒေသ၏ စီးပွားရေးလုပ်ငန်းရှင် လေးဦးကို ဖမ်းဝရမ်းထုတ်ခဲ့သည်ဟု china daily  သတင်းက ဖော်ပြခဲ့သည်။

အဆိုပါလေးဦးမှာ ကိုးကန့်ဒေသ၏ စီး ပွားရေးလုပ်ငန်းရှင်များဖြစ်သကဲ့သို့ ဝရမ်း ထုတ်ခံရသူများအနက် ‘မြီရှောက်ချန်း မှာ ရှမ်းပြည်နယ် လွှတ်တော်အမတ်ဟောင်း ဖြစ်ပြီး ကိုးကန့်ခေါင်းဆောင်မှု ကော်မတီအဖွဲ့ ဝင်ဟောင်းလည်းဖြစ်ကာ နောက်တစ်ဦးမှာ သူ၏သားဖြစ်သူ ကိုးကန့်ဒေသ ပြည်သူ့စစ် ခေါင်းဆောင် မြီကော်ဖျင် ဖြစ်ကြောင်း၊ ကျန် နှစ်ဦးမှာ တရုတ်နိုင်ငံ ကျန်ကန်းကောင်တီ လင်ကန်မြို့ဇာတိဖြစ်သည့်  မြီကျူလန် (၄၂ နှစ်) နှင့်  လင်ကန်မြို့၏ ကွမ်မာတိုင်နှင့် ‘‘၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကောင်တီ ဇာတိဖြစ် သည့် မြီကျန်းကျန်း (၂၇ နှစ်) တို့ဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဝရမ်းထုတ်ခံရသည့် မြီရှောက်ချန်းမှာ တရုတ်နိုင်ငံသားများကို  ပစ်မှတ်ထားသည့် အွန်လိုင်းမှ တစ်ဆင့်ငွေကြေးလိမ်လည်မှုများ နှင့် ပတ်သက်နေပြီး လက်နက်ကိုင်များ၏ အကာအကွယ်ကို ရရှိထားသူဖြစ်ကြောင်းနှင့် လိမ်ညာမှုများ လုပ်ဆောင်နေသည့် ရာဇဝတ် အဖွဲ့ကို ဦးဆောင်နေသည်ဟု သံသယရှိ ကြောင်း တရုတ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့သည်။

တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ပြင်းထန် သည့် နှိမ်နင်းမှုများ ရှိခဲ့သည့်တိုင် ထိုအဖွဲ့ သည် ၎င်းင်းတို့၏ ရာဇဝမှုဆိုင်ရာ လှုပ်ရှားမှု များကို ရပ်နားခြင်းမရှိခဲ့ဘဲ တရားမဝင် လှုပ် ရှားမှုများကို စနစ်တကျနှင့် ကြီးကြီးမားမား ဆက်လက်လုပ်ဆောင်နေသည်ဟု တရုတ် နိုင်ငံအစိုးရဘက်က ဆိုခဲ့သည်။

၎င်းတို့သည် ရည်ရွယ်ချက်ရှိရှိ  လူသတ် မှု၊ ရည်ရွယ်ချက်ရှိရှိ ထိခိုက်ဒဏ်ရာ ဖြစ်စေမှု၊ တရားမဝင် ဖမ်းဆီးထိန်းသိမ်းမှုတို့ အပါအ ဝင် ဆိုးရွားသည့် ပြစ်မှုအများအပြားကို ကျူး လွန်ခဲ့ကြောင်း သံသယရှိခံထားရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယင်းသို့ တရုတ်နိုင်ငံဘက်မှ ဖမ်းဝရမ်း ထုတ်ပြီး မကြာမီမှာပင် မြန်မာအစိုးရဘက် ကလည်း အဆိုပါ ‘မြီ မိသားစုဝင် လေးဦးကို ဖမ်းဝရမ်းထုတ်ခဲ့သည်။

ယင်းသို့ဖမ်းဝရမ်းထုတ်အပြီး ငါးရက်အ ကြာတွင် အဆိုပါ လေးဦးအနက် တစ်ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း၊ တစ်ဦးမှာ ထွက်ပြေးလွတ် မြောက်သွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သည်။

မြီရှောင်ချန်၊ မြီကော်ဖျင်း (ခ) မြီရှောက် ဖျင်းနှင့် မြီကျိန်းကျိန်းတို့ကို လောက်ကိုင်မြို့၌ နိုဝင်ဘာ ၁၆ ရက် နံနက်တွင် ဖမ်းဆီးရမိခဲ့ ကြောင်း၊         ‘မြီ မိသားစုဝင်များအား ဖမ်းဆီး စဉ် မြီရှောက်ချန်းသည် တရားမဝင် ကိုင် ဆောင်ထားသည့် ပစ္စတိုသေနတ်ဖြင့် မိမိ ကိုယ်ကိုယ်ပစ်ခတ်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများအား တရားဥပဒေအ ရ အရေးယူနိုင်ရေးအတွက် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံ၊  ယူနန်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး မြီရှောက်ချန်း၏ အ လောင်းကို တရုတ်နိုင်ငံဘက်သို့ ယူဆောင် သွားခြင်းမရှိဘဲ လိုအပ်သည်များ စစ်ဆေး အတည်ပြုမှုများ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့ သည်။

