ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်လျော့၊ ပထဝီနိုင်ငံရေး အရှိန်တက်၊ ကမ္ဘာ့ထုတ်လုပ်မှုအသွင်သဏ္ဌာန် မည်သို့...

ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်လျော့၊ ပထဝီနိုင်ငံရေး အရှိန်တက်၊ ကမ္ဘာ့ထုတ်လုပ်မှုအသွင်သဏ္ဌာန် မည်သို့...
Published 28 January 2024
ရွှေသင် (MPP)  

(၁)

 ယခင်က နီးနီးကပ်ကပ်ဆက်စပ်လျက် ကုန်စည်နှင့် ဝန်ဆောင်မှု ချောချောမွေ့မွေ စီးဆင်းနေခဲ့ကြသော ကမ္ဘာ့ဈေးကွက်များသည် ယခုအချိန်တွင် အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက်လာနိုင်ခြေများ ဖြစ်ပေါ်လာနေသည်။ ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်လျော့နေခဲ့ပြီလား။ ဂလိုယ်လိုက်ဇေးရှင်းအရှိန် လျော့ကျမှု  (ကမ္ဘာ့အနှံ့ကူးလူး ဆက်နွှယ်မှုများ လျော့နည်းကျဆင်းသွားမည့်အခြေအနေ) သည် တဖြည်းဖြည်း ဖြစ်လာနေကြောင်း  အားလုံးသတိပြုမိလာနေကြပြီ။  

ကမ္ဘာ့နိုင်ငံအသီးသီး၏ စီးပွားရေးအခြေအနေများအပေါ် အနှောင့်အယှက်အမျိုးမျိုး ကျရောက်ဖြစ်ပေါ်မူမှာ သိသိသာသာဖြစ်ပေါ်လျက်ရှိသည်။ အခြေအနေများသည်  ကသောင်းကနင်းဖြစ်မှုဆီသို့ ဦးတည်နေပုံရှိနေ၏။ သုတေသီအချို့က ယခင်က မည်သူမျှ မျှော်လင့်မထားခဲ့ကြသော “ဖြစ်နိုင်ခြေ မရှိ” ဟု  မှတ်ချက်ပြုထားကြသည့် အခြေအနေများကို ယခုအထင်သားမြင်နေကြရပြီဟု ကောက်ချက်ချကြသည်။ ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) မှသည် ဒီဂလို ဘယ်လိုက်ဇေးရှင်း (Deglonalization) သို့ အမှန်ပင် ဦးတည်နေပြီလော။ 

(၂)

ပေကျင်းအခြေစိုက် နိုင်ငံတကာ လွတ်လပ်သော သုတေသနနှင့်ပညာရှင်အဖွဲ့ ANBOUND ကို တည်ထောင်ခဲ့သူ  Kung Chan က ပထဝီနိုင်ငံရေးဂိမ်းများ၊ နိုင်ငံတကာဆက်ဆံရေး ပဋိပက္ခများနှင့် မတည်ငြိမ်သောအခြေအနေအမျိုးမျိုးအောက်တွင် ယနေ့ကမ္ဘာကြီးသည် လွန်ခဲ့သော ၁၉၃ဝပြည့်နှစ်များဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားရသည်ဟုဆိုထားသည်။  ထိုသို့ပြောဆိုထားသော်လည်း လက်ရှိဖြစ်ပေါ်ပြောင်းလဲနေမှုများသည် ၁၉၃၀ ပြည့်နှစ်များက အခြေအနေများနှင့်ထပ်တူကျလျက် တူညီနေသည့် အဓိပ္ပါယ်မျိုးမဟုတ်ဟုလည်း ဆိုပြန်သည်။   

