ကျွန်းတစ်ထောင်မြေမှ ကွန်အော်ရေတံခွန်

ကျွန်းတစ်ထောင်မြေမှ ကွန်အော်ရေတံခွန်
Published 28 January 2024
စည်သာ (တောင်ကြီး)

 

 

ရှမ်းပြည်နယ်တွင် အင်မတန်လှပသော ရေတံခွန်များစွာရှိပါသည်။ အဆိုပါရေတံခွန်များသည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများဆုံးတည်ရှိကြပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသော ရေတံခွန်များအားလုံးတွင် ပြည်တွင်းမှာသာမက အရှေ့တောင်အာရှတွင်ပါ အလှဆုံးဟု ခေါ်ဆိုနိုင်သော ကွန်အော် ရေတံခွန်ဆီ အားလပ်ရက်များတွင် မထင်မှတ်ဘဲ ရောက်ဖြစ်ခဲ့ပါသည်။ လက်တွေ့အပြင်မှာ မမြင်ဖူးလျှင် မယုံနိုင်စရာပါပေ။ ရောက်ဖူးမှသာ အင်မတန်လှပသည့် မြင်ကွင်းများကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ပေမည် ဖြစ်ပေသည်။

''နမ့်ပန်ချောင်း ဖြတ်စီးနေသည့် မြို့ကလေး (သို့မဟုတ်) ကျွန်းတစ်ထောင်မြို့''

ရှမ်းဘာသာအားဖြင့် ကွန်-ကျွန်း ၊ ဟိန် (တစ်ထောင်) ကျွန်းတစ်ထောင်ဟု အဓိပ္ပာယ်ရသော ကွန်ဟိန်းမြို့ကလေးသည် ရှမ်းပြည်နယ်တောင်ပိုင်း အစွန်ဆုံးတွင် တည်ရှိပါသည်။

ကွန်ဟိန်းမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းအစွန်ဆုံးဖြစ်ကာ နယ်စပ်မြို့ကလေးဖြစ်ပြီး တာကော်တံတားကျော်လိုက်လျှင် ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းပျဉ်းမြို့သို့ ရောက်ရှိသည်။ ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ကို သံလွင်မြစ်ဖြင့် ပိုင်းခြားသတ်မှတ်ထားခြင်းဖြစ်ပြီး သံလွင်မြစ် အရှေ့ဘက်ခြမ်းသည် ရှမ်းပြည် အရှေ့ပိုင်းဖြစ်ကာ သံလွင်အနောက်ဘက်ခြမ်းသည် ရှမ်းပြည်နယ်တောင်ပိုင်း နယ်နိမိတ်ဖြစ်သည်။

ကွန်ဟိန်းမြို့နယ်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်တွင် တည်ရှိပြီး ကွန်ဟိန်းမြို့နယ်ထဲတွင် ကာလိမြို့ ပါဝင်သည်။ မြောက်ဘက်မှ စီးဆင်းလာသော နမ့်ပန်ချောင်း ဖြတ်သန်းစီးဆင်းနေသဖြင့် ကွန်ဟိန်းမြို့တွင် ရေပေါများပါသည်။ ကွန်ဟိန်းမြို့အဝင် ကွန်ဟိန်းတံတားပေါ်မှ ကြည့်လျှင် ကြီးကျယ်ခမ်းနားသော နမ့်ပန်ချောင်းအလှအပများကို မျက်စိတစ်ဆုံး မြင်တွေ့ခံစားနိုင်သည်။ နမ့်ပန်ချောင်းသည် ကျယ်ပြန့်သဖြင့် တံတားသည် သုံးဆစ်ချိုး ပုံသဏ္ဍာန် ရှည်လျားစွာ တည်ဆောက်ထားသည်ကို မြင်တွေ့နိုင်ပေသည်။ ကွန်ဟိန်းဘက်မှ ကာလိမြို့အထွက် တံတားပေါ်မှကြည့်လျှင် ယခင်တံတားအဟောင်း သစ်သားတိုင် အောက်ခြေငုတ်တိုင်များကို လှမ်းမြင်တွေ့နိုင်ပေသည်။ ကွန်ဟိန်းတံတားနှင့် ကွန်ဟိန်းမြို့မြင်ကွင်းကို အပေါ်စီးရှုခင်းမှ ဓာတ်ပုံရိုက်လျှင် အင်မတန်လှပမည်ဟု ထင်မြင်မိပါသည်။

