ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်နေတဲ့ မြေမြှုပ်မိုင်းအန္တရာယ်

ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို ခြိမ်းခြောက်နေတဲ့ မြေမြှုပ်မိုင်းအန္တရာယ်
ရှမ်းပြည်မြောက်ပိုင်း နမ့်ပန်ရွာမှ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက်ဖြတ်လိုက်ရသည့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးကို တွေ့ရစဉ်
ရှမ်းပြည်မြောက်ပိုင်း နမ့်ပန်ရွာမှ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက်ဖြတ်လိုက်ရသည့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးကို တွေ့ရစဉ်
Published 7 January 2024
ဘိုဘိုမြင့်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက် နောက်ပိုင်းကာလ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကစလို့ လက်ရှိ ၂၀၂၃ ခုနှစ် နှစ်ကုန်အချိန်အထိကို မြန်မာနိုင်ငံတစ်ဝန်းမှ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် အရပ်သားပြည်သူတွေ ကိုယ်လက်အင်္ဂါဆုံးရှုံးတာတွေ၊ အသက်သေဆုံးမှုဖြစ်စဉ်တွေ အတော်များများရှိခဲ့ပါတယ်။

မွန်ပြည်နယ်မှာလည်း ၂၀၂၂ ခုနှစ်အတွင်းမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သားပြည်သူတွေ ကိုယ်လက်အင်္ဂါဆုံးရှုံးတာတွေ၊ အသက်သေဆုံးမှုဖြစ်စဉ်တချို့ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာတော့ မွန်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုဖြစ်ပွားလာခြင်းနဲ့အတူ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုတွေ ပိုမိုဖြစ်ပွားလာတယ်လို့ ပြောလို့ရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ဇန်နဝါရီလအတွင်းမှာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဇန်နဝါရီ ၂၈ ရက်မှာ ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီးမှာ ဒေသခံအမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာစဉ်မှာ ဆိုင်ကယ်နဲ့ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်ပျက်ဆီးခဲ့ပေမဲ့ ဒေသခံအမျိုးသားကတော့ ကံကောင်းထောက်မစွာ ဒဏ်ရာမရရှိခဲ့ပါဘူး။

ထို့အတူ ဇန်နဝါရီ ၃၀ ရက်မှာလည်း လမိုင်းမြို့၊ ဘေးကလွဲရွာ ၊ ကြိုးတံတားချောင်းအနီးမှာဘဲ ဒေသခံတစ်ဦးဖြစ်သူ နိုင်ကိုးမိုင်မှာ သူ့ရဲ့ ခြံအနီးမှာရှိတဲ့ ရေပိုက်တွေကို ပြုပြင်ဖို့သွား‌ရောက်စဉ်မှာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့တဲ့အတွက် ဘယ်ဘက်ခြေထောက် ခြေမျက်စိအောက်ပိုင်း ပြတ်ရှဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာလည်း ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးကလွဲကျေးရွာ အနီးမှာရှိတဲ့ ကြိုးတံတားချောင်းအနီးမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု နှစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။ ဖေဖော်ဝါရီလ ၂ ရက် ည ၆ နာရီက လမိုင်းမြို့၊ မော့ကနင်ကျေးရွာ ၊ ကော့စွယ်ရပ်နေ အမျိုးသားတစ်ဦးဟာ အထက်ပါ ကြိုးတံတားချောင်းအနီးမှာ ဆိုင်ကယ်မောင်းနှင်လာစဉ် မြေမြှုပ်မိုင်းကို နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေထောက်နှစ်ဖက်လုံး မိုင်းစထိမှန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ထို့အတူပဲ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၉ နာရီ ၄၀ မိနစ်လောက်မှာ မော့ကနင်းကျေးရွာ  ကျားဆိပ်ရပ်မှ အသက် ၅၉  နှစ်အရွယ် ဦးညွန့်ဝေ ဆိုသူလည်း ကြိုးတံတားချောင်းအနီးမှာရှိတဲ့ ခြံထဲက ဈေးဝယ်ထွက်လာစဉ်မှာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

