အညာမြေမှာ နောက်ဆုံးရိတ်သိမ်းရန် ကျန်ရှိနေသေးတဲ့ ပဲစင်းငုံတွေ စတင်ရိတ်သိမ်းလို့ စျေးကွက်ထဲ လာရောက်ရောင်းချနေကြပါပြီ။ ရာသီဥတု ကောင်းလို့ ပဲအထွက်ကောင်းပြီး စျေးကောင်းရပေမဲ့ ပဲဝင်ရောက်မှုကတော့ ယခင်နှစ်တွေလို မကောင်းပါဘူး။ သွားလာရေးအဆင်မပြေမှုက တောင်သူတွေနဲ့ သီးနှံပွဲရုံတွေ အတွက် ကြီးမားတဲ့အခက်အခဲပါ။ တောင်သူတွေ စျေးကောင်းသထက် ကောင်းသည်အထိ စောင့်မနေနိုင်ဘဲ ရောင်းချရသလို ပွဲရုံတွေလည်း ကုန်ဝင်များဖို့ ဆုတောင်းနေရတဲ့ နှစ်လို့ဆိုရပါမယ်။ ပခုက္ကူကို သွားရောင်းလို့ရရင် ပခုက္ကူကို သွားရောင်းရ၊ မုံရွာသွားရောင်းရရင် မုံရွာသွားရောင်းရ၊ ရောင်းရသွားရရင်ကို တောင်သူ ဝမ်းသာရတဲ့ အခြေအနေ။
‘နှမ်းပေါ်ချိန်တုန်းကလည်း အရင်နှစ်တွေစာရင် ပွဲရုံမှာ ကုန်ဝင်နည်းတယ်။ ဒီလိုပဲစင်းငုံပေါ်ချိန်ဆို တစ်ရက်အိတ် ၃၀၀၀ ဆိုတာ အနည်းဆုံးပဲ။ အခုကတော့ တစ်ရက်မှ အိတ် ၁၀၀၀ လောက်ပဲဝင်တယ်။ ပခုက္ကူကိုလာတဲ့ လမ်းတွေက သွားလာရခက်တော့ တောင်သူက မုံရွာသွားရောင်းကြတယ်။ ကုန်ဝင်နည်းတော့ ပွဲရုံလည်း ဝင်ငွေလျော့၊ အလုပ်သမားလည်း လုပ်အာခးလျော့တာပေါ့‘ လို့ ပခုက္ကူမြို့မှ သီးနှံရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦး ကပြောပြပါတယ်။
ယခင်က ပေါက်၊ မြိုင်၊ ယော၊ ချင်းပြည်နယ်တွေက ထွက်ရှိတဲ့ လယ်ယာထွက်ကုန်တွေကို ပခုက္ကူမြို့ဆီ အဓိကတင်ပို့ရောင်းချခဲ့ကြပါတယ်။ ယခုတော့ အဆိုပါဒေသထွက်ကုန်တွေ ပခုက္ကူမြို့ဆီ လာရောက်ရောင်းချဖို့ မလွယ်ကူတဲ့အခြေအနေပါ။ ပခုက္ကူကနေ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေ ပြန်လည်တင်ပို့ ရောင်းချဖို့လည်း အခက်အခဲတွေ ရှိတယ်လို့ သိရပါတယ်။ ကုန်စည်စီးဆင်းမှုကလည်း ယခင်ထက် နှေးကွေးသွားပြီး အပြန်အလှန်ကုန်တင်ပို့မှုတွေလည်း လျော့ကျသွားပါတယ်။
‘အရင်က ကိုယ့်လုပ်ငန်းအတွက် လိုအပ်တာတွေကို ယောနဲ့ ချင်းပြည်က မှာရတာ။ အခုကတော့ ချင်းပြည်ကနေရော ယောကနေရော မှာမရတော့ဘူး။ သူတို့လည်း လာရမလွယ်ဘူး။ အခုလုပ်ငန်းအတွက် လိုအပ်တဲ့တောင်ယာထွက်ကုန်ကို ရခိုင်ဘက်ကနေ မှာရတယ်။ လမ်းခရီးဝေးတော့ သယ်ယူစရိတ်ပိုကုန်တယ်။ ကိုယ်ထုတ်လုပ်တဲ့ ဖက်ကလည်း စျေးတက်ပြီး ရောင်းရတယ်‘ လို့ ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြပါတယ်။