ကွန်ဟိန်းမြို့တွင် ရှမ်းတိုင်းရင်းသားအများစုနေထိုင်ကြခြင်း ဖြစ်ပြီး ရှမ်းရိုးရာအစားအစာများ လူသိများ ထင်ရှားပေသည်။ ကွန်ဟိန်းဒေသထွက် ရှမ်းရိုးရာ အစားအစာများမှာ ခေါပုတ်၊ တို့ဟူးချဉ်၊ ကောက်ညင်းကျည်တောက်၊ ဝက်သားဖက်ထုပ်ပေါင်း (ပြန်ကင်)၊ ဖက်ထုပ်ငါးပေါင်း၊ ရှမ်းဝက်သားချဉ်၊ ရှမ်းအမဲသားချဉ်၊ ရှမ်းငါးချဉ်၊ ပိန်းရွက်ပေါင်း၊ ချင်းပဲပုပ်အစပ်၊ ပဲပုပ်အမှုန့် အစရှိသဖြင့် ရှမ်းရိုးရာအစားအစာများ ရောင်းချကြသည်။ ကွန်ဟိန်းမြို့နှင့် ကာလိမြို့ရောက်စဉ် တောင်စဉ်တောင်တန်းများ လှပစွာ သွယ်တန်းနေသည်ကို ထူးခြားစွာ မြင်တွေ့ခဲ့ရသည်။ တောင်တန်းများသည် ရှုမျှော်မဆုံးနိုင်အောင်ပင် လှပပါသည်။

''အရှေ့တောင်အာရှတွင် အလှပဆုံး ရေတံခွန်''

ကွန်အော်ရေတံခွန်သည် ပြည်တွင်းမှာသာမက အရှေ့တောင်အာရှတွင်ပါ အလှပဆုံး ရေတံခွန်အဖြစ် လူသိများသည်။

နမ့်ပန်ချောင်းသည် မိုင်းရှူးမြို့နယ်တွင် ဟိုက်ပါရေတံခွန်အဖြစ် မြောက်မှ စီးဆင်းလာပြီး ကွန်ဟိန်းမြို့နယ် တောင်ဘက်ပိုင်းတွင် သံလွင်မြစ်အတွင်းသို့ စီးဝင်သွားသည်။ နမ့်ပန်ချောင်း သံလွင်မြစ်အတွင်း စီးဝင်သော တာဆိုင်းရွာအနီး မြစ်ဆုံနေရာသည် အင်မတန်လှပသော ရှုခင်းဖြစ်ကြောင်း သိရသည်။ ကွန်ဟိန်းမြို့နယ်အတွင်း စီးဆင်းနေသော နမ့်ပန်ချောင်းသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ဧရိယာကျယ်ပြန့်စွာ စီးဆင်းနေသဖြင့် အံ့မခန်းဆန်းကြယ်သော ကွန်အော်ရေတံခွန် ဖြစ်ပေါ်လာသည်။ နမ့်ပန်ချောင်းနှင့် သံလွင်မြစ်စီးဆင်းရာ လမ်းတစ်လျှောက်အတွင်း ကျောက်စိုင်ကျောက်တုံးကြီးများ ထိုးထိုးထောင်ထောင်ထွက်ပေါ်နေခြင်းကို အစွဲပြု၍ ကျွန်းတစ်ထောင်ဟု တင်စားခေါ်ဝေါ်ခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။ ရေတံခွန်သွားရာ ချောင်းရိုးလမ်းတစ်လျှောက်တွင် သဘာဝအလျောက် ဖြစ်တည်နေသော ကျောက်စိုင်ကျောက်တုံးကြီးများ မရေတွက်နိုင်အောင် များပြားစွာတည်ရှိသည်။

