၂၀၂၃ အကုန် ဒေါ်လာကြမ္မာ မှန်းဆချက်

၂၀၂၃ အကုန် ဒေါ်လာကြမ္မာ မှန်းဆချက်
Published 7 January 2024

 

(၁)

ကမ္ဘာ့ငွေကြေးဇာတ်ခုံတွင်ကာလရှည်လွှမ်းမိုးခဲ့သော အမေရိကန်ဒေါ်လာအခြေအနေကို အားလုံးစောင့်ကြည့်နေကြသည်။ လေ့လာနေသူများက ၂၀၂၃ ခုနှစ် တတိယသုံးလပတ်တွင် ကမ္ဘာ့နိုင်ငံများ ကိုင်ထားသော အရန်ငွေအမေရိကန် ဒေါ်လာ၏အခြေအနေမှာ အနည်းငယ်ကျဆင်းလာသည်ဟုဆိုသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့( အိုင်အမ်အက်ဖ်) က ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရလည်း နိုင်ငံတကာရှိ ဗဟိုဘဏ်များတွင်ထားရှိသော အမေရိကန်ဒေါ်လာ အရန်ငွေအခြေအနေသည် ရှေ့သုံးလတာကာလအတွင်း  ၅၉ ဒသမ ၄ ရာခိုင်နှုန်းရှိနေခဲ့ရာမှ ၅၉ ဒသမ ၂ ရာခိုင်နှုန်းသို့ အနည်းငယ်ကျဆင်းလာသည်ကိုတွေ့နေရ၏။        ထိုအခြေအနေသည် ပြီးခဲ့သည့်နှစ် စတုတ္ထ သုံးလပတ်နောက်ပိုင်း အခြေအနေများထဲတွင် အနိမ့်ဆုံးအဆင့်ဖြစ်သည်ဟု သုံးသပ်ကြသည်။ 

(၂)

အီးယူ၏ ယူရိုငွေကြေးသည်လည်း အနည်းငယ်ကျဆင်းမှုရှိလာနေသည့်အချိန်တွင် အမေရိကန်ဒေါ်လာသည် ဆိုးဆိုးရွားရွားမဖြစ်သေးဘဲ ကမ္ဘာ့ထိပ်တန်း အရန်ငွေကြေးအဖြစ် ဆက်လည်တည်ရှိနေမည်မှာ သေချာသောအချက်ဖြစ်သည်ဟုဆိုသည်။ ဂျပန်ငွေကြေးယန်း၏ အရန်ငွေသားအချိုးသည် ၅ ဒသမ ၃ ရာခိုင်နှုန်းမှ ၅ ဒသမ ၅ ရာခိုင်နှုန်းသို့ တက်လာခဲ့ပြီး ၎င်း၏နောက်၌ တရုတ်ယွမ်ငွေ၊ ဗြိတိန်ပေါင်စတာလင်၊ ကနေဒါဒေါ်လာနှင့် ဆွစ်ဖရန့်ငွေတို့သည်လည်း အနည်းငယ် အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိသည်။ ပြောင်းလဲဖြစ်ပေါ်မှုများအကဲခတ်၍ အမေရိကန်ဒေါ်လာ၏ ရပ်တည်မှုအခြေအနေသည် တဖြည်းဖြည်းလျော့ကျလာနေပြီး အချိန်ကာလကြာရှည်လာချိန်တွင် ကမ္ဘာငွေကြေးနယ်ပယ်ထဲ၌ လွှမ်းမိုးနိုင်မှုမှာ အနည်းငယ်လျော့ကျလာနိုင်သည်ဟု ထင်ကြေးပေးမှုများရှိလာသည်။   

(၃)