အပြောင်းအလဲများ၊ အရွေ့များကို ရင်ဆိုင်ကြုံတွေ့နေရသော ယနေ့ကာလ လူ့အဖွဲ့အစည်းများ၏ ရပ်တည်ချက်များ၊ သဘောထားအယူအဆများသည် ၁၉၃ဝပြည့်နှစ်နှောင်းပိုင်း (ဆိုလိုသည်မှာ  ဒုတိယကမ္ဘာစစ်မတိုင်မီ) က အခြေအနေများနှင့် ယေဘုယျအားဖြင့်ဆင်တူသည့်သဘော ဆိုလိုခြင်းသာဖြစ်သည်ဟု ပြန်လည်ရှင်းပြသည်။ ယနေ့ကြုံတွေ့နေရသည့် အခြေအနေများ၏ သွင်ပြင်လက္ခဏာများတွင် ဂလိုဘယ်လိုက်ဇေးရှင်း အယူအဆကို လူကြိုက်များခဲ့စဉ်က    သတိမမူခဲ့သော  အမျိုးသားရေးဝါဒ (Nationalism)၊ လူအများ သည်းခြေကြိုက်လှုပ်ရှားမှုများ (Populist Movement) ၊ လက်ဝဲလက်ယာထိပ်တိုက်တွေ့မှုများ (Left-Right Confrontation)၊ ပထဝီဝင်နိုင်ငံရေးပြန်လည်ချိန်ညှိမှု (Geopolitical Realignment)၊ အိုင်ဒီယာ နိုးထလာမှုများ (Ideological Resurgence) နှင့်   အခြားသော အရေးပါသည့်ဝေါ ဟာရအယူအဆများမှာ ယခုအချိန်တွင် မဖြစ်မနေထည့်သွင်းစဉ်းစားရမည့်အခြေအနေမျိုး ဖြစ်လာနေသည်။       

(၃)

    စီးပွားရေးရှုထောင့်မှကြည့်လျှင် အတိတ်ကာလများက အယူအဆများနှင့် ထပ်တူမကျတော့။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများတွင် သိသာ ထင်ရှားသော အပြောင်းအလဲအမှုများ ရှိလာသည်ကိုတွေ့ကြရလိမ့်မည်။ ယခင်ကစီးပွားရေးနှင့် ပတ်သက်သည့် အရာရာအားလုံးသည် စျေးကွက်နှင့်သာပတ်သက်သည်။ ဈေးကွက်ယန္တရားထဲတွင် လည်ပတ်နေသည်ဟု  သဘောထား၏။ ရင်းနှီးမြှုပ်နှံမှုများ လွတ်လွတ်လပ်လပ်စီးဆင်းကြ၏။ ကုန်သွယ်မှုသည် ကမ္ဘာ့နိုင်ငံများ၏ နယ်နိမိတ်အသီးသီးကို ချောချောမွေ့မွေ့ပင်ဖြစ်ကျော်နိုင်၏။  စီးပွားရေးလုပ်ငန်းများသည် ကုန်ကျစရိတ်အပါအဝင် အားသားချက်အမျိုးမျိုး ရရှိရေးနှင့်ဈေးကွက်အားလုံးကို ဖြန့်ကြက်နိုင်ရေးအတွက် တစ်ကမ္ဘာလုံးကိုပတ်၍ လွတ်လွတ်လပ်လပ် ရှာဖွေနိုင်ခဲ့ကြသည်။  

    အတိတ်ကာလများက နိုင်ငံအများစုသည် ၎င်းတို့၏စီးပွားရေးကို ဈေးကွက်ကို ဗဟိုပြု၍ လှုပ်ရှားခဲ့ကြ၏။ ထို့ကြောင့် အားလုံး၏ အလေးထားမှုသည်လည်း ဈေးကွက်ကိုချဉ်းကပ်နိုင်ရေးမှာ အဓိကဖြစ်ခဲ့သည်။ ယခုအချိန်တွင် ဈေးကွက်အလေးထားမှုထက် လုပ်ငန်းများ၏ ဝန်းကျင်အခြေအနေကို ပို၍ဂရုစိုက်လာသည်။ ပထဝီနိုင်ငံရေးကို မျက်ခြည်မပြတ်စောင့်ကြည့်နေရသည်။ စီးပွားရေးလုပ်ငန်းများ၏ အင်အားစွမ်းရည်ဆိုသည်မှာ ထုတ်လုပ်မှုလုပ်ငန်းများ၏ ဗဟိုချက်မနှင့် နီးကပ်ရေး၊ ထုတ်လုပ်မှုဗဟိုချက်မ အဝန်းအဝိုင်း ပိုမိုတိုးချဲ့နိုင်ရေးဖြစ်လာသည်။     

(၄)