ကွန်ဟိန်းမြို့အထွက်တွင် ကွန်ဟိန်းရေတံခွန်သွားလမ်းတည်ရှိပြီး လမ်းဆုံလမ်းထိပ်တွင် ဆိုင်းဘုတ်ထောင်ထားကာ ၃ ဒသမ ၂ ကီလိုမီတာ အကွာအဝေးရှိကြောင်း ဖော်ပြထားသည်။ ရေတံခွန်သွားလမ်းသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ပထမပတ်အတွင်း လမ်းတစ်ခြမ်း ကျောက်ကြမ်းခင်းထားသော အဆင့်သာ တည်ရှိသေးပြီး လမ်းချောခင်းရန် များစွာ လိုအပ်နေသေးသည်ကို တွေ့ရသည်။ ရေတံခွန်မရောက်မီ လမ်းဘေးတွင် ချောင်းငယ်လေးဖြင့် ရေသံကို ကြားနေရသည်။     

ရေတံခွန်ရောက်ခါနီး တောင်စောင်းတက်ရာ သစ်တောလေးကို သင်္ကန်းပတ်၍ သစ်ပင်ရှင်ပြုပွဲပြုလုပ်၍ ဒေသပိုင်သစ်တောထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း လိုက်လံပို့ဆောင်ပေးသူ ဒေသခံအမျိုးသမီးက ရှင်းပြပေးမှသာ သစ်ပင်တွင် သင်္ကန်းစည်းထားခြင်းကို ကောင်းမွန်စွာ နားလည်လိုက်သည်။ ရိုးရာဓလေ့အားဖြင့် သစ်ပင်သစ်တော ထိန်းသိမ်းခြင်း နည်းလမ်းတစ်ခု ဖြစ်ကြောင်း နားလည်လိုက်ခြင်းဖြစ်သည်။ ကားလမ်းဆုံးလျှင် ရေတံခွန်ရှိရာ သွားနိုင်သော မြစ်ဆိပ်နေရာကို ရောက်ရှိပြီး မော်တော်ကား၊ မော်တော်ဆိုင်ကယ်များ ရပ်နားထားသည်ကို လှမ်းမြင်နိုင်သည်။

မြစ်ဆိပ်နေရာတွင် သံကိုယ်ထည်ဖြင့် တည်ဆောက်ထားသော သံလှေ (မော်တော်ဘုတ်) ကို ငှားရမ်းရပြီး လူတစ်ယောက် (အသွား/အပြန်) ကျပ်သုံးထောင် ပေးစီးလျှင် ရေတံခွန်သုံးခုကို အနီးကပ်လိုက်ပြပေးပြီး တစ်ဖက်ကမ်းရှိရာကို လိုက်လံပို့ဆောင်ပေးခဲ့သည်။ တစ်ဖက်ကမ်းရောက်လျှင် တောင်တက်လမ်း အတိုင်း လမ်းလျှောက်တက်ရပြီး ချောင်းရိုးအတိုင်း ရေတံခွန်အထက်ပိုင်းတည်ရှိရာ နေရာသို့ ကုန်းလမ်းအတိုင်း နာရီဝက်နီးပါးခန့် လမ်းလျှောက်ရပြန်သည်။ အဆိုပါ တောင်တက်လမ်း လမ်းမလျှောက်လိုလျှင် မော်တော်ကားအဖွဲ့ကို ဖုန်းဆက်ငှားရမ်းနိုင်ပြီး မိမိတို့က မစောင့်နိုင်သဖြင့် လမ်းလျှောက်သွားကြခြင်း ဖြစ်သည်။

ရေတံခွန်အထက်ပိုင်းနေရာ ရောက်ရှိသောအခါ ရှည်လျားသော ရေတံခွန်အလှအပကို မြင်တွေ့ရပြီး ထိပ်ဆုံးပိုင်းကို ရောက်ရှိနိုင်ဖို့အတွက် ကျောက်စိုင်ကျောက်တုံးများကြားထဲမှ ခက်ခက်ခဲခဲသွားလာရပြန်သည်။ သဘာဝကျောက်တုံး ကျောက်စိုင်များကြားထဲမှ လမ်းလျှောက်သွားလာပြီး မိနစ် နှစ်ဆယ်ခန့်အကြာ ရေတံခွန် အဦးအဖျားပိုင်း ရောက်ရှိလာပြီး မြင်တွေ့ခဲ့ရသောရှုခင်းမှာ ပြောမပြတတ်အောင်ပင် လှပသည်။ 

