အစ္စရေးနှင့် ဟားမာ့စ်ဖြစ်ပွားနေသော စစ်ပွဲသည် ဇန်နဝါရီ ၁၄ ရက်တွင်ရက် ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ဟားမာ့စ်တို့ကို ချေမှုန်းရာတွင် မည်သူတစ်ဦးတစ်ယောက်မှ လာရောက်တားဆီးနိုင်လိမ့်မည်မဟုတ်ဟု ကတိပြုပြောကြားခဲ့သည်။
တိုက်ခိုက်မှုများသည် ပိုမိုကျယ်ပြန့်သော ဒေသများသို့ ပျံ့နှံ့နိုင်သည့်အပေါ်စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ဂါဇာကမ်းမြောင်ဒေသ၌ သေဆုံးသူ ၂၃,၀၀၀ ကျော်အထိရှိလာခြင်းနှင့်အတူ ပဋိပက္ခသည်လူသား ချင်းစာနာမှုအကျပ်အတည်း တစ်ခုဖြစ်ပေါ်စေခဲ့သည်။
အီရန်ကျောထောက်နောက်ခံပြု ဟူရ်သီသူပုန်အဖွဲ့က ဂါဇာရှိဟားမာ့စ်တို့ကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ အစ္စရေးနှင့်ဆက်နွှယ်နေသော သင်္ဘောများကို ပိုမိုတိုက်ခိုက်သွားမည်ဟု သတိပေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၃ ရက်တွင် ယီမင်နိုင်ငံရှိဟူရ်သီတို့ကို လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
ဇန်နဝါရီ ၁၁ ရက်တွင် အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များက ဟူရ်သီသူပုန်များကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုအများအပြားကို ပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် အမေရိကန်က ဟူရ်သီတို့ကို နောက်တစ်ကြိမ်တိုက်ခိုက်ခဲ့့ခြင်းဖြစ်သည်။
ဂါဇာကမ်းမြောင်ဒေသရှိ ဟားမာ့စ်စစ် သွေးကြွအဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ရုတ်တရက်စီးနင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများစုအပါအဝင် လူ ၁,၁၄၀ ဝန်းကျင်သေဆုံးခဲ့သည့်ဖြစ်စဉ် ကြောင့် စစ်ပွဲဖြစ်ပွားခဲ့သည်။
ဟားမာ့စ်သည်အစ္စရေးမှ ဓားစာခံ ၂၅၀ ခန့်ကို ပြန်ပေးဆွဲဖမ်းဆီးခဲ့ပြီး လက်ရှိဂါဇာတွင်ဓား စာခံ ၁၃၂ ဦးဆက်လက်ကျန်ရှိနေသေးသည်ဟု အစ္စရေးက ပြောကြားခဲ့ကာ ၎င်းတို့ထဲမှ ၂၅ ဦးထက်မနည်းအသတ်ခံခဲ့ ရသည်ဟုယူဆထားသည်။
ယင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာ၏ အစ္စလာမ်မစ်အုပ်ချုပ်သူများကို ဖျက်စီးသွားမည်ဟုကတိပြုခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှုများနှင့်မြေပြင်ထိုးစစ်ဆင်မှုများကြောင့် ဂါဇာတွင်အမျိုးသမီးများနှင့် ကလေးအများစုအပါအဝင် လူ ၂၄,၁၀၀ သေဆုံးခဲ့သည်ဟု ဂါဇာကျန်း မာရေးဝန်ကြီး ဌာနကထုတ်ပြန်ထားသည်။
အစ္စရေးသည် ကုလသမဂ္ဂလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကိုချိုးဖောက်နေကြောင်း စွပ်စွဲချက်နှင့်ပတ်သက်၍ လွန်ခဲ့သည့်သီတင်းပတ်အတွင်း နိုင်ငံတကာတရားရုံးတွင် ကြားနာခဲ့ပြီးနောက် နေတန်ယာဟုက ဟားမာ့စ်ကိုဖျက်စီးရန် ၎င်း၏ရည်ရွယ်ချက်ကို ဆောင်ရွက်မှုတွင် မည်သည့်တ ရားရုံးသို့မဟုတ် စစ်ဘက်ဆိုင်ရာရန်ဘက် တစ်ဦးတစ်ယောက်မျှ အစ္စရေးကိုတားဆီးနိုင်မည်မဟုတ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။
