ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air KBZ လေကြောင်းလိုင်းအား Mingalar လေကြောင်းလိုင်းအမည်ဖြင့် အမည်ပြောင်းလဲပျံသန်း

ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air KBZ လေကြောင်းလိုင်းအား Mingalar လေကြောင်းလိုင်းအမည်ဖြင့် အမည်ပြောင်းလဲပျံသန်း
Published 8 January 2024

ပြည်တွင်းလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air KBZ လေကြောင်းလိုင်းအား Mingalar လေကြောင်းလိုင်းအမည်ဖြင့် ဇန်နဝါရီ ၆ ရက်မှစတင်ကာ အမည်ပြောင်းလဲပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။

Air KBZ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်းခရီးစဉ် ၁၃ ခုအား ပျံသန်းနေခြင်းဖြစ်ပြီး လက်ရှိ Mingalar လေကြောင်းလိုင်းအမည်ဖြင့် အမည်ပြောင်းလဲပျံသန်းပြီးသည့်နောက်တွင် လက်ရှိခရီးစဉ်များအတိုင်း ဆက်လက်ပျံသန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Mingalar လေကြောင်းလိုင်းသည်  ၂၀၂၄ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ကာ Mingalar Aviation Services (Mingalar) လေကြောင်းလိုင်းအမည်ဖြင့် အမည်ပြောင်းလဲကာ ခရီးစဉ်များကို ဆက်လက်ပျံသန်းသွား မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ တရားဝင် Facebook Page မှကြေညာခဲ့ခြင်း ဖြစ်သည်။

“Air KBZ လေကြောင်းလိုင်းကို Mingalar Aviation Services လေကြောင်းလိုင်းအမည်နဲ့ အမည်ပြောင်းလဲပြီး ခရီးစဉ်တွေပျံသန်းသွားမှာပါ။ လက်ရှိလေဆိပ်တွေမှာလည်း လေကြောင်းလိုင်း အမည်ပြောင်းလဲပျံသန်းခြင်း လုပ်ငန်းစဉ်တွေကို တစ်ဆင့်ခြင်းစီ ဆောင်ရွက်နေပါတယ်”ဟု Mingalar Aviation Services လေကြောင်းလိုင်းက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၈ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အစိုးရကသာလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို မင်္ဂလာလေကြောင်းဝန်ဆောင်မှုကုမ္ပဏီလီမီတက် (Mingalar Aviation Services Co.,Ltd) အားလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်သည့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အမှတ် ၃၉၊ အတွဲ ၇၆ တွင် ဖော်ပြထားချက်အရ သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ ဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယခုအမိန့်ကြော်ငြာစာကို ထုတ်ပြန်ချင်းဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအား လုပ်ပိုင်ခွင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားပိုင် ပြည်တွင်းလေကြောင်းလိုင်းနှစ်ခုဖြစ်သည့် MAI နှင့် Air KBZ လေကြောင်းလိုင်းသည်  ပြည်တွင်း ပြည်ပ ခရီးစဉ်များကို ပျံသန်းနေခြင်းဖြစ်ပြီး၊ လက်ရှိတွင် MAI လေကြောင်းက ပြည်ပခရီးစဉ် ၁၅ ခု၊ ပြည်တွင်းခရီးစဉ် ၁၃ ခု၊ Air KBZ လေကြောင်းလိုင်းက ပြည်တွင်းခရီးစဉ် ၁၃ ခုအား ပျံသန်းနေခြင်းဖြစ်သည်။

လက်ရှိတွင် MAI နှင့် Air KBZ လေကြောင်းလိုင်းအစား MAI နှင့် Mingalar လေကြောင်းလိုင်းအမည်ဖြင့် ပြည်တွင်း ပြည်ပ ခရီးစဉ်များကို ပျံသန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။­

Most Read

Most Recent