ရေတံခွန် အဖျားပိုင်းတွင် သစ်သားများဖြင့် ကာရံထားသည်ကို မြင်တွေ့ရပြီး ထိုနေရာမှကွေ့ဝိုက်၍ မျက်စိတစ်ဆုံး စီးဆင်းနေသော ရေတံခွန် အလှအပ ကို ကြည့်ရှုခံစားနိုင်ပေသည်။

ကွန်အော် ရေတံခွန်သည် ဟိုက်ပါရေတံခွန်ထက် ပိုမိုလှပသည်ဟုပင် မိမိ ထင်မြင်ယူဆမိသည်။ ဟိုက်ပါရေတံခွန်သည် ဘုံအဆင့်ဆင့် အထပ်ထပ် ပါသော အဆင့်ပေါင်းများစွာ တည်ရှိခြင်း ဖြစ်ပြီး ဟိုက်ပါရော၊ ကွန်အော်ပါ သူ့အလှနှင့် သူ လှပနေကြခြင်းလည်း ဖြစ်ပေသည်။

ရေတံခွန်ရောက်ရှိချိန်တွင် အမောအပန်း ပြေပျောက်သွားပြီး စိတ်ကြည်လင်လန်းဆန်းသွားလေ၏။ ရေတံခွန်ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုပြီးနောက် သဲသောင်ပြင်ပေါ် စုပေါင်းထိုင်ကြပြီး နေ့လည်စာ ဝိုင်းဖွဲ့သုံးဆောင်လိုက်ကြသည်။ အချို့ဧည့်သည်များ ရေချောင်းအတွင်း ရေဆင်းကူးနေကြပြီး ရေကစားနေကြသည်ကိုလည်း တွေ့ရသည်။ နေ့လယ်စာ စားသောက်ပြီးနောက် အပြန်ခရီးကို စတင်ခဲ့သည်။ ဘဝတွင် မေ့မရနိုင်သော ရေတံခွန်အတွေ့အကြုံကို ခံစားခဲ့ရသဖြင့် ဝမ်းသာကျေနပ် ဖြစ်မိသည်။

''ကွန်အော် သဘာဝ တရားရိပ်သာ''

ကွန်အော် ရေတံခွန် ရောက်ရောက်ချင်း တစ်ဖက်ကမ်းတွင် လှမ်းမြင်နေရသော ဘုန်းတော်ကြီးကျောင်းနှင့် တရားရိပ်သာထံ အပြန်ခရီးတွင် ဝင်ရောက်လေ့လာခဲ့ကြပြီး ရှုခင်းအလှအပကို ခံစားကြည့်ရှုခဲ့သေးသည်။

ကွန်အော် သဘာဝ တရားရိပ်သာကို စက်လှေဖြင့် လိုက်ပို့ပေးခဲ့သည်။ တရားရိပ်သာမှ ကားရပ်နားစခန်း တစ်ဖက်ကမ်းကိုကူးရန် သံပီပါများဖြင့် နှောင်ဖွဲ့ထားသော ဖောင်ကြီးကို ကြိုးဆွဲ၍ ကမ်းကူးလိုက်ကြသည်။ မြစ်ဆိပ်မှ တရားစခန်းသို့ အသွားအပြန်ကို ထိုသံဖောင်ကြီး အသုံးပြု၍ ဒေသခံများ သွားလာနေကြခြင်း ဖြစ်သည်။ ကွန်အော် သဘာဝတရားရိပ်သာတွင် ယိုးဒယားလက်ရာဆန်ဆန် အဆောက်အအုံများ၊ ပိတ်ဖြူစများဖြင့် အလှဆင်ထားသော ရေကန်များ၊ သစ်သားဖြင့် ဆောက်လုပ်ထားသော ယောဂီများ တည်းခိုစရာ တစ်ပါးကျောင်းဆောင်များ၊ လက်ရာသေသပ်မှုရှိသော မြေကြီးအိမ်၊ ရှေးခေတ်သစ်သားလှည်းတို့ကို လေ့လာနိုင်သည်။ ဆောက်လက်စ ကမ်းစပ်ထိပ်ရှိ အဆောက်အအုံပေါ် တက်ကြည့်ရာ ကွန်အော် ရေတံခွန်အလှအပကို ကြည့်ရှုနိုင်ပြီး ရှုခင်းလှပသော နေရာကောင်းတွင် ဆောက်လုပ်ထားသည်ကို တွေ့ရသည်။

