တရုတ်ကြားဝင်စေ့စပ်ပေးတဲ့ အပစ်ရပ်သဘောတူညီချက်က ဘယ်လောက်အောင်မြင်မလဲ

တရုတ်ကြားဝင်စေ့စပ်ပေးတဲ့ အပစ်ရပ်သဘောတူညီချက်က ဘယ်လောက်အောင်မြင်မလဲ
Published 28 January 2024

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်က စတင်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ 

အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီမှစပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင်ဒေသများ၊ ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ နယ်မြေခံတပ်ရင်း ဌာနချုပ်နှင့် နယ်မြေလုံခြုံရေးစခန်းများကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။  

ကိုးကန့်အဖွဲ့ (MNDAA) က ချင်းရွှေဟော်၊ လောက်ကိုင်နှင့် ကွမ်းလုံတို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ပြီး လားရှိုးနှင့် သိန္နီမြို့တစ်ဝိုက်တွင် တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေးကြောင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ် စသည့်နေရာသုံးခုကို အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ခဲ့ရကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။ 

သို့သော် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ "၁၀၂၇" စစ်ဆင်ရေး နှစ်လခွဲကျော်အကြာတွင် စစ်ရေးဗျူဟာအရ အရေးပါသော ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများနှင့် ပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း ၂၀၀ ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ပေါင်း ၁၇ မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်က ထုတ်ပြန်ခဲ့သည်။ 

ထိုသို့သောအခြေအနေတွင် တရုတ်၏ ကြားဝင်စေ့စပ်မှုကြောင့် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား တတိယအကြိမ် တွေ့ဆုံဆွေးနွေးပြီးချိန်တွင် အပစ်ရပ်သဘောတူညီချက်ကို ရရှိခဲ့သည်။ 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တပ်မတော်မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ တာဝန်ရှိသူများက ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အပစ်ရပ်သဘောတူညီချက်ကို ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ 

ထိုဆွေးနွေးပွဲတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား နှစ်ဖက်တောင်းဆိုမှုများအတွက် အကြိတ်အနယ် ဆွေးနွေးမှုများရှိခဲ့ပြီး နောက်ဆုံးနေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ အပစ်ရပ်ရန် သဘောတူညီမှု ရရှိခဲ့သည်။ 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ပြုလုပ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲသို့ နစက၏  NSPNC ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဘက်မှ အတွင်းရေးမှူးများ တက်ရောက်ခဲ့သည်။

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်ရပ်ရန် သဘောတူညီချက်ရရှိရာတွင် နှစ်ဖက်တပ်များ လက်ရှိရောက်နေသည့် နေရာမှ ရှေ့ဆက်မတိုးရန်နှင့် အလုံးစုံအပစ်ရပ်ထားရန်လည်း ဖြစ်သည်။ 

တရုတ်ဘက်က ဘာပြောလဲ 

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား တတိယအကြိမ်မြောက် ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲမှုကို ထိန်းသိမ်းပြီး ဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဖြေရှင်း၍ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်စေရေး အတူတကွ ဖော်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning’s က ပြောကြားသည်။

ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် Global Times သတင်းဌာန၏ မေးမြန်းမှုအပေါ် ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning’s က ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning’s က တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်တိုက်တွန်းမှုဖြင့် မြန်မာနိုင်ငံ တပ်မတော်နှင့် MNDAA၊ TNLA၊ AA မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက် မှ ၁၁ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်က ချက်ချင်းအပစ်အခတ်ရပ်စဲရန်၊  စစ်ရေးထိတွေ့မှုများရပ်တန့်ရန်၊ သက်ဆိုင်ရာ အငြင်းပွားမှုတောင်းဆိုချက်များကို ငြိမ်းချမ်းစွာဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် သဘောတူခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်က တရုတ်နိုင်ငံ နယ်စပ်ဒေသပြည်သူများနှင့် မြန်မာနိုင်ငံအတွင်းရှိစီမံကိန်းမှဝန်ထမ်းများ ဘေးကင်းလုံခြုံမှု မထိခိုက်စေရန် ကတိပြုခဲ့သည့်အပြင် အပစ်အခတ်ရပ်စဲရေး စီစဉ်မှု စသည့်အခြားကိစ္စရပ်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအရှိန်ကို ထိန်းသိမ်းခြင်းသည် မြန်မာနိုင်ငံဘက်အသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်လည်း အထောက်အကူပြုကြောင်း၊ မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက သဘောတူညီမှုရရှိထားသည့် အပစ်အခတ်ရပ်စဲမှုကို သေချာစွာအကောင်အထည်ဖော်ဆောင်ပြီး အပြန်အလှန်အစွမ်းကုန် ထိန်းသိမ်းစွာလုပ်ဆောင်၍ ဆွေးနွေးခြင်းဖြင့် ပြဿနာများကို ဆက်လက်ဖြေရှင်းကာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေရေးအတွက် အတူတကွ တွန်းအားပေးဖော်ဆောင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်းနှင့် တရုတ်နိုင်ငံက ယင်းအတွက် တတ်စွမ်းသမျှကူညီပံ့ပိုးမှုများ ပြုလုပ်၍ အပြုသဘောဆောင်သည့်အခန်းကဏ္ဍဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း Mao Ning’s က ပြောကြားသည်။

