ကျိုက်ထိုမြို့ရှိ အင်းဝဘဏ် တိုက်ခိုက်ခံရပြီး ဘဏ်လုံခြုံရေး ပြည်သူစစ်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ အမျိုးသမီးနှစ်စ်ဦး ထိခိုက်ဒဏ်ရာရရှိ

ကျိုက်ထိုမြို့ရှိ အင်းဝဘဏ် တိုက်ခိုက်ခံရပြီး ဘဏ်လုံခြုံရေး ပြည်သူစစ်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ အမျိုးသမီးနှစ်စ်ဦး ထိခိုက်ဒဏ်ရာရရှိ
Published 12 January 2024

ကျိုက်ထို့မြို့ ကံ့ကော်ရပ်ကွက် ဗိုလ်ချုပ်လမ်း ရန်ကုန်-ကျိုက်ထိုကားလမ်းမကြီးဘေးရှိ အင်းဝဘဏ် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က တိုက်ခိုက်ခံရပြီး ဘဏ်လုံခြုံရေးယူပေးနေသည့် ပြည်သူစစ်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ အရပ်သား အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါကျိုက်ထိုမြို့ရှိ အင်းဝဘဏ်‌ရှေ့သို့ လက်နက်ကိုင်များ အိမ်စီးကားဖြင့် လာရောက်ကာ လက်လုပ်မိုင်းနှင့် လက်နက်ငယ်များ ပစ်ခတ်ခဲ့သည်ဟု ကြားသိရကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပစ်ခတ်မှုအတွင်းမှာ ဘဏ်လုံခြုံရေးယူပေးနေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့တယ်လို့ သိရတယ်။ နောက်အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရသွားတယ်” ဟု ပြောကြားသည်။

လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ဘဏ်ရှေ့မျက်နှာစာ ATM စက်နှင့် ဘဏ်မှန်တံခါးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်ကိုင်ဆောင်သည့် လက်နက်အား လက်နက်ကိုင်များက ယူဆောင်သွားကြောင်း ၎င်းက ဆိုသည်။

ထိုပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်ကလည်း မွန်ပြည်နယ် ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြဝတီဘဏ်သို့ ဆိုင်ကယ်နှစ်စီးဖြင့် လက်နက်ကိုင်လေးဦး ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထိုပစ်ခတ်မှုအတွင်း ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း မြိုခံများထံမှ သိရသည်။