မြဝတီမြို့အနီးရှိ အွန်လိုင်း လောင်းကစားမှု၊ လူမှောင်ခိုလုပ်မှုနှင့် နာမည်ကြီးနေသော KK Park သည် KNU နှင့် ကုမ္ပဏီတစ်ခုတို့ လက်မှတ်ရေးထိုး တည်ဆောက်ထားသည့် နေရာဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

မြဝတီမြို့အနီးရှိ အွန်လိုင်း လောင်းကစားမှု၊ လူမှောင်ခိုလုပ်မှုနှင့် နာမည်ကြီးနေသော KK Park သည် KNU နှင့် ကုမ္ပဏီတစ်ခုတို့ လက်မှတ်ရေးထိုး တည်ဆောက်ထားသည့် နေရာဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း
Published 10 January 2024

မြဝတီမြို့အနီးရှိ အွန်လိုင်းလောင်းကစားမှု၊ လူမှောင်ခိုလုပ်မှုနှင့် နာမည်ကြီးနေသော KK Park သည် KNU နှင့် ကုမ္ပဏီတစ်ခုတို့ လက်မှတ်ရေးထိုး တည်ဆောက်ထားသည့် နေရာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြဝတီမြို့အနီးရှိ အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ KNU မှ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်မှုအပေါ် ဇန်နဝါရီ ၉ ရက်က ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

" မြဝတီမြို့ရဲ့တောင်ဘက်မှာ KK Park ဆိုတဲ့ နေရာတစ်ခု ရှိပါတယ်။ ဒီနေရာသည် KNU နဲ့ ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ထိုးပြီး တည်ဆောက်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ဒီနေ့မှာ KNU အနေနဲ့ ကြေညာချက်ထုတ်တဲ့ပုံစံမျိုး လုပ်ခဲ့တာ တွေ့ရပါတယ်။ ဗြောင်လိမ်ဗြောင်စား လုပ်တဲ့ပုံစံမျိုး လုပ်ခဲ့တာ တွေ့ရပါတယ်။ ဒီ မြဝတီမြို့အနီးမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရ၊ တရုတ်အစိုးရတို့နဲ့ ပူးပေါင်း ပြီးဆောင်ရွက်မယ်ဆိုတဲ့ဟာမျိုး ထုတ်ပြန်ခဲ့တာရှိပါတယ်။ ဗြောင်လိမ်ဗြောင်စား လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ ကျွန်တော် ပြောကြားလိုပါတယ်။ အဲ့မှာ နာမည်ကြီးနေတဲ့ အွန်လိုင်း လောင်းကစားမှု၊ လူမှောင်ခိုလုပ်မှု နာမည်ကြီးနေတဲ့ KK Park ဆိုတာသည် သူတို့နဲ့ ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ထိုးပြီး တည်ဆောက်ထားတဲ့နေရာသာ ဖြစ်ပါတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့အားလုံး သတိရှိရမှာ ဖြစ်ပါတယ် ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ KK Park ကဲ့သို့သော တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွယ်နေသည့် စီမံကိန်းများ တွင် ပါဝင်ပတ်သက်နေသော KNU ထိပ်ပိုင်းခေါင်းဆောင်အချို့အား အရေးယူရန် ပျက်ကွက်နေသည့် ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံး နှုတ်ထွက်ပေးရန်အထိ ကမ္ဘာတစ်ဝှမ်းမှ ကရင်အရပ်ဘက်အဖွဲ့အစည်း ၆၈ ဖွဲ့က KNU ခေါင်းဆောင်များထံ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို ခဲ့ကြကြောင်း ၂၀၂၃ ခုနှစ် မေ ၆ ရက်တွင် ဧရာဝတီသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

KNU ဗဟိုအနေဖြင့် တရားမဝင် လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါး၊ လူမှောင်ခိုကုန်ကူးမှုများနှင့် ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် KNU ကာကွယ်ရေးဝန်ကြီးဟောင်း ပဒိုစောရော်ဂျာခင်၊ တပ်မဟာ-၇ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒို၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၏သားဖြစ်သူ စောဒို့စိုး၊ တပ်မဟာ-၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး စောတင်စိုး(ခ)စောအယ်နာဒိုနှင့် ဗိုလ်မှူးကြီး စောဘချော တို့အား စုံစမ်းစစ်ဆေးကာ ပတ်သက်မှုရှိကြောင်းထင်ရှားပါက ဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်က ပြောဆိုထားသည်။ 

တရုတ်ရာဇဝတ်ဂိုဏ်များ ပါဝင်ပတ်သက်နေသည့် KK Park ကဲ့သို့သော တရားမဝင် လောင်းကစားလုပ်ငန်း များနှင့်ပတ်သက်ပြီး ခေါင်းဆောင်အချို့အား စုံစမ်းစစ်ဆေးမည်ဆိုသော်လည်း အေရးယူ/မယူ ဆုံးဖြတ်နိုင်ခြင်းမရှိသေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ၂၀၂၃ ခုနှစ် သြဂုတ် ၁၀ ရက်က ပြုလုပ်သည် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

KNU ထိန်းချုပ်နယ်မြေဖြစ်သော မြန်မာ-ထိုင်း နယ်စပ်ဒေသ မြဝတီမြို့နယ်အတွင်း တည်ရှိသော KK Park တရုတ်စီမံကိန်းသည် အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ လူမှောင်ခိုမှုများ၊ လုပ်အားခေါင်းပုံဖြတ်စေခိုင်းမှု များနှင့် ညှင်းပန်းနှိပ်စက်မှုများ စသည့် ရာဇဝတ်မှုများဖြင့် နာမည်ဆိုးထွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်းလည်း အွန်လိုင်းမီဒီယာများ၌ ရေးသားဖော်ပြမှုများကို တွေ့ရသည်။

Most Read

Most Recent