ယခင်က နေ့စဉ်ပြေးဆွဲသည့် ကားများ ယခုအခါမှာတော့ တစ်ပတ်တစ်ကြိမ်၊ ၁၀ ရက် တစ်ကြိမ်လောက်သာ ပြေးဆွဲနိုင်တော့တယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ကုန်စည်သယ်ယူစရိတ်တွေလည်း မြင့်တက်လာတယ်ဆိုပါတယ်။ ဒါ့အပြင် သွားလာရေးအတွက် လုံခြုံမှုက အမြဲနားစွင့်ရတယ်လို့ ဆိုပါတယ်။ ယခင်က ကားပေါ်မှာ စားသောက်ကုန်၊ လူသုံးကုန်စသဖြင့် ကုန်စုံပါပေမဲ့ ယခုတော့ ဆန်၊ ဆီကိုပဲ အဓိကဝယ်ယူနေရပါတယ်။
‘လမ်းပိုင်းမလုံခြုံဘူး။ လမ်းပိတ်တယ်ဆိုရင် ကားက မထွက်ရဘူး။ သွားလို့ရပြီဆိုရင် မြို့အပြေးသွားပြီး ဆန်ဆီဝယ်ပြန်ရတာ။ အရင်က ဆန်တစ်အိတ် တန်ဆာခ ၁၀၀၀၊ ၁၅၀၀ ရှိတာ။ အခု တစ်အိတ် တန်ဆာခ ၅၀၀၀။ ဝယ်ရသယ်ရတာကို တော်သေးတယ်။ အများကြီးတော့ တင်မရဘူး။ သတ်မှတ်ချက်အတိုင်း ဝယ်တင်ရတယ်။ စစ်ဆေးမှုခံရတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းယူသွားရတယ်။ ကိုယ်ဆီတင် ဝယ်စားရရင် ဆန်တစ်အိတ် ထိပ်စမဟုတ်တာတောင် တစ်သိန်းကျော်တယ်‘ လို့ ကျေးလက်ဒေသတွင် နေထိုင်သူတစ်ဦးက ပြောကြားပါတယ်။
သီးနှံထွက်ကုန်ဝင်ရောက်မှု နည်းပါးခြင်းနဲ့အတူ ရောင်းရေးဝယ်တာများလည်း ကျဆင်းလာပါတယ်။ တချို့စျေးဆိုင်များ၊ ပွဲရုံများမှာ လုပ်သားလျော့ချခြင်းလုပ်ရသလို အလှည့်ကျ အလုပ်ဆင်းခိုင်းတာတွေလည်း လုပ်ရပါတယ်။ ယခင်ထက် ဝင်ငွေလည်း ကျဆင်းသွားလို့ အသုံးစရိတ်စိစစ်ရတာ ကျန်းမာရေးကိစ္စနဲ့ စားသောက်ရေး အတွက်ပဲ အဓိကသုံးစွဲရပါတယ်။ ဝင်ငွေလျော့ကျသွားပေမဲ့ ဆန်၊ ဆီ၊ ဆားနဲ့ အခြေခံစားသောက်ကုန် အားလုံးက အတက်ဘက်မှာပဲ ရှိပါတယ်။
ယခင်ဆန်တစ်အိတ် ငါးသာင်းဆိုရင် စားဖြစ်ပေမဲ့ ယခုတော့ ဆန်တစ်အိတ် အနည်းဆုံး တစ်သိန်းဝန်ကျင်သုံးစွဲမှ စားဖြစ်ပါတယ်။ အခြေခံလုပ်သားတွေ အတွက် လုပ်ငန်းခွင်သွားရောက်ဖို့ သုံးစွဲရတဲ့ စက်သုံးဆီစျေးကလည်း မသက်သာလှပါဘူး။ ဓာတ်ဆီ တစ်လီတာ ကျပ် ၃၀၀၀ ဆိုတဲ့ နေ့စဉ်ကုန်ကျစရိတ်ကလည်း ရေရှည်မှာ မလွယ်ကူလှသလို အလုပ်ကနေ အချိန်မှီအိမ်ပြန်နိုင်ဖို့ကလည်း လိုပါသေးတယ် ။
