ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အိန္ဒိယနိုင်ငံသားက မြန်မာနိုင်ငံသားကို ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်သတ်ဖြတ်ပြီး ထွက်ပြေးနေကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။
ဘန်ကောက်မြို့ Sake Ngam 35/3 ရှိ စီးပွားရေးအဆောက်အအုံတစ်ခုတွင် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ခံထားရသည့် မြန်မာနိုင်ငံသား ရုပ်အလောင်းတစ်လောင်းကို တာဝန်ရှိသူများက ဇန်နဝါရီ ၂၁ ရက်က တွေ့ရှိခဲ့ရကြောင်း သိရသည်။
Kham ရဲစခန်းမှ တာဝန်ရှိသူများနှင့် Siriraj ဆေးရုံမှ မှုခင်းစစ်ဆရာဝန်များမှာ အခင်းဖြစ်ရာ အဆောက်အအုံရှိ ဗီရိုထဲ၌ ကိုယ်အင်္ဂါအစိတ်အပိုင်းခြောက်ခု၊ လျှပ်စစ်လွှစက်၊ ဓားနှစ်ချောင်းကို တွေ့ရှိခဲ့ရကြောင်း၊ ရေချိုးခန်း၊ နံရံနှင့်ကြမ်းပြင်များတွင် သွေးကွက်များ တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ပြစ်မှုကျူးလွန်သူ အိန္ဒိယနိုင်ငံသားမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ အသက် ၂၃ နှစ်အရွယ် အိန္ဒိယလူမျိုး Sundaravel Pragadeesh Kumar ကို လူသတ်သမားအဖြစ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသားမှာ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများအတွက် အလုပ်ရှာဖွေပေးသူဖြစ်ပြီး ဝန်ဆောင်ခအတွက် ဘတ် ၁၅၀၀၀၊ စာရွက်စာတမ်းအတွက် ဘတ် ၇၀၀၀ ရယူသလို မြန်မာလူမျိုးများကိုလည်း အိမ်ငှားထားကြောင်း သိရသည်။
ရုပ်အလောင်းကို စတွေ့ခဲ့သည့် မြန်မာအလုပ်သမားကိုမြအေးက Kumar သည် လူခြောက်ယောက်နေထိုင်ရန် အခန်းကိုငှားထားကြောင်း၊ ကိုမြအေးက အလုပ်ရှာရန် သူငယ်ချင်းငါးယောက်အား လာခေါ်သည့်အချိန်တွင် ကိုစိုင်းကြည်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရကြောင်း ပြောကြားသည်ဟု သိရသည်။
ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူအိန္ဒိယနိုင်ငံသား Kumar ဆိုသူမှာ အခင်းဖြစ်သည့်ရက်တွင် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့သို့ ထွက်ခွာသွားသည်ဟုစုံစမ်းရရှိထားကြောင်း၊ Kumar ကို ထိုင်းနိုင်ငံသို့ ပြန်ပို့ပေးရန် အိန္ဒိယအာဏာပိုင်များကို တောင်းဆိုထားကြောင်း သိရသည်။