    ထို ကွန်အော်ကျေးရွာထွက် သဘာဝလိမ္မော်သီးများသည် အရသာလေးပင်ချိုအီပြီး ပင်ကိုအရသာ ပြည့်စုံသည်ဟု ခံစားရသည်။ မိုင်းရှူးဟိုက်ပါဒေသထွက် လိမ္မော်သီးအရသာနှင့် မတူကွဲပြားမှုကို ခံစားရသည်။ ကွန်အော်လိမ္မော်သီးများသည် အပွမျိုး မဟုတ်ဘဲ အကျစ်မျိုး အရသာ စူးရှလေးပင်လှ၏။

    ကွန်ဟိန်းမြို့နယ်၊ ကွန်အော်ရေတံခွန်မှ အပြန်ခရီးတွင် ကွန်ဟိန်းမြို့အတွင်းရှိ သင်္ကြန်ပွဲတော်ကာလများ သွားရောက်လည်ပတ်လေ့ရှိသော ဝိန်းလုံ ရေချောင်း ကမ်းစပ်အပန်းဖြေစခန်း နေရာကို သွားရောက်လေ့လာခဲ့၏။ သင်္ကြန်ကဲ့သို့ ပွဲတော်ကာလများတွင် ဘေးပတ်လည် ဈေးဆိုင်ခန်းများ ပြည့်နှက်နေပြီး ပွဲလည်လာသူများ စည်ကားလေ့ ရှိကြောင်း သိရသည်။

''ရှမ်းပြည်နယ်တောင်ပိုင်းက အစွန်ဆုံး ကျေးရွာကလေး''

    ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့မှ ဆက်သွားလျှင် ကျိုင်းလီ၊ နမ့်မော်ငင်းကျေးရွာမှ တောင်ကျော်လိုက်ပြီး ရောက်ရှိမည့် ရွာကလေးမှာ ဖန်လန်းရွာသစ် ရွာကလေး ဖြစ်ပါသည်။

    ဖန်လန်းရွာသစ်မှ သုံးမိုင်ခန့် ဆက်သွားလျှင် ဖန်လန်းရွာကြီးကို ရောက်ရှိနိုင်ပြီး ခုနစ်မိုင်ခန့် ဆက်သွားလျှင် တာကော်တံတား ရောက်ရှိပေမည်။ ထို့ကြောင့် ဖန်လန်းကျေးရွာအုပ်စုသည် ရှမ်းပြည်တောင်ပိုင်း၏ အစွန်ဆုံး ကျေးရွာကလေးဟု ဆိုနိုင်ပြီး တာကော်တံတားမှတစ်ဆင့် သံလွင်မြစ်ကျော်လိုက်လျှင် မိုင်းပျဉ်းမြို့ကိုရောက်ရှိပေမည်။ အဆိုပါလမ်းကို မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းဟု ခေါ်ဆိုပြီး လမ်းအထူးအဖွဲ့(၄) (ရွှေညောင်) က တာဝန်ယူတည်ဆောက်ထားကြောင်း ဆိုင်းဘုတ်တွင် ဖော်ပြထားသည်။ တောင်ကြီးမှတစ်ဆင့် ဖြတ်သန်းလာသော မြို့များမှာ ဟိုပုံး - မိုင်းပွန် - လွိုင်လင်- နမ့်စန် - ခိုလမ် - ကွန်ဟိန်းတို့ ဖြစ်ကြသည်။