သေနတ်ဖြင့် မိမိကိုယ်ကို အဆုံးစီရင် ခဲ့သည့် မြီရှောက်ချန်းမှာ ရှမ်းပြည်နယ် လွှတ် တော်အမတ်ဟောင်းဖြစ်ပြီး လွတ်မြောက်နေ သူတစ်ဦးမှာ ၎င်းင်း၏ သမီးဖြစ်သူ မြီကျုလန် ဖြစ်သည်။ မြီကျူလန်၏ ယောကျ်ားဖြစ်သူမှာ ရန်လောက်ဟွာဖြစ်ပြီး တရုတ်နိုင်ငံတွင်ပြု လုပ်သည့် ကုန်စည်ပြပွဲသို့ သွားရောက်စဉ် တရုတ်အာဏာပိုင်များက ဖမ်းဆီးခဲ့သည့် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးအနက် တစ်ဦးအ ပါအဝင်လည်းဖြစ်သည်။

ထိုင်း- မြန်မာ နယ်စပ်ကို ရောက်လာတဲ့ ကျားဖျန့်နှိမ်နင်းရေး

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ်- မြန်မာ နယ်စပ်မှ ကျားဖျန့်နှိမ်နင်းရေး လုပ်ငန်းစဉ်မှာ ထိုင်း- မြန်မာနယ်စပ်သို့ ရောက်ရှိလာသည်ဟု ဆိုရမည်ဖြစ်သည်။

ဇန်နဝါရီ ၁၂ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အနီးတွင် တည်ရှိသည့် အွန်လိုင်းလိမ်လည် မှုလုပ်ငန်းများနှင့် လောင်းကစားမှုလုပ်ငန်းများကို တိုက်ဖျက်ရန် video conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက် ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားနိုင် မည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်မှု များ လုံခြုံချောမွေ့ အဆင်ပြေစေရေးအတွက် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ၊ တပ်မတော် နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင် ရွက်သွားမည့်အခြေအနေများ၊ မူးယစ်ဆေး ၀ါးတားဆီးနှိမ်နှင်းရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေး ချမ်းရေး၊ အွန်လိုင်းလောင်းကစားမှုနှင့် ငွေ ကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအ နေများ၊ အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီ မြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေ ကြေးလိမ်လည်မှုများ လုပ်ဆောင်လျက်ရှိ ကြောင်း စုံစမ်းသိရှိရသည့်အတွက် နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ဆောင်ရွက်ရမည့် အခြေ အနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့အနီးတွင် တည်ရှိသည့် အွန် လိုင်းလောင်းကစားမှု၊ လူမှောင်ခိုလုပ်မှုနှင့် နာမည်ကြီးနေ သော KK Park သည် KNU နှင့် ကုမ္ပဏီတစ်ခုတို့ လက်မှတ်ရေးထိုးတည် ဆောက်ထားသည့် နေရာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။

မြဝတီမြို့အနီးရှိ အွန်လိုင်းလိမ်လည်မှု များနှင့်ပတ်သက်၍ KNU မှ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်မှုအပေါ် ဇန်နဝါရီ ၉ ရက်က ပြောကြားရာတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘မြဝတီမြို့ရဲ့တောင်ဘက်မှာ KK Park ဆိုတဲ့ နေရာတစ်ခုရှိပါတယ်။ ဒီနေရာသည် KNU နဲ့ ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ထိုးပြီး တည်ဆောက်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ဒီနေ့ မှာ KNUအနေနဲ့ ကြေညာချက်ထုတ်တဲ့ပုံစံမျိုး လုပ်ခဲ့တာ တွေ့ရပါတယ်။ ဗြောင်လိမ်ဗြောင် စားလုပ်တဲ့ပုံစံမျိုးလုပ်ခဲ့တာ တွေ့ရပါတယ်။ ဒီ မြဝတီမြို့အနီးမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရ၊ တရုတ်အစိုးရတို့နဲ့ ပူးပေါင်းပြီးဆောင် ရွက်မယ်ဆိုတဲ့ဟာမျိုး ထုတ်ပြန်ခဲ့တာရှိပါ တယ်။ ဗြောင်လိမ်ဗြောင်စား လုပ်ဆောင်ခြင်း သာဖြစ်တယ်လို့ ကျွန်တော် ပြောကြားလိုပါ တယ်။ အဲဒီမှာ နာမည်ကြီးနေတဲ့ အွန်လိုင်း လောင်းကစားမှု၊ လူမှောင်ခိုလုပ်မှု နာမည်ကြီး နေတဲ့ KK Park ဆိုတာသည် သူတို့နဲ့ ကုမ္ပ ဏီတစ်ခုနဲ့ လက်မှတ်ထိုးပြီး တည်ဆောက် ထားတဲ့နေရာသာ ဖြစ်ပါတယ်’’ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ KK Park ကဲ့သို့ သော တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဆက် နွယ်နေသည့် စီမံကိန်းများတွင် ပါဝင်ပတ်သက် နေသော KNU ထိပ်ပိုင်းခေါင်းဆောင်အချို့ အား အရေးယူရန် ပျက်ကွက်နေသည့် ဗဟိုအ လုပ်အမှုဆောင်တစ်ဖွဲ့လုံး နှုတ်ထွက်ပေးရန် အထိ ကမ္ဘာတစ်ဝန်းမှ ကရင်အရပ်ဘက်အ ဖွဲ့အစည်း ၆၈ ဖွဲ့က KNU ခေါင်းဆောင်များ ထံ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြောင်း ၂၀၂၃ ခုနှစ် မေ ၆ ရက်တွင် ဧရာဝတီသတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။