နစကပြောရေးဆိုခွင့်ရှိသူ ဘာပြောလဲ 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တပ်မတော်မှ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ တာဝန်ရှိသူများက ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးရာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ရခဲ့ပြီးဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်တော့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဆက်လက်ဆွေးနွေးရမယ့်ဟာတွေလည်း ရှိပါသေးတယ်။ ဆက်လက်ဆွေးနွေးရမယ့်ဟာတွေတော့ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးသွားပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ကုန်သွယ်ရေးအတွက် နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စများနှင့်ပတ်သက်၍လည်း အမြန်ဆုံးပြန်ဖွင့်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ 

“ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး၊ နယ်စပ်ဂိတ်တွေနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ ဒါဆောင်ရွက်ဖို့ ရှိပါတယ်။ အမြန်ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထုတ်ပြန်ချက် 

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်ကလည်း ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ ဟိုဂင်သဘောတူညီချက်များကို နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။ 

ယင်းတွေ့ဆုံမှုသည် တတိယအကြိမ်ဆွေးနွေးပွဲဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲအပြီး၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီမှစ၍ နှစ်ဖက်တပ်များ ချက်ချင်း အပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင် အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှု မရှိစေရေး၊ အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် ပစ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ဖြေရှင်းရေး စသည့်အချက်များအပေါ် သဘောတူညီမှု ရရှိခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆိုသည်။ 

ထိုသို့ သဘောတူညီမှုရရှိစေရန်အတွက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ တပ်မတော်၏ စခန်းများ၊ ဗျူဟာကုန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ စတင်ပြုလုပ်ခြင်း မပြုရန် သဘောတူခဲ့ပြီး တပ်မတော်ဘက်ကလည်း ရှမ်းမြောက်ဒေသရှိ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထိန်းချုပ်၊ သိမ်းပိုက်ထားသော နေရာအားလုံးကို လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ရန် သဘောတူခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။ 

ထို့အတူ နှစ်ဖက်အဖွဲ့အစည်းမှ တရုတ်-မြန်မာ နယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်စေရန်နှင့် မဖျက်ဆီးကြရန် သဘောတူညီခဲ့ကြောင်းနှင့် နှှစ်ဦးနှစ်ဖက်မှ ချက်ချင်းအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အစီအမံနှင့် အခြားကိစ္စရပ်များကို ဆက်လက်ဆွေးနွေးသွားရန် သဘောတူခဲ့ကြကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆိုသည်။ 

ဘယ်လောက်အောင်မြင်မလဲ 

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်ရပ် သဘောတူညီချက်ရရှိပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ သိသာစွာ လျော့နည်းသွားခဲ့သည်။ 

သို့သော် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူထားသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ ဒေသအချို့တွင် ပစ်ခတ်တိုက်ခိုက်မှုအချို့ ဆက်ရှိနေသည်။

အပစ်ရပ်လက်မှတ်ထိုးပြီး နောက်တစ်နေ့ဖြစ်သည့် ဇန်နဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခြင်း မရှိသော်လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆိုသည်။ 

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ ဒေသအချို့တွင် စစ်ရေးလှုပ်ရှားမှုအချို့ရှိနေပြီး တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား ထိတွေ့မှုအချို့လည်း ရှိခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။ 

လက်ရှိတွင် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေရသူဦးရေ ၂ ဒသမ ၆ သန်းအထိ ရှိလာပြီး ထိုပမာဏသည် မြန်မာနိုင်ငံ၌ စံချိန်တင် မြင့်တက်လာသော စစ်ဘေးရှောင်ဦးရေလည်း ဖြစ်သည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရပ်စွန့်ခွာသူဦးရေ ၆၆၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစ၍ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် စစ်ဘေးရှောင်ဦးရေ ၆၆၀၀၀၀ ကျော်ရှိသည့်အနက် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုတည်းတွင် စစ်ဘေးရှောင်ဦး ၁၅၀၀၀၀ ခန့်ရှိနေသည်။ 

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်ရရှိခြင်းသည် စစ်ဘေးရှောင်ဦးရေ ထပ်မံတိုးပွားလာမည့် အခြေအနေကို အတိုင်းအတာတစ်ခုအထိ အဟန့်အတားဖြစ်စေခဲ့ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။ 

သို့သော် နှစ်ဦးနှစ်ဖက်က အပစ်ရပ်ရန် သဘောတူပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ထိတွေ့မှုအချို့ရှိလာသဖြင့် လက်နက်ကိုင်ပဋိပက္ခများ ပြန်လည်ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

ထို့ကြောင့် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုဖြင့် တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် မည်မျှအထိ အောင်မြင်လိမ့်မည်ကို စစ်ရေးလေ့လာသူများက ဆက်လက်စောင့်ကြည့်လျက်ရှိကြသည်။

Most Read

Most Recent