     ပထဝီနိုင်ငံရေးအခြေအနေများသည်လည်း  စီးပွားရေးလုပ်ဆောင်ချက်များတွင် သိသိသာသာ ဝင်ရောက်စွက်ဖက်မှုများရှိလာခဲ့သည်။ ကမ္ဘာ့နိုင်ငံအများအပြားတွင် အလုပ်လုပ်နေကြသည့် မာလ်တီနေရှင်နယ်ကော်ပိုရေးရှင်းကြီးများသည် ဈေးကွက်သဘောတရား၊ အယူအဆများကိုသာမက ပထဝီနိုင်ငံရေးအခြေအနေများကိုပါ အလေးအနက်ထား၍  ထည့်သွင်းစဉ်းစားလာကြရသည်။ အနီးကပ်ထုတ်လုပ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းများပြောင်းရွှေ့မှုအမြင်အရ ကမ္ဘာ့ စက်ရုံ ကြီးဟုခေါ်နေသည့် တရုတ်နိုင်ငံမှ စက်မှုလုပ်ငန်းများ ဗီယက်နမ်နှင့် အိန္ဒိယတို့ကဲ့သို့ နိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်လာနေခြင်းသည် ယာယီဖြစ်စဉ်သာ ဖြစ်သည်ဟု  Kung Chan က ယုံကြည်ထားသည်။ 

    ယခင်ကာလများက နိုင်ငံစုံကော်ပိုရေးရှင်းကြီး ကမ္ဘာ့အနှံ့ဆက်စပ်လုပ်ကိုင်နေသော ခြေရာများသည်လည်း မှေးမှိန်သွားမည့်၊ ရပ်တန့်သွားနိုင်မည့်အခြေအနေမရှိဘဲ အရှိန်မပျက်  ဆက်လက်ဖြစ်ပေါ်နေလိမ့်မည်။ အိန္ဒိယနှင့် ဗီယက်နမ်တို့မှ လုပ်ငန်းများကို ၎င်းတို့၏ဝန်းကျင်ဆက်စပ်ဒေသများ၊ နှိုင်းယှဉ်အကျိုးစီးပွား ဖြစ်ထွန်းမည့် အခြားဒေသများကို ရွှေ့ပြောင်းမှုများ ပိုမိုရှိလာပေလိမ့်မည်။ အမေရိကန်နိုင်ငံသည်လည်း ၎င်းတို့၏နီးနီးကပ်ကပ်ဒေသ တောင်အမေရိကသို့  လုပ်ငန်း အရွှေ့အပြောင်းများ ရှိနေသည်။      ဂလိုဘယ်လိုက်ဇေးရှင်းဟု ခေါ်ခဲ့ကြသည့် ကမ္ဘာလုံးဆိုင်ရာကူးလူးဆက်နွှယ်မှု အရှိန်လျော့ကျလာခြင်း (ဒီဂလိုဘယ်လိုက်ဇေးရှင်း) ၏ အကျိုးဆက်အဖြစ် စက်မှုလုပ်ငန်းများ ပြန်လည်ပြောင်းရွှေ့နေရာချထားမှုများသည် ကမ္ဘာကြီး၏ ထုတ်လုပ်မှုဆိုင်ရာ ဖြန့်ဖြူးရေးအခင်းအကျင်းသစ်ကို ပုံဖော်လျက် ကမ္ဘာလုံး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခြေအနေသစ်များကိုလည်း အပြောင်းအလဲများဖြစ် ပေါ်လာစေလိမ့်မည်ဟု ယူဆနေကြသည်။ 

(၅)

         ပြီးခဲ့သည် ဇန်နဝါရီက တရုတ်နိုင်ငံတောင်ပိုင်း၊ Chengdu မြို့တွင် ပြုလုပ်ခဲ့သည့် ANBOUND 2024 Trend Symposium တွင် ANBOUND အဖွဲ့ကိုထူထောင်သူ Kung Chan က   ဒီဂလိုဘယ်လိုက်ဇေးရှင်းအခြေအနေအောက်ရှိ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုပုံစံနှင့်ပတ်သက်၍ ၎င်း၏ သုတေသနလေ့လာမှုတွင်ဖော်ပြထားသည့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများ၏ အခြေအနေကို အဆင့်လေးဆင့်ဖြင့်ထုတ်ဖော်ပြောဆိုခဲ့သည်။

ပထမအဆင့် (မူလအခြေခံထုတ်လုပ်မှု)