    ဖန်လန်းရွာသစ် တွင် ထူးခြားချက်များအဖြစ် ကျွဲကောသီးပင် နှင့် အုန်းပင်များ ပေါက်ရောက်နေသည်ကို မြင်တွေ့ခဲ့ရသည်။ ရေပေါများသဖြင့် အုန်းပင် ဖြစ်ထွန်းသည်ဟု ယူဆရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ လူဦးရေနည်းပါးသော ကျေးရွာကလေး ဖြစ်သောကြောင့် နံနက်တိုင်း မြူနှင်းကျဆင်းလေ့ရှိပြီး  နှင်းများ မိုးရွာသကဲ့သို့ ရွာကျပါသည်။ နံနက်တိုင်း ၉ နာရီအထိ နှင်းကျတတ်ပြီး တစ်ခါတစ်ရံ မွန်းလွဲပိုင်း ၂ နာရီအထိ မြူနှင်း မကွဲသော နေ့များလည်း ရှိကြောင်း ဒေသခံများက ဆိုသည်။ ယခင်က ကျေးရွာအဆင့် ရှိသော ကွန်ဟိန်းသည် လက်ရှိတွင် မြို့နယ်အဆင့် ဖြစ်လာပြီး ယခင်က မြို့အဆင့်ရှိခဲ့သော တာကော်မြို့ဟောင်းသည် ယခုအခါ ရွာဟောင်းအဖြစ်သာ ကျန်တော့ပြီး ပြောင်းရွှေ့ကျေးရွာဖြစ်သော ဖန်လန်းကျေးရွာအုပ်စု ဖြစ်နေရကြောင်း ဖန်လန်းရွာသစ်မှ သက်ကြီးရွယ်အို လူကြီး တစ်ဦးက ဆိုသည်။

    ရှေးခေတ် စော်ဘွားများ အုပ်ချုပ်စဉ်ကာလတွင် လက်ရှိတာကော်ကျေးရွာအုပ်စုသည် ကျိုင်းတုံစော်ဘွား ပိုင်နက်နယ်မြေအတွင်း ပါဝင်ပြီး ၁၉၆၃ ခုနှစ်တွင် သံလွင်မြစ်အနောက်ဘက်ခြမ်းကို ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းမှ ကွန်ဟိန်းမြို့နယ်အတွင်းသို့ ထည့်သွင်းခဲ့သဖြင့် ဖန်လန်းကျေးရွာအုပ်စု ကွန်ဟိန်းမြို့နယ်တွင် ပါဝင်လာခြင်း ဖြစ်သည်။

    ဖန်လန်းရွာသစ်ကလေးသည် ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ရှိသဖြင့် ဟိုင်းဝေးကားများ အဆက်မပြတ်သွားလာနေကြသည်။ လမ်းမကြီးနံဘေးတွင် အိမ်ခြေအနည်းငယ်သာ ရှိ၏။

    ဖန်လန်းရွာသစ်မှ အနည်းငယ်ဆက်သွားလျှင် ဖန်လန်းရွာကြီးကို ရောက်နိုင်ပြီး အိမ်ခြေ ၁၀၀ ကျော်ခန့် ရှိမည်ဟု ခန့်မှန်းမိသည်။ ကျေးရွာအတွင်း ရေပေါများသဖြင့် ရေချောင်းရေထွက်များတွင် ရေချိုးသူများ စည်ကားနေသည်ကိုလည်း ညနေခင်း နေဝင်ရီတရောအချိန်တွင် မြင်တွေ့ရသည်။ ဖန်လန်းရွာကြီးတွင် ဘုန်းတော်ကြီးကျောင်းရှိပြီး မြေပေါက်စေတီတော်တစ်ဆူနှင့် ကျောင်းဆောင်အတွင်း ရှေးဘုရားတစ်ဆူတို့ကို တည်ထားကိုးကွယ်ကြ၏။

