ပြည်ထောင်စုဝန်ကြီးများနှင့် အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးတွေ့ဆုံ၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးနှင့် လယ်ယာကဏ္ဍအပါအဝင် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

ပြည်ထောင်စုဝန်ကြီးများနှင့် အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးတွေ့ဆုံ၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးနှင့် လယ်ယာကဏ္ဍအပါအဝင် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး
Published 19 January 2024

ပြည်ထောင်စုဝန်ကြီးများနှင့် အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးတွေ့ဆုံ၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးနှင့် လယ်ယာကဏ္ဍအပါအဝင် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီး Mrs Aya Saad Mohamed Abdelkarim တို့သည် ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ - အီဂျစ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြောင်း သိရသည်။

အလားတူ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mrs Aya Saad Mohamed Abdelkarim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံနှင့် ဓာတ်မြေသြဇာစက်ရုံများ အဆင့်မြှင့်တင်ရေးနှင့် အသစ်တည်ဆောက်ရေးကိစ္စရပ်များ၊ ကုန်းတွင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရေနံဓာတ်ငွေ့အရည် (LNG) တင်သွင်းနိုင်ရေး၊ အနာဂတ်ကာလတွင် မြန်မာနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့အကြား စွမ်းအင်ကဏ္ဍနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းများ၊ အီဂျစ်နိုင်ငံတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချနိုင်ရေးနှင့် လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် ရုပ်ကြွင်း လောင်စာ (Fossil Fuel) သုံးယာဉ်များအစား ဖိအားမြှင့်သဘာဝဓာတ်ငွေ့(CNG) သုံးယာဉ်များ ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်နေသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီး Mrs Aya Saad Mohamed Abdelkarim တို့သည် ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် Egyptian International Center for Agriculture (EICA)တွင် ဖွင့်လှစ်ပို့ချသည့် ၀ါသီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာသင်တန်းသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်ခဲ့မှု၊ နှစ်နိုင်ငံလယ်ယာကဏ္ဍပူး ပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ အသစ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်မှု၊ ၀ါမျိုးများဖလှယ်ရေး၊ ၀ါသီးနှံနှင့်အာလူးသီးနှံ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent