သံဖြူဇရပ်မြို့နယ် တရားရုံးတွင် မူးယစ်ဆေးဝါးအမှုဖြင့် ရုံးထုတ်လာသည့် ခင်ပွန်းဖြစ်သူထံ စားစရာများလာရောက်ပို့ဆောင်သော ဇနီးထံမှ မူးယစ်ဆေးဝါးများထပ်မံဖမ်းဆီးရမိ

သံဖြူဇရပ်မြို့နယ် တရားရုံးတွင် မူးယစ်ဆေးဝါးအမှုဖြင့် ရုံးထုတ်လာသည့် ခင်ပွန်းဖြစ်သူထံ စားစရာများလာရောက်ပို့ဆောင်သော ဇနီးထံမှ မူးယစ်ဆေးဝါးများထပ်မံဖမ်းဆီးရမိ
Published 17 January 2024

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် တရားရုံးတွင် ဇန်နဝါရီ ၁၆ ရက် မွန်းလွဲပိုင်း က မူးယစ်ဆေးဝါးအမှုဖြင့် ရုံးထုတ်လာသည့် ခင်ပွန်းဖြစ်သူထံ စားစရာများလာရောက်လာပို့သည့် ဇနီးဖြစ်သူထံမှ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံရပြီးနောက် သံဖြူဇရပ်မြို့နယ် တရား ရုံးတွင် အမှုလာရောက်ရင်ဆိုင်နေသည့် အသက် (၄၃) နှစ်အရွယ် ကိုလူမော်အား ၎င်း၏ ဇနီးဖြစ်သူ အသက် (၃၆) နှစ်အရွယ် မမေသူအောင်က စားစရာများလာရောက်ပို့ဆောင်ပေးခဲ့သည်ဟု သိရကြောင်း လုံခြုံရေးရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “စားစရာတွေလာရောက် ပို့ဆောင်တဲ့ မမေသူအောင်ထံကနေ ထမင်းဘူးနဲ့အတူ အနက်ရောင်ပလတ်စတစ် အိတ်နဲ့ အထုပ်လေးတစ်ထုပ်တွေ့လို့ ဖွင့်ဖောက်စစ်ဆေးကြည့်တဲ့အခါမှာ  WY စာ တန်းပါတဲ့ ပန်းရောက်စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြားကို တွေ့ရလို့ ချက်ချင်းပဲ မမေသူအောင်ကို ဖမ်းဆီးပြီးတော့ အမှုဖွင့်အရေးယူ ထားတယ်လို့ သိရတယ်” ဟု ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မေသူအောင် အား သံဖြူဇရပ်မြို့မရဲစခန်းတွင် မယ (ပ) ၇ /၂၀၂၄၊ မူးယစ်စိတ်ပြောင်း ဥပဒေပုဒ် မ - ၁၉ (က) ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။