    ကျေးရွာအတွင်း လည်ပတ်လေ့လာရင်းဖြင့် ဝါးလုံးစိမ်းရောင်းသော ဆိုင်ရှေ့အရောက် မေးမြန်းကြည့်ရာ ကောက်ညင်းကျည်တောက်လုပ်သော ဝါးလုံးစိမ်း သုံးလုံးကို ငါးရာကျပ် ဖြင့် ရောင်းချသည်ဟု ဆို၏။ ဝါးလုံးစိမ်းအတွင်း ကောက်ညင်း၊ အုန်းနို့များထည့်၍ မီးဖုတ်စားရခြင်း ဖြစ်၏။ ဆိုင်ရှင်နှင့် စကားစမြည် ပြောဆိုရင်း ခင်မင်သွား၏။ ဆိုင်ရှင်သည် ဥစားကြက်တစ်ထောင် မွေးမြူထားကြောင်း၊ နောက်ပိုင်း ကြက်စာ ဈေးတက်လာသဖြင့် ကြက်အကောင် ၆၀၀ ခန့်သာ ကျန်တော့ကြောင်း၊ အစစအရာရာ ဈေးတက်လာသဖြင့် တွက်ခြေကိုက်မှု နည်းလာကြောင်း ရှင်းပြ၏။ ကျွန်တော်လည်း ဆိုင်ရှင်၏ မွေးမြူရေး ကြက်ဥ ဝယ်ယူအားပေးခဲ့၏။

ဖန်လန်းရွာသစ် ကလေး၏ သမိုင်းမှာ စိတ်ဝင်စားစရာကောင်းပေသည်။

''တာကော် မြို့ဟောင်း သမိုင်းကြောင်း''

    ၁၉၅၉ ခုနှစ် ရှမ်းစော်ဘွားများ အာဏာမစွန့်မီကာလ တာကော်သည် သံလွင်မြစ်အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကိုဖြတ်ကူး၍ ကုန်ကူးသည့် ကူးတိုးဆိပ်ကမ်းအဖြစ် နာမည်ကြီးခဲ့သည်။ ကျိုင်းတုံစော်ဘွား စဝ်ဖအုပ်ချုပ်မှုအောက်ရှိ ဖုရား (မြို့စား) အဆင့်ဖြင့် အုပ်ချုပ်သော ၁၁ နယ် မြို့တွင်းမှ မြို့တစ်မြို့ ဖြစ်သည်။ 

    တာကော်အား မြန်မာအကိုးအကားများတွင် မြို့အနေဖြင့် ဖော်ပြသည်ကို မတွေ့ရပါသော်လည်း ရှမ်းဘာသာစကားဖြင့် မိုင်းတာကော်ဟု သုံးစွဲခဲ့ကြပြီး မြန်မာစာဖြင့် ဘာသာပြန်ပါက တာကော်မြို့ဟု အဓိပ္ပာယ်ရသည်။ ကျေးရွာပေါင်း ၆၀ ကျော်ကို အပိုင်စား အခွန်ကောက်ရသော မြို့ဖြစ်သောကြောင့် မိုင်းခွန်တော် ဆိုင်ရွက် (ခ) မိုင်းတာကော်ဟု ခေါ်ဆိုပါသည်။ တစ်ဖန် တာကော်ဟု ခေါ်တွင်ရခြင်းမှာ ရှမ်းဘာသာဖြင့် တာ-လှေဆိပ်၊ ကော်-မက်ဟိန်ကော်၊ ကူးတို့ဆိပ်မြို့ဟူ၍ ဒေသပြောစကားများအရ ခေါ်ဝေါ်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ တာကော်သည် ပြည်ထောင်စုလမ်းမကြီး ဖြစ်သော မိတ္ထီလာ၊ သာစည်၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ် လမ်းမကြီး အတိုင်း တောင်ကြီးမြို့မှ ၁၆၈ မိုင် အကွာ မိုင်တိုင် ၁၇၈ တွင် တည်ရှိသည်။ 