“မြေမြှုပ်မိုင်းနင်းမိလို့ ပေါက်ကွဲတဲ့အရှိန်နဲ့ ဦးညွန့်ဝေရဲ့ ဘယ်ဘက်ခြေထောက်ခြေမျက်စိအောက်မှာ ပြတ်ရှဒဏ်ရာရသွားတယ်။ သူ့ကို ရွှေဟင်္သာ ပရဟိတလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်နဲ့ လမိုင်းဆေးရုံကို ပို့ဆောင်းပေးလိုက်တယ်။ အဲဒီလမိုင်းဆေးရုံကတစ်ဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကို ထပ်ဆင့်ပို့ဆောင်လိုက်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မတ်လအတွင်းမှာလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းမှာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု နှစ် ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံ နှစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မတ်လ ၂၂ ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဒေသ၊ ကျိုက်ထီးရိုးစေတီတော်တည်ရှိရာတောင်အနီးမှာရှိတဲ့ ဝိဇ္ဖာတောင်မှာ အသက် ၂၅ နှစ်အရွယ် ကိုခင်ဇော်ထွေးဆိုသူဟာ တောထဲမှာ ဟင်းသီးဟင်းရွက်ခူးဖို့အသွားမှာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ရပါတယ်။မြေမြှုပ်မိုင်းနင်းမိပြီးသေဆုံးခဲ့ရတဲ့ ကိုခင်ဇော်ထွေးဟာ ကျိုက်ထီးရိုးတောင်ပေါ်မှာ ရရာအလုပ်လုပ်ကိုင်ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေသူတစ်ဦးဖြစ်တဲ့အပြင် ဟင်းသီးဟင်းရွက်တွေခူးရောင်းခြင်း၊ သစ်ခုတ်၊ ဝါးခုတ်စတဲ့ အလုပ်များကိုလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ကိုခင်ဇော်ထွေး သေဆုံးသွားချိန်မှာတော့ သူ့ရဲ့ဇနီးဖြစ်သူနဲ့ ကလေးငယ်နှစ်ဦး ကျန်ရစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

အလားတူပဲ မတ်လ ၂၇ ရက် ညပိုင်းကလည်း ကျိုက်ထိုမြို့နယ် မဲရုံလေးကျေးရွာအနီးမှာ ဒေသခံပြည်သူ သုံးဦး မြေမြှုပ်မိုင်းနင်းမိပြီး တစ်ဦးသေဆုံးကာ နှစ်ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။မြေမြှုပ်မိုင်းကြောင့် ဒေသခံပြည်သူရဲ့ကိုယ်လက်အင်္ဂါဆုံးရှုံးကြရတဲ့အပြင် အသက်သေဆုံးခြင်းတွေကြောင့် မိသားစုတွေ အားကိုးရာမဲ့ခဲ့ကြရတဲ့အခြေအနေမျိုးတွေ ဖြစ်ပွားခဲ့ရပါတယ်။မေလအတွင်းမှာတော့ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ကမ်းနီကျေးရွာအနီးမှာ မေလ ၂၉ ရက် ညပိုင်းက သိမ်ဇရပ်မြို့နေ အသက် ၂၈ နှစ်အရွယ် ကိုချမ်းမြေ့အောင်ဆိုသူဟာ သိမ်ဇရပ်မြို့နေအိမ်မှ ကမ်းနီကျေးရွာကို တညင်းသီးခူးဖို့ မော်တော်ဆိုင်ကယ်နဲ့ သွားရောက်စဉ်မှာ ကမ်းနီကျေးရွာအဝင်လမ်းဆုံနေရာမှာ သူမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်က မြေမြှုပ်မိုင်းကို တက်ကြိတ်မိပြီး မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။  မိုင်းပေါက်ကွဲတဲ့အရှိန်နဲ့ ကိုချမ်းမြေ့အောင်ရဲ့ ဘယ်ဘက်ခြေသလုံးမှာ ပေါက်ပြဲဒဏ်ရာရရှိခဲ့သလို လက်တွေမှာလည်း မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၅ ရက်နေ့မှာလည်း ရေးမြို့နယ် လမိုင်းမြို့၊ ဘေးကလွဲကျေးရွာအနီးက ကြိုးတံတားချောင်းဘေးနေရာနဲ့ ဘီးလင်းမြို့နယ် နတ်ကြီး - ရှမ်းစုကျေးရွာ  အနီး နတ်ကြီး - ဘင်ဘန်းသွားကားလမ်း ဒေသခံအမျိုးသား နှစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်.

