မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် NCAs-EAO ခုနစ်ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် NCAs-EAO ခုနစ်ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
Published 10 January 2024

 

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Mr.Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် NCAs-EAO ခုနစ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ 

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အာဆီယံ တူညီဆန္ဒ ငါးရပ်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ကိုယ်စား KNU/KLNA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကာ တစ်ဖွဲ့ချင်းစီ၏ သဘောထားအမြင်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဦးခွန်ဥက္ကာက ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) တို့မှ တာဝန်ရှိသူများ တက်ရောကခဲ့ကြောင်း သိရသည်။

Most Read

Most Recent