ကမ္ဘာသုံးအရန်ငွေပမာဏတွင် အမေရိကန်ဒေါ်လာ၏ ပါဝင်မှုနှင့်ပတ်သက်၍ အနီးဆုံးကာလများကို လေ့လာကြည့်ရာ၌  ၂၀၀၀ ပြည့်နှစ်က ၇၀ ရာခိုင်နှုန်း ဝန်းကျင်တွင်ရှိခဲ့ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုအတွင်း၌ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ ၆၀ ရာခိုင်နှုန်းကျော်အထိဖြစ်လာခဲ့သည်။ လွန်ခဲ့သောနှစ်များတွင် ၅၉ ရာခိုင်နှုန်းဝန်းကျင်၌ တဝဲလည်လည်ဖြစ်နေခဲ့၏။ ထိုသို့ အမေရိကန်ဒေါ်လာပါဝင်မှုရာခိုင်နှုန်း တဖြည်းဖြည်းကျဆင်းလာနေချိန်တွင် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာကို ကမ္ဘာ့ငွေကြေးနယ်ပယ်မှ တစ်စစီဖယ်ထုတ်ရန်  ကြိုးပမ်းလျက် ၎င်း၏ငွေကြေးယွမ်ကို နိုင်ငံတကာသုံးငွေကြေးအဖြစ်မြှင့်တင်နိုင်ရေး ကြိုးစားအားထုတ်လျက်ရှိသည်။ ထို့ကြောင့် ဒေါ်လာငွေကြေး အသုံးပြုမှုလျော့ကျသည့်အခြေအနေမှာ သိသာလွန်းသည်ဟု မဆိုနိုင်သည့်တိုင် တဖြည်းဖြည်းချင်း ဆုတ်ယုတ်လာနေသည်ဟုပြောကြသည်။  

လက်တွေ့အခြေအနေတွင် တရုတ်ငွေကြေးယွမ်၏ ကမ္ဘာသုံးအရန်ငွေကြေးအဖြစ် ပါဝင်မှုရာခိုင်နှုန်းမှာ ပုံမှန်အနေအထားသာရှိနေသေးသော်လည်း နိုင်ငံတကာငွေပေးချေမှုတွင် ယွမ်ငွေကြေးအသုံးပြုမှုမှာ တိုးတက်မှုရှိလာသည်ကိုတွေ့ရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကဆိုလျှင်  နိုင်ငံတကာငွေပေးချေမှုများတွင် ယွမ်ငွေကြေးပါဝင်မှုမှာ စံချိန်တင်မြင့်မားသည့်အထိဖြစ်ခဲ့ပြီး ယွမ်ငွေသုံးစွဲမှု အများဆုံးစတုတ္ထမြောက်လပင်ဖြစ်ခဲ့သည်ကို နိုင်ငံတကာငွေပေးချေမှုဘဏ္ဍာရေးစနစ်ဖြစ်သည့် SWIFT (Society for Worldwide Interbank Financial Telecommunication) အချက်အလက်များမှတစ်ဆင့် သိရသည်။    

(၄)

တရုတ်နိုင်ငံဗဟိုဘဏ်ဖြစ်သည့် တရုတ်ပြည်သူ့ဘဏ် (People's Bank of China) သည် ဆော်ဒီအာရေဗျနှင့် အာဂျင်တီးနားကဲ့သို့သော နိုင်ငံရပ်ခြားဒေသများမှ ဗဟိုဘဏ်များနှင့် နှစ်နိုင်ငံအပြန်အလှန်ငွေကြေးဖလှယ်သုံးစွဲရေးသဘောတူညီမှု ၃၀ ကျော်ကို ပြုလုပ်ခဲ့ပြီး နိုင်ငံဖြတ်ကျော်ယွမ်ငွေကြေးထုတ်ချေးမှုအခြေအနေ (Cross-border yuan lending) သည်လည်း  မြင့်တက်သွားခဲ့သည်ကို တွေ့ရသည်။      