ရေးမြို့နယ် လမိုင်းမြို့၊ ဘေးကလွဲကျေးရွာအနီးက ကြိုးတံတားချောင်းဘေးနေရာကတော့ မကြာခဏ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုတွေဖြစ်ပွားခဲ့နေခြင်းဟာ ဒေသခံပြည်သူတွေအတွက် နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရမှုတွေကို ခြိမ်းခြောက်ခံနေရသလိုဖြစ်နေပါတယ်။

လမိုင်းမြို့၊ ဘေးကလွဲကျေးရွာ အနီး ကြိုးတံတားချောင်းဘေး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်စဉ်မှာ အသက် ၂၄ နှစ်အရွယ် အမျိုးသားဟာ ညာဘက်ခြေထောက် ညို့သကျည်းအောက်ပိုင်း ပြတ်ရှဒဏ်ရာရရှိခဲ့ပြီးခဲ့တော့ ဘီးလင်းမြို့နယ် နတ်ကြီး - ရှမ်းစုကျေးရွာ အနီး နတ်ကြီး-ဘင်ဘန်းသွားကားလမ်းဘေးမှာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့်လည်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းမှာတော့ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဝါးဒက်ကွင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် မောင်အေးချမ်းသခင် ဆိုသူ ကလေးတစ်ဦးဟာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ရပါသေးတယ်။မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တဲ့ ကလေးဟာ နွားကျောင်းထွက်လာရင်းနဲ့ ဝါးဒတ်ကွင်းကျေးရွာ နဲ့ ကညင်အိုင်ကျေးရွာကြားမှ သုံးခွကျေးရွာ အုပ်စု အရိုးအိုး လမ်းဆုံနေရာမှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။“မောင်အေးချမ်းသခင်က မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲတဲ့အရှိန်နဲ့ ဘယ်ဘက် ခြေထောက်နဲ့ ပေါင်ရင်းမှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး သေဆုံးခဲ့တာပါ” လို့ ဝါးဒက်ကွင်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။မြေမြှုပ်မိုင်းကြောင့် ကလေးငယ်မှာလည်း အသက်သေဆုံးမှုတွေ မွန်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့ရပါတယ်။ဩဂုတ်လအတွင်းမှာလည်း မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်စဉ်တွေက ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းက ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာ အုပ်စု မရမ်းကုန်းကျေးရွာ မှာ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ရပါတယ်။

ဩဂုတ် ၂၉ ရက် နံနက် ၈ နာရီခန့်ကလည်း ကျိုက်ထိုမြို့နယ် ကညင်ချောင်းကျေးရွာအနီး ရော်ဘာခြံအတွင်းမှာ နေထိုင်တဲ့ ဦးအောင်ဆန်းဦးဟာ သူငယ်ချင်းဖြစ်သူ ဦးနိုင်လင်းနှင့်အတူ မျှစ်ရှာဖို့အတွက် ရော်ဘာခြံအနီးမှာရှိတဲ့ တောထဲကို သွားရောက်စဉ်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့ပါတယ်။

မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဦးအောင်ဆန်းဦးရဲ့ ဘယ်ဘက်ခြေထောက်မှာ ခြေသလုံးအောက်ပိုင်းက အသားတွေ ဆုတ်ထွက်သွားပြီး အရိုးပါပေါ်သွားကြောင်း၊ ညာဘက်ခြေထောက်တွင်လည်း မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနဲ့ ဦးနိုင်လင်းကတော့ ကံကောင်းထောက်မစွာ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူး လို့ သိရပါတယ်။

နိုဝင်ဘာလမှာတော့ မွန်ပြည်နယ်အတွင်းမှာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်စဉ် သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အသက် ၁၃ နှစ်အရွယ်ကလေး သုံးဦးသေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။နိုဝင်ဘာလ ၅ ရက် မွန်းလွဲပိုင်းက သထုံမြို့နယ် ကင်မွန်းချုံကျေးရွာ မှာနေထိုင်ကြတဲ့ အသက် ၁၃ နှစ်အရွယ်မောင်ဝင်းသိုက်ထွန်း အပါအဝင် လူငယ် သုံးဦးဟာ နွားစာအတွက် ရွာအရှေ့ဘက် လယ်ကွင်းတွေထဲမှာ မြက်ရိတ်သွားရင်း မိုင်းနင်းမိတဲ့အတွက် လူငယ် သုံးဦးစလုံး သေဆုံးခဲ့ရပါတယ်။အဲဒီလူငယ် သုံးဦးဟာ ဆွေမျိုးမကင်းကြသူတွေ ဖြစ်ကြတယ်လို့လည်း ဒေသခံတွေက ဆိုပါကြပါတယ်။

နောက်ပြီး နိုဝင်ဘာလ ၇ ရက်က နံနက် ၃ နာရီခန့်ကလည်း ကျိုက်ထိုမြို့နယ် သစ်ဆိပ်ပင်ကျေးရွာနေ ဦးဝင်းဇော် ဆိုသူဟာ သစ်ဆိပ်ပင်ကျေးရွာ မှာရှိတဲ့ အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရော်ဘာစိုက်ပျိုးရေးစခန်း၊ ရော်ဘာခြံအကွက်အမှတ် ၁၀၂ ကို ဆိုင်ကယ်နဲ့သွားရောက်စဉ် လမ်းခုလတ်အရောက်မှာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့တာဖြစ်ပါတယ်။မိုင်းပေါက်ကွဲတဲ့အရှိန်နဲ့ ဦးဝင်းဇော်မှာ ယာခြေသလုံးပေါက်ပြဲဒဏ်ရာ၊ ယာလက်သန်းကွဲဒဏ်ရာ၊ ယာလက်ဖမိုးပေါက်ပြဲဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဆိုင်ကယ်လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ထို့အတူပဲ နိုဝင်ဘာလ ၁၁ ရက် နံနက် ၈ နာရီခန့်ကလည်း ကျိုက်ထိုမြို့နယ် သစ်ဆိပ်ပင်ကျေးရွာ မှာရှိတဲ့ ရွှေဖြူရော်ဘာစိုက်ပျိုးရေးခြံအတွင်းမှာ ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါသေးတယ်။

မြေမြှုပ်မိုင်းနင်းမိခဲ့သူက သစ်ဆိပ်ပင်ကျေးရွာ နေ အသက် ၁၈ နှစ်အရွယ် မောင်ဝေလင်းထွန်းဆိုသူဖြစ်ပါတယ်။ သူက ရော်ဘာစေးခြစ်ဖို့အတွက်ကို သစ်ဆိပ်ပင်ကျေးရွာ မှာရှိတဲ့ ရွှေဖြူရော်ဘာစိုက်ပျိုးရေးစခန်း ရော်ဘာခြံအကွက်အမှတ် ၁၀၂ နေရာကို ဖြတ်သန်းသွားလာချိန်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းပေါက်ကွဲတဲ့အရှိန်ကြောင့် မောင်ဝေလင်းထွန်းမှာ ညာဘက်ခြေဖဝါးကြေမွဒဏ်ရာ၊ ဘက်ဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာ၊ ငယ်ပါပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ဖဝါးပေါက်ပြဲဒဏ်ရာတွေရရှိခဲ့ပါတယ်။၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာရှိ ခိုင်ရွှေစိမ်း ကျွဲကောခြံအတွင်းမှာ မျောခုတ်ရန်လာရောက်တဲ့ အင်္ဂဘိုကျေးရွာနေ ဦးနိုင်ဝင်း ၄၅ နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်မိမိ ၄၀ နှစ်တို့နှစ်ဦး မြေမြှုပ်မိုင်းနှစ်လုံးနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် ဦးနိုင်ဝင်းရဲ့ ခြေလက်တွေနဲ့ ဝမ်းဗိုက်မှာ ပေါက်ပြဲဒဏ်ရာတွေရရှိကာ ဒေါ်မိမိဟာလည်း ဘယ်ဘက်တင်ပါး၊ ဝမ်းဗိုက်နဲ့ လက်နှစ်ဖက်မှာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပါတယ်။သူတို့နှစ်ဦးကို သထုံခရိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှုပေးနေချိန်မှာဘဲ ဦးနိုင်ဝင်းဟာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်မှာ သေဆုံးသွားပြီး ဒေါ်မိမိကိုလည်း သထုံခရိုင်ပြည်သူ့ဆေးရုံကတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ကာ ဆေးကုသမှုပေးထားရတယ်လို့ သိရပါတယ်။