‘အရင်က ပဲနှမ်းပေါ်ချိန်ဆို ဘယ်ပွဲရုံမဆို အလုပ်ဖြစ်တယ်။ အလုပ်သမားတစ်ယောက် တစ်ရက်လုပ်အားခ တစ်သောင်းခွဲဆိုတာ အနည်းဆုံးရတယ်။ ခုတော့ ကားတွေလည်း သိပ်မလာကြတော့ တစ်ရက် ရှစ်ထောင်လောက် ပဲရတယ်။ ဒါတောင် အရင် ရှစ်ယောက်လောက်အလုပ်ဆင်းတာကို အခု အလှည့်ကြနဲ့ ဆင်းရတယ်။ နေ့တိုင်း ဝင်ငွေမရှိဘူး။ ထွက်ငွေကတော့ နေ့တိုင်းပဲ‘ လို့ ပွဲရုံလုပ်သားတစ်ဦးက ပြောပါတယ်။
ယခုအချိန်က ပဲစင်းငုံပေါ်ချိန် စျေးကောင်းလည်း ရနေတော့ ပုံမှန်နှစ်ဆိုရင် ဆန်ဆိုင်၊ ဆီဆိုင်နဲ့ စျေးမှာ လူစည်ကားနေကျ။ တောင်သူတွေက သီးနှံရောင်းပြီး တစ်နှစ်စာ ဆန်ပြန်ဝယ်ကြသလို ဆီနဲ့ လူသုံးကုန်တွေလည်း ခုလို သီးနှံရောင်းရချိန်မှ ဝယ်ကြတာများပါတယ်။ ဒီနှစ်တော့ သီးနှံလာရောင်းသူ အရင်နှစ်လောက် မများတော့တဲ့အတွက် အရောင်းအဝယ်လည်း သိသိသာသာ လျော့ကျပါတယ်။
‘မြိုင်တို့ ပေါက်တို့ဘက်တွေက အရင်လို မရောင်းရတော့ဘူး။ သူတို့ကားလာတဲ့ အချိန်ပဲ ရောင်းရတော့တာ။ တစ်ပတ် တစ်ရက်လောက်ပဲ လာနိုင်ကြတယ်။ ယောကားတွေဆို မလာသလောက်ပဲ။ လက်လီအဓိကရောင်းရတယ်။ လက္ကားက မုံရွာ နဲ့ မန္တလေးလောက်ပဲ ပို့ရတော့တယ်။ ခုလို ပဲနှမ်းပေါ်ချိန်က ဆန်ပွဲရုံတွေရောင်းကောင်းတဲ့ အချိန်။ ညဦးပိုင်းအထိအောင် ကားတင်ရတဲ့အချိန်။ ခုတော့ ပွဲရုံလည်း ကားတင်စရာနည်းတော့ ညနေ မစောင်းခင်ဆို ပိတ်ပြီ ‘ ဟု ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦး ကပြောသည်။
ကျေးလက်ဒေသနေထိုင်သူများအတွက် လမ်းပိုင်းမလုံခြုံမှုကြောင့် ကူးသန်းရောင်းဝယ်ရေးတင်မဟုတ် ကျန်းမာ ရေးအတွက်လည်း အခက်အခဲကြုံရပါတယ်။ ယခင် နေ့ညမရွေးသွားလာနိုင်တဲ့ အရပ်ဒေသဆိုပေမဲ့ ခုတော့ နေ့ခင်းပိုင်းတောင် နားစွင့်ပြီး သွားရတဲ့ အခြေအနေ။ ဘယ်လိုအခြေအနေတွေပဲရှိပါစေ ကိုယ့်အရပ်ကိုယ့်ဒေသမှာ မိရိုးဖလာအလုပ်တွေ လုပ်ကိုင်ရင်း အသက်ရှင်ရပ်တည်ရေး ရုန်းကုန်နေရဦးမှာကတော့ အသေအချာပါပဲ။