ထိုအခြေအနေများနှင့်တိုက်တိုက်ဆိုင်ဆိုင် ရုရှားနိုင်ငံ၏ယူကရိန်းကို ကျူးကျော်မှုအပေါ် ဒဏ်ခတ်သည့်အနေဖြင့် အနောက်နိုင်ငံများက ရုရှားနိုင်ငံအပေါ်   ဘဏ္ဍာရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်လာချိန်တွင် နိုင်ငံအချို့သည် ဒေါ်လာအသုံးပြုမှုကိုလျှော့ချသည့် အခြေအနေဖြစ်လာခဲ့သည်။ အကျိုးဆက်မှာ နောက်ထပ်နိုင်ငံများကပါ ဒေါ်လာအသုံးပြုုအပေါ် စိုးထိတ်လာကြပြီး ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာထိခိုက်မှုများကိုလျှော့ချနိုင်ရေး အားထုတ်ပြင်ဆင်လာခဲ့ကြသည်။     

ဘရစ်အုပ်စု (BRICS) အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများကလည်း ပိုမိုဝင်ရောက်လာကြသည့် ထွန်းသစ်စနိုင်ငံအဖွဲ့ဝင်များနှင့်အတူ အမေရိကန်ဒေါ်လာ အသုံးပြုမှုလျှော့ချနိုင်ရေး အစီအစဉ်များပြုလုပ်လျက်ရှိလာရာ အမေရိကန်ဒေါ်လာအတွက် စိန်ခေါ်မှုများ ပိုမိုတိုးလာခဲ့သည်။    

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအစောပိုင်းက ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နှစ်နိုင်ငံပြည်တွင်းသုံးငွေကြေးများဖြစ်သည့် ယွမ်နှင့် ရူဘယ်တို့ကို အပြန်အလှန်သုံးစွဲလျက်  နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်မည်ဖြစ်သဖြင့် အမေရိကန်ဒေါ်လာ အသုံးပြုမှုကို လုံးဝဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံဘက်က ကြေညာခဲ့သည်ဟုသိရသည်။   

(၅)

နိုင်ငံတကာငွေရေးကြေးရေးသတင်းများအရ နိုင်ငံအချို့သည် ၎င်းတို့၏ နိုင်ငံတကာ ငွေကြေးပေးချေမှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုမှလျှော့ချမှုများရှိလာနေသဖြင့် နိုင်ငံတကာ ငွေကြေးနယ်ပယ်၌ အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုမှာ တဖြည်းဖြည်းလှိုက်စားခံနေရပြီဟု သုံးသပ်မှုများရှိနေသည်။ ကျွမ်းကျင်သူအချို့ကမူ အမေရိကန်ဒေါ်လာအသုံးပြုမှုကို  လုံးလုံးလျားလျား သို့မဟုတ် အပြည့်အဝလျှော့ချမှုမှာ ဖြစ်နိုင်ဖွယ်မရှိသေးဟု မှန်းဆနေကြ၏။ 

ဖြတ်သန်းခဲ့ရသော ကမ္ဘာ့ငွေရေးကြေးရေး သမိုင်းအတွေ့အကြုံများကို အခြေခံ၍ သုံးသပ်ချက် အမျိုးမျိုးရှိနေသည်။ အကယ်၍ တရုတ်နိုင်ငံသည် ၂၀၃၀   ပြည့်နှစ်ဝန်းကျင်၌ အမေရိကန်နိုင်ငံကို ကျော်တက်၍ ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာခဲ့လျှင်ပင် အမေရိကန်ဒေါ်လာ၏  နိုင်ငံတကာ ငွေကြေးနယ်ပယ်တွင်လွှမ်းမိုးနိုင်မှုမှာ ၂၁ ရာစုထက်ဝက်ကာလများအထိ ဆက်လက်ဖြစ်ပေါ်နေလိမ့်မည်ဟု နိုင်ငံတကာ ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ ဂျေပီမော်ဂန် (JPMorgan) မှ     ပညာရှင်များက ပြီးခဲ့သည့် ၂၀၂၃ နှစ်ဇွန်လကတည်းက ကြိုတင်မျှော်မှန်း ကောက်ချက်ချထားခဲ့ကြပြီးဖြစ်ပေသည်။    

Ref: The dollar's dominance is continuing to slip 

စောနိုင် (အသုံးချဘောဂဗေဒ)

 

Most Read

Most Recent