“ကျွန်တော်တို့ကို ဘယ်သူမှတားဆီးလို့ရမှာမဟုတ်ပါဘူး။ နိုင်ငံတကာတရားရုံးလည်း တားဆီးနိုင်မှာမဟုတ်သလိုမိစ္ဆာအဖွဲ့ဝင် နိုင်ငံတွေနဲ့ဘယ်သူတစ်ဦးတစ်ယောက်မှ တားဆီးနိုင်မှာမဟုတ်ပါဘူး”ဟု နေတန်ယာဟုက အီရန်၏ မဟာမိတ်အဖွဲ့ဖြစ်သောလက် ဘနွန်၊ ဆီးရီးယား၊ အီရတ်နှင့် ယီမင်တို့ပါဝင်သည့် တော်လှန်ရေးမဟာမိတ်အဖွဲ့များ axis of resistance ကို ရည်ညွှန်း၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အနိုင်ရတဲ့အချိန်အထိ ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ကျွန်တော်တို့ ဒါကို လုပ်ဆောင်သွားမှာပါ”ဟု နေတန်ယာဟုက ထပ်မံပြောကြားခဲ့ကာ ဂါဇာရှိဟားမာ့စ်တပ်ရင်းအများစုကို နှိမ်နင်းခဲ့သည်ဟုဆိုသည်။
နေတန်ယာဟုသည် လက်ရှိတွင်ဂါဇာ၌ ရက်ပေါင်း ၁၀၀ ကြာ ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသူများ နေရပ်သို့ ပြန်လည်ခေါ်ဆောင်လာနိုင်ပေးရန် ပြည်တွင်း၌ဖိအားပေးမှုများနှင့် ရင်ဆိုင်ရလျက်ရှိကာ တယ်အဲဗစ် မြို့တော်တွင် ထောင်နှင့်ချီသောလူများက ဓားစာခံများပြန်လွတ်ရေး စုရုံးတောင်းဆိုမှုများပြုလုပ်ခဲ့သည်။
“ဖမ်းဆီးခံထားရသူတိုင်း ပြန်လွတ်လာတဲ့အချိန်အထိ ကျွန်တော်တို့တွေ ဒီနေရာမှာ အပတ်တိုင်း ဆက်လက်ဆန္ဒထုတ်ဖော်သွားမှာပါ”ဟု အသက် ၄၇ နှစ်အရွယ် အီဒန်ဘီဂီရာနိုက ပြောကြားခဲ့သည်။
ဂါဇာဒေသခံများအခြေအနေ
သိမ်းပိုက်ခံထားရသောနယ်မြေတွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၆၀ ထက်မနည်းသေဆုံးခဲ့သည်ဟု ဂါဇာရှိ ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အသက် ၈၀ အရွယ်နင်မ်မာအယ်အက်ရက်စ်က အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများမှတစ်ခုအတွင်း ၎င်း၏နေအိမ်ပျက်စီးခဲ့သည်ဟု ဆိုသည်။
“ကျွန်မတို့တွေ စတင်အော်ဟစ်ခဲ့ကြပြီး မလှုပ်ရှားနိုင်တော့ပေမယ့် တစ်ယောက်ယောက်က ကျွန်မကို ဆွဲထုတ်ကယ်ဆယ်ခဲ့ပြီး လူနာတင်လှည်းပေါ်တင်ပေးခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။
အစ္စရေးစစ်တပ်က ၎င်းတို့သည် ဂါဇာဒေသအလယ်ပိုင်းတွင် အသုံးပြုရန်အဆင်သင့်ဖြစ်နေသော ဒါဇင်နှင့်ချီသည့်ဒုံးပစ်လောင်ချာများကို လေကြောင်းမှပစ်ချနိုင်ခဲ့ပြီး ဂါဇာ၏အဓိကတောင်ပိုင်းမြို့ဖြစ်သည့် ခန်း ယူနစ်တွင် လေကြောင်းတိုက်ခိုက်မှုအတွင်း လက်နက်ကိုင်လေးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
၎င်း၏အင်ဂျင်နီယာများသည် ဂါဇာဒေသအလယ်ပိုင်းရှိ ဟားမာ့စ်ကွပ်ကဲရေးစင်တာတစ်ခုကို ဖျက်စီးခဲ့သည်ဟု အစ္စရေးကပြောကြားခဲ့သည်။