ထို့ပြင် ရန်ကုန် - မော်လမြိုင်ကားလမ်းတစ်လျှောက်မှာလည်း မြေမြှုပ်မိုင်းတွေ ပေါက်ကွဲမှုတွေကြောင့် မော်တော်ယာဉ်များ ထိခိုက်ပျက်စီးမှုတွေရှိခဲ့သလို ခရီးသွားပြည်သူတွေ ထိခိုက်မှုတွေလည်း ရှိပါသေးတယ်။ အဲဒီအပြင်ကို သတင်းမီဒီယာနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် မရောက်လာတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွေလည်း ရှိနိုင်ပါသေးတယ်။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြို့နယ်တွေရဲ့ ထက်ဝက်ကျော်ဟာ မြေမြှုပ်မိုင်းအန္တရာယ်တွေရှိနေပြီး အဲဒီဒေသတွေက ပြည်သူလူထုအနေနဲ့ကလည်း မြေအောက်မှာရှိတဲ့ မမြင်နိုင်တဲ့ မိုင်းတွေကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးတာ၊ အသက်သေဆုံးတာတွေဖြစ်နေကြလို့ မြေမြှုပ်မိုင်း နဲ့ ဆင့်ပွားပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက်များ စောင့်ကြည့်လေ့လာရေးအဖွဲ့ (LCMM) က ဒီဇင်ဘာလ ၂၈ ရက် သတင်းထုတ်ပြန်ထားပါတယ်။စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်လာတာနဲ့အတူ မြန်မာနိုင်ငံအနှံ့မှာ မြေမြှုပ်မိုင်းအန္တရာယ်ကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွာလာနေတယ်လို့ အဲဒီအဖွဲ့က ဆိုထားပါတယ်။

စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်တိုးပွားလာနေသည်နှင့်အမျှ တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ကလည်း ရန်သူရဲ့ ရန်ကိုကာကွယ်ဖို့ဆိုပြီး မြေမြှုပ်မိုင်းတွေကို အသုံးပြုမှု ပိုမိုများပြားလာမှာ အသေအချာပါပဲ။မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တဲ့နေရာတွေဟာ ဒေသခံပြည်သူတွေ နေ့စဉ်အသုံးပြုသွားလာနေကြတဲ့ လမ်းတွေ၊ လုပ်ငန်းခွင်လိုနေရာမျိုးတွေဖြစ်နေတာ၊ လယ်ယာမြေတွေ၊ ဥယျာဉ်ခြံမြေတွေအတွင်းဖြစ်နေတာတွေက အရပ်သားပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် ရုန်းကုန်လှုပ်ရှားနေကြရတဲ့ နေရာတွေဖြစ်နေပါတယ်။

ဒီအခြေအနေတွေကြောင့်လည်း ဒေသခံပြည်သူတွေအနေနဲ့က နေ့စဉ်လှုပ်ရှားမှုတွေဟာ ခြိမ်းခြောက်မှုတွေနဲ့ တွေ့ကြုံနေရသလို ခံစားနေကြရပါတယ်။ဒါတွေကိုလည်း လက်ရှိနိုင်ငံရဲ့အခြေအနေတွေအရ ဘယ်သူကမှ တာဝန်ယူဖြေရှင်းပေးနိုင်တာမျိုး ရှိဦးမှာ မဟုတ်သေးပါဘူး။

အဲဒီတော့ အရပ်သားပြည်သူတွေ၊ ဒေသခံတွေအနေနဲ့ကတော့ မိမိရဲ့ စားဝတ်နေရေးအတွက် နေ့စဉ်သွားလာလှုပ်ရှားမှုတွေကို သတိကြီးစွာထားပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းပါရစေ။ 



 

Most Read

Most Recent