KNU ဗဟိုအနေဖြင့် တရားမဝင် လောင်း ကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၊ လူမှောင် ခိုကုန်ကူးမှုများနှင့် ပတ်သက်သည်ဟု စွပ်စွဲခံ ထားရသည့် KNU  ကာကွယ်ရေးဝန်ကြီးဟောင်း ပဒိုစောရော်ဂျာခင်၊ တပ်မဟာ-၇ တပ်မဟာ မှူး ဗိုလ်မှူးချုပ် စောဖောဒို၊ KNLA စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၏သားဖြစ်သူ စောဒို့စိုး၊ တပ်မဟာ-၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး စောတင်စိုး (ခ)စောအယ်နာ ဒိုနှင့် ဗိုလ်မှူးကြီး စောဘချောတို့အား စုံစမ်း စစ်ဆေးကာ ပတ်သက်မှုရှိကြောင်း ထင်ရှား ပါက ဥပဒေများနှင့်အညီ အရေးယူမည်ဖြစ် ကြောင်း ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်က ပြော ဆိုထားသည်။

တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ် သက်နေသည့်  KK Park ကဲ့သို့သော တရား မဝင် လောင်းကစား လုပ်ငန်းများနှင့်ပတ်သက် ပြီး ခေါင်းဆောင်အချို့အား စုံစမ်းစစ်ဆေး မည်ဆိုသော်လည်း အရေးယူ မယူ ဆုံးဖြတ် နိုင်ခြင်းမရှိသေးကြောင်း KNU ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းက ၂၀၂၃ ခုနှစ် သြဂုတ် ၁၀ ရက်က ပြုလုပ်သည့် KNU ဗဟိုအလုပ်အမှု ဆောင်ကော်မတီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

KK Park တရုတ်စီမံကိန်းသည် အွန် လိုင်းငွေကြေးလိမ်လည်မှုများ၊ လူမှောင်ခိုမှု များ၊ လုပ်အားခေါင်းပုံဖြတ် စေခိုင်းမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှုများ စသည့် ရာဇဝတ်မှုများ ဖြင့် နာမည်ဆိုးထွက်နေသည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်းလည်း အွန်လိုင်းမီဒီယာများ၌ ရေး သားဖော်ပြမှုများကို တွေ့ရသည်။

တရုတ်နိုင်ငံအတွက် မျက်နှာပျက်စရာ နှင့် တရုတ်လူမျိုးများကို အများဆုံးဒုက္ခပေး နေသည့် ကျားဖျန့်လုပ်ငန်းမှာ တရုတ်- မြန် မာနယ်စပ်မှတစ်ဆင့် ထိုင်း- မြန်မာနယ်စပ် တွင်လည်း တည်ရှိနေသဖြင့် သက်ဆိုင်ရာအ စိုးရများနှင့် ပူးပေါင်းကာ တိုက်ဖျက်ရေးလုပ် ငန်းများကို ဆက်တိုက်လုပ်ဆောင်နေလျက်ရှိ သည်ကိုလည်း တွေ့ရသည်။

တရုတ်အစိုးရဘက်မှ ထိုင်း၊ မြန်မာ၊ လာအိုနိုင်ငံများ၏ နယ်စပ်ဒေသများတွင် ကျားဖျန့်လုပ်ငန်းများ တွင်ကျယ်နေသည်ဟု ယူဆချက်ဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင် ကာ ကျားဖျန့်လုပ်ငန်း တိုက်ဖျက်ရေးအတွက်  အစဉ်တစိုက်လုပ်ဆောင်လာခဲ့ခြင်းလည်း ဖြစ်သည်။

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့အနီး တွင် တည်ရှိနေသည့် ကျားဖျန့်လုပ်ငန်းများကို နှိမ်နင်းရေးအတွက် မည်သည့်ပုံစံများဖြင့် လုပ်ကိုင်ကြမလဲဆိုသည်ကို ဆက်လက်စောင့် ကြည့်ရမည့် အခြေအနေလည်းဖြစ်နေသည်။

Most Read

Most Recent