          စွမ်းအင်နှင့် ဓာတ်သတ္တုအရင်းအမြစ် ထုတ်လုပ်မှုများနှင့်  စားနပ်ရိက္ခာထုတ်လုပ်မှု။ 

ဒုတိယအဆင့် ( ဆင့်ပွားထုတ်လုပ်မှု)

    မော်တော်ကားများနှင့် မြန်နှုန်းမြင့်ရထားများအပါအဝင် လူတို့ နေ့စဉ်နေထိုင် ရပ်တည်မှုအတွက်လိုအပ်သည့် တီထွင်ဖန်တီးပါသော အထွေထွေကုန်စည်များထုတ်လုပ်မှု။ 

တတိယအဆင့်-အဆင့်မြင့်ထုတ်လုပ်မှု

    ဖိုသိုလစ်သိုဂရပ်ဖီဟုခေါ်သော ဓာတ်ပုံရိုက်၊ ဓာတ်မှန်ရိုက်စက်များ အပါအဝင်  အဆင့်မြင့်နည်းပညာဖြင့် ဖန်တီးထုတ်လုပ်မှုများ။

စတုတ္ထအဆင့် (လူမှုနေထိုင်ရေစနစ်တစ်ခုလုံးနှင့် ပတ်သက်သော ထုတ်လုပ်မှု)

    ဆက်သွယ်ရေးဂြိုဟ်တု အစုအဝေး တည်ဆောက်ခြင်းကဲ့သို့ ကြီးမားကျယ်ပြန့်၍ လူအဖွဲ့အစည်း၏စနစ်တစ်ခုလုံးနှင့် ပတ်သက်သည့် ထုတ်လုပ်မှုများ။

     ထို့ပြင် Kung Chan က   ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏  ပါဝင်ပတ်သက်မှုအဆင့်များကို အခြေခံ၍  ဒီဂလိုဘယ်လိုက်ဇေးရှင်းအခြေအနေအောက်ရှိ ကမ္ဘာ့ ထုတ်လုပ်မှုအခြေပြမြေပုံ (World Production Map under Deglobalization) ကို  သရုပ်ဖော်ခဲ့သည်။ အာဖရိက၊ ရုရှား၊ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်း၊ ဩစတြေးလျနှင့် တောင်အမေရိကဒေသများသည်အခြေခံထုတ်ကုန်ထုတ်လုပ်မှုဇုန်ထဲတွင် တစ်စိတ်တစ်ပိုင်းအားဖြင့်လည်းကောင်း၊ တစ်ခုလုံးအားဖြင့်လည်းကောင်း ပါဝင်နေသည်။   

    တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်တို့သည် တစ်စိတ်တစ်ပိုင်း အခြေခံထုတ်လုပ်မှုများနှင့်ဒုတိယအဆင့် ဆင့်ပွားဖန်တီးထားသည့် ထုတ်ကုန်များထုတ်လုပ်သည့် ဒေသအတွင်း ကျရောက်နေသည်။ အိန္ဒိယနှင့် အရှေ့တောင်အာရှတို့သည် အနာဂတ်တွင် အခြေခံနှင့် ဒုတိယအဆင့်ထုတ်ကုန်များကို အဓိကထုတ်လုပ်မည့် ပင်မဒေသများ ဖြစ်လာနိုင်သည်။ ဥရောပဒေသ (အနောက်ပိုင်း ၊ တောင်ပိုင်းနှင့် မြောက်ပိုင်း) သည် ယဉ်ကျေးမှုထုတ်ကုန်များနှင့် လူ့အဖွဲ့အစည်း၏ စနစ်တစ်ခုလုံးနှင့် ဆက်စပ်မှုရှိသော ထုတ်ကုန်များ၏ ပင်မဧရိယာအဖြစ် ရပ်တည်နေသည်။ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် နည်းပညာမြင့် ဖွံ့ဖြိုးတိုးတက်ရေးထုတ်ကုန်များ၊ လူမှုအဖွဲ့အစည်း၏ စနစ်တစ် ခုလုံးနှင့်သက်ဆိုင်သည့် ထုတ်ကုန်များအတွက် ပင်မထုတ်လုပ်မှုနယ်ပယ်များအဖြစ် ဆက်လက်ဦးတည်သွားနိုင်သည်။ အမေရိကန်နိုင်ငံနှင့် နီးကပ်မှုရှိသည့် မက္ကဆီကို အပါအဝင် တောင်အမေရိကဒေသရှိ နိုင်ငံအချို့သည်လည်း အဆင့်မြင့်ထုတ်ကုန်ဒေသဖြစ်လာရန် အလားအလာကောင်းများရှိနေသည်။