ဝမ်းနည်းနေသူများသည် ရာဖာမြို့ရှိ Al-Najjar ဆေးရုံတွင် သေဆုံးခဲ့သောဆွေ မျိုးများ၏အလောင်းများအနီးတွင် ဆုတောင်းပေးခဲ့ကြသည်။
ဘက်ဆမ်အေရက်ဖ်အမည်ရှိအမျိုးသားသည် ကလေးတစ်ဦး၏ဓာတ်ပုံကိုကိုင်ထားသည်။
“သမီးလေးက လက်ထဲမှာပေါင်မုန့်ကို ကိုင်ထားပြီး ဗိုက်ဆာဆာနဲ့ပဲ သေသွားခဲ့တာပါ။ကျွန်တော်တို့တွေ သူ့လက်ကပေါင်မုန့်ကို ဖယ်ပေးဖို့ ကြိုးစားခဲ့ပေမယ့် သူကအဲဒီပေါင်မုန့်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားခဲ့တယ်” ဟု ၎င်းကပြောပြခဲ့သည်။
ဆိုးရွားသောဂယက်ရိုက်ခတ်မှုများ
အစ္စရေး၏ဝန်းရံပိတ်ဆို့မှုကြောင့် ကျန်းမာရေးစနစ်ပြိုလဲနေသော ဂါဇာဒေသတွင် အစားအစာ၊ ရေ၊ဆေးဝါးနှင့်လောင်စာပြတ်လပ်မှုများ ကြုံတွေ့နေရသည်။
ပါလက်စတိုင်းဒုက္ခသည်ဆိုင်ရာကုလသမဂ္ဂအေဂျင်စီအကြီးအကဲ ဖိလစ်လက်ဇာရီနီက ဇန်နဝါရီ ၃ ရက်တွင် ဂါဇာကမ်းမြောင်ဒေသသို့ သွားရောက်ကြည့်ရှုစဉ်အတွင်းလွန်ခဲ့သည့် ရက် ၁၀၀ အတွင်း ကြီးမားသောသေ ဆုံးမှု၊ အပျက်အစီး၊ ရွှေ့ပြောင်းနေထိုင်မှု၊ငတ်မွတ်မှု၊ ဆုံးရှုံးမှုနှင့် ဝမ်းနည်းပူဆွေးမှုတို့သည် ၎င်းတို့မျှဝေထားသော လူသားဆန်မှုကိုစွန်းထင်းစေသည်ဟု ပြောကြားခဲ့သည်။
ဂါဇာရှိ ကလေးသူငယ်မျိုးဆက်တစ်ခုလုံးသည် စိတ်ဒဏ်ရာရရှိနိုင်ပြီး ရောဂါများကူးစက်ပျံ့နှံ့ကာ အငတ်ဘေးဆိုက်သည့်အခြေအနေသို့ အလျင်အမြန်ရောက်ရှိနိုင်မည့် အရေးကို ၎င်းက သတိပေးခဲ့သည်။
လူဦးရေ၏ ၈၅ ရာခိုင်နှုန်းနီးပါးဖြစ်သော လူ ၁ ဒသမ ၉ သန်း ရွှေ့ပြောင်းနေထိုင်ကြသည့် ဂါဇာတွင် ဆောင်းရာသီမိုးရွာသွန်းမှုများသည် ဆိုးရွားသော လူသားချင်းစာနာထောက်ထားမှုအခြေအနေကို ပိုမိုဆိုးရွား စေသည်။
လူအများအပြားက ရာဖာနှင့်အခြားတောင်ဘက်ပိုင်းဒေသများတွင် ယာယီခိုလုံနေထိုင်ရန် နေရာများရှာဖွေနေကြသော်လည်း ယင်းနေရာရှိ ကျန်းမာရေးဝန်ကြီးဌာနက ၎င်းတို့ကို ထောက်ပံ့ပေးရန်လုံလောက်သောအခြေခံအဆောက်အအုံမရှိကြောင်း ပြောကြားခဲ့သည်။
ဂါဇာကျန်းမာရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူတစ်ဦးက အစ္စရေးသည်လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုကို ရပ်တန့်သွားရန် အတွက်ဆေးရုံများကို အဆင်ခြင်မဲ့ပစ်မှတ်ထားနေသည်ဟု စွပ်စွဲပြောကြားခဲ့ကာယင်း သည်ဆိုးရွားသောဂယက်ရိုက်ခတ်မှုများကို ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။
စစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပ ဒေအောက်တွင်ကာကွယ်ပေးထားသော ဆေးရုံများကိုအစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ ထပ်တလဲလဲ လုပ်ဆောင်ခဲ့သည်။
အစ္စရေးစစ်တပ်ကမူ ဟားမာ့စ်တို့သည် ဆေးရုံများအောက်ရှိ မြေအောက်ဥမင်များတွင် ကွပ်ကဲရေးစင်တာများထားရှိကြောင်း စွပ်စွဲထားသော်လည်း ဟားမာ့စ်တို့ကငြင်းဆန်ထားသည်။
Ref: AFP