    တာကော်တံတားမတည်ဆောက်မီ ရေစီးအလွန်သန်သော သံလွင်မြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက် ကုန်စည်များကို ကူးတို့လှေဖြင့် သယ်ယူပို့ဆောင်ရခြင်းဖြစ်သည်။ နွေအခါတွင် ပေ ၇၀၀ နီးပါး ကျယ်ပြန့်ပြီး မိုးအခါတွင် ပေ ၉၀၀ ကျော်ကျယ်သည့် မြစ်ပြင်ကိုဖြတ်လျက် တစ်လက်မ အချင်းခန့် ရှိ သံမဏိကြိုးတစ်ချောင်းကို အရှေ့အနောက်သွယ်တန်းထားသည်။ ထိုကြိုးတွင် ရွေ့လျားသွားနိုင်သော သံဘီးလုံး ချိတ်ဆွဲထားလျက် နောက်ထပ် သံမဏိကြိုးတစ်ချောင်းဖြင့် ဖောင်ထပ်နှင့် သံဘီးလုံးတွင် တစ်ဖက်တစ်ချက် စွဲမြဲစွာ ချည်နှောင်ထားပါသည်။ 

    ဖောင်ကြီးဆိုသည်မှာလည်း လှေကြီး နှစ်စင်း၊ စပါး တင်း ၅၀၀ ခန့်ဆံ့ကို သစ်သားဖြင့် စပ်ထားသော ဖောင်ဖြစ်သည်။ ရေစီးအားနှင့် ကြိုးအားကို အသုံးပြုလျက် လှေနောက်မှ ပဲ့ကို ဘယ်ညာ အလိုရှိရာ ထိန်း၍ မြစ်ကို ဖြတ်ကူးရသည်။ တစ်ကြိမ်လျှင် ဝန်တင်အား ၁၂ ခန့် တင်ဆောင်နိုင်ပြီး မိနစ် ၂၀ ခန့် အချိန်ယူဖြတ်သန်းရသည်။ မိုးရာသီ မြစ်ရေစီးသန်သည့် ကာလများတွင် မြစ်အတွင်း အန္တရာယ်များသည့်အတွက် နှစ်စဉ်နှစ်တိုင်း ဇွန်လမှ အောက်တိုဘာလ အထိ ငါးလခန့် ကူးတို့ဆိပ်ကို ပိတ်ထားတတ်သည်။ 

    တာကော်တံတား မတည်ဆောက်မီက တာကော်မြို့သည် အလွန်စည်ကားခဲ့သော မြို့ဖြစ်ခဲ့ပြီး ရှေးဟောင်း ကော်မိန်းဘုရားတည်ရှိပြီး နှစ်စဉ် တာကော်ဘုရားပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြသည်။ တာကော်မြို့မှာ လက်ရှိအချိန်တွင် မြို့ဟောင်းအဖြစ်သာ ကျန်ရှိပြီး ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တစ်စု အနေဖြင့် တည်ရှိနေပါသည်။ စော်ဘွားများ အာဏာစွန့်လွှတ်ခဲ့သည့် ၁၉၅၉ ခုနှစ် နောက်ပိုင်းနှင့် ၁၉၆၈ ခုနှစ် တာကော် သံလွင်မြစ်ကူးတံတား တည်ဆောက်ပြီးသည့် ကာလအတွင်း တာကော်မြို့အား ဒေသခံပြည်သူများက စွန့်ခွာလာကြပြီး အနီးနားကျေးရွာများသို့ ပြောင်းရွှေ့အခြေချနေထိုင်လာကြသည်။ 

    လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်သော တာကော်တံတားအနီး ပြောင်းရွှေ့ခြင်းနှင့် စိုက်ပျိုးမြေကောင်းသည့်အတွက် ပြောင်းရွှေ့လာကြသည့် အပြင် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်ရခြင်းအပါအဝင် ဒဏ်မျိုးစုံကို ခံစားရသည့်အတွက် ကျေးရွာငယ်လေးများမှ ဖန်လန်းကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခြင်းဖြင့် တာကော်သည် သမိုင်းဝင် မြို့ဟောင်းနေရာအဖြစ်မှ ကျေးရွာအုပ်စုအဆင့်အထိသာ တည်ရှိကျန်ရစ်ခဲ့ပါသည်။ (ရှမ်းဓလေ့ထုံးတမ်းနှင့် မြေယာစနစ် လိန်မိန်း စာအုပ် ဖော်ပြချက်) တာကော် မြို့ဟောင်း သမိုင်းကြောင်းသည် လိန်မိန်းဖော်ပြချက်ဖြစ်သည်။

 

စည်သာ(တောင်ကြီး)