(၆)

    တရုတ်နိုင်ငံနှင့်ပတ်သက်၍လည်း အမျိုးအစုံဆုံး စက်မှုနည်းပညာ၊ အဆင့်မြင့်နည်းပညာများဖြင့် ကမ္ဘာပေါ်တွင် ထုတ်ကုန်အမျိုးအစားမျိုးစုံကို အကျယ်ပြန့်ဆုံးထုတ်လုပ်နိုင်စွမ်းရည်ရှိသည့် နိုင်ငံတစ်နိုင်ဖြစ်သည်ကို သတိပြုသင့်သည်ဟု မှတ်ချက်ပေးထားသည်။ စက်မှုထုတ်လုပ်ရေးကဏ္ဍတွင် ပိုမိုအဆင့်မြင့်သော "ဗားရှင်း တူးပွိုင့်ဇီးရိုး(2.0) ထုတ်လုပ်မှုများနှင့်  ဗားရှင်းသရီးပွိုင့် ဇီးရိုး (Version 3.0) အဖြစ် တစ်စိတ်တစ်ပိုင်းသတ်မှတ်နိုင်သည့် ထုတ်လုပ်မှုလုပ်ငန်းများအပြင် ဗားရှင်း ဝမ်းပွိုင့်ဇီးရိုး(Version 1.0) အဆင့်ကဲ့သို့ သမားရိုးကျကုန်ထုတ်လုပ်မှုလုပ်ငန်းအများအပြားလည်းရှိနေသည့် နိုင်ငံဖြစ်ပေသည်။ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာများနှင့် ပတ်သက်၍ ကမ္ဘာနှင့်ချီ၍ ကြိုတင်ရှုမြင်ချက်များကိုပါ ထည့်သွင်းစဉ်းစားခဲ့ပါလျှင် တရုတ်နိုင်ငံကို အခြေခံထုတ်ကုန်များ (ပထမအဆင့်) ထုတ်ကုန်များနှင့် ဆင့်ပွား (ဒုတိယအဆင့်) ထုတ်ကုန်များကိုပါ ထုတ်လုပ်နေသည့် နိုင်ငံအဖြစ် သတ်မှတ်နေကြဆဲဖြစ်သည်။     

(၇)

    ပြီးခဲ့သောရာစုနှစ်အတွင်း လူကြိုက်များခဲ့သော ဂလိုဘယ်လိုက်ဇေးရှင်းသည် အကောင်းအဆိုး၊ အကြောင်းအကျိုးများစွာဖြင့် တွေ့ကြုံခံစား၊ စံစားခဲ့ရပြီဖြစ်သည်။ ထိုအခြေအနေအမျိုးမျိုးကို ပြန်လည်သုံးသပ်စဉ်းစားခဲ့ကြပြီးနောက် ဂလိုဘယ်လ်လိုက်ဇေးရှင်းအပေါ် ကျေနပ်မှု၊  နှစ်သက်မှုများသည် မူလက ရှိခဲ့သည့် အရှိန်အဟုန်ထက် လျော့ကျသွားခဲ့လေပြီ။ ယခုအချိန်တွင်  ဒီဂလိုဘယ်လ်လိုက်ဇေးရှင်း အယူအဆနှင့်အတူ ခေတ်သစ်ပထဝီနိုင်ငံရေးအားပြိုင်မှုများကလည်း တရိပ်ရပ်အရှိန်တက်လာလျက်ရှိ၏။ အခြေအနေသစ်အောက်တွင် ကမ္ဘာ့နိုင်ငံများကြား၊ ဒေသများကြား၌ ပူးပေါင်းဆောင်ရွက်၊ ဆက်ဆံလုပ်ကိုင်မှုများအပေါ် အပြောင်းအလဲများစွာရှိလာလိမ့်မည်။ ကမ္ဘာ့စီးပွားရေးအင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည်လည်း မမျှော်မှန်းထားသည့် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်လာရ ဖွယ်ရှိပေလိမ့်မည်။  

 ကိုးကား။  http://www.anbound.com/Section/ArticleView