ဆောင်းရာသီမှာဖြစ်တတ်တဲ့ရောဂါများ 

ဆောင်းရာသီမှာဖြစ်တတ်တဲ့ရောဂါများ 
Published 7 January 2024
 (ဒေါက်တာလွင်သန့်)

အယ်နီညိုရာသီဥတုဖောက်ပြန်မှုနဲ့အတူဆောင်းဝင်တာနောက်ကျခဲ့ပြီးဇန်နဝါရီလဆန်းကစလို့အေးလာပါပြီ။ဆောင်းတွင်းမှာအများစုကမဖြစ်မနေကြုံတွေ့ကြရတာကအသားပတ်တာပဲဖြစ်တယ်။ခန္ဓာကိုယ်တစ်ခုလုံးကအရေပြားပေါ်မှာလက်သည်းနဲ့ကုတ်လိုက်ချိန်၊အဖြူစင်းတွေဖြစ်နေတတ်ပြီး၊အရေပြားကတင်းတင်းကျပ်ခံစားရကာ၊အထိခိုက်မခံပဲဖြစ်နေတာမျိုးဖြစ်တယ်။ရာသီဥတုရဲ့ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတယ်ဆိုပေမယ့်သေချာဂရုမစိုက်ဘူးဆိုရင်တော့အမည်းကွက်နဲ့အမာရွတ်တွေထင်ကျန်နေတာ၊အသားအရည်ပျက်စီးတတ်ပါတယ်။နောက်တစ်ခုဖြစ်တတ်တာကခြေဖဝါးလက်ဖဝါးတွေမှာအရေပြားအဖတ်လေးတွေကွာတက်ပါတယ်။ခြေဖဝါးနဲ့လက်ဖဝါးတွေမှာအဆီထွက်သူတွေပိုပြီးအသားကွာတတ်ပါတယ်။အသားမကွာဘူးဆိုရင်လည်းခြေဖဝါးနဲ့လက်ဖဝါးမှာချွေးနဲ့အဆီတွေအချိန်တိုင်းထွက်နေတတ်ပါတယ်။မျက်နှာလိမ်းအရည်ဆိုရင်မိတ်ကပ်လိမ်းချိန်မှာမိတ်ကပ်သားကဆွဲလို့မကောင်းပဲအကွက်တွေဖြစ်နေတတ်ပါသေးတယ်။နှုတ်ခမ်းသားတွေခြောက်သွေ့ကွဲအက်တာ၊မျက်နှာတစ်ပြင်လုံးတင်းကျပ်ကျပ်ခံစားနေရတာစတဲ့ပြဿနာတွေကဆောင်းတွင်းကာလမှာအဖြစ်များပါတယ်။

    သတိပြုဖို့ကဆောင်းတွင်းမှာကိုယ်သုံးနေကျဆံပင်ပျော့ဆေးတွေအစားအရေပြားနဲ့လိုက်ဖက်မှုရှိတဲ့ခေါင်းလျှော်ရည်နဲ့ဆံပင်ပျော့ဆေးတွေကိုပြောင်းသုံးပေးသင့်ပါတယ်။ရေကိုလည်းခပ်နွေးနွေးသုံးပေးပြီးပူတဲ့ရေကိုရှောင်သင့်ပါတယ်။ခေါင်းမလျှော်ခင်၊ဆီတစ်မျိုးနဲ့ပုံမှန်နှိပ်နယ်ပေးသင့်ပါတယ်။ခေါင်းလျှော်ရည်နဲ့ဆံပင်ပျော့ဆေးတွေသုံးတဲ့အခါရေစင်အောင်ဆေးကြောပေးဖို့မမေ့သင့်ပါဘူး။

    ဆောင်းတွင်းမှာဆံသားခြောက်သွေ့တတ်ပါတယ်။မိန်းကလေးအများစုဟာဆောင်းတွင်းမှဆံသားခြောက်သွေ့တာနဲ့ဗောက်ထတာကိုကြုံတွေ့ကြရတတ်ပါတယ်။ဒါကဆောင်းတွင်းမှာတိုက်ခိုက်တဲ့လေနဲ့ပတ်ဝန်းကျင်လေထုညစ်ညမ်းတဲ့အခြေအနေတွေကြောင့်ဖြစ်တယ်။ဒါကိုကျန်းမာရေးမကောင်းတာကြောင့်ဆံသားပျက်စီးတယ်လို့မထင်သင့်ပါဘူး။ပြန်လည်ပြုပြင်ပြီးကောင်းမွန်စေမယ့်နည်းလမ်းတွေရှိပါတယ်။ဆံပင်သားပြန်လည်ကောင်းမွန်လာစေဖို့အိမ်မှာပြုလုပ်နိုင်တဲ့ပေါင်းတင်နည်းလမ်းတွေလည်းရှိပါတယ်။

    ဆောင်းတွင်းအသားကွဲအက်ခြင်းဖြစ်တတ်ပါတယ်။အသားပတ်ရာကနေဂရုမစိုက်မိပဲအချိန်တွေကြာတဲ့အခါမှာတော့အသားကွဲအက်တာမျိုးဖြစ်လာပါတယ်။အသားကွဲအက်တာကြောင့်သက်သောင့်သက်သာရှိတာမျိုး၊ခံရခက်တာမျိုးနဲ့နာကျင်တာမျိုးတွေဖြစ်တတ်ပါတယ်။အရေပြားကွဲအက်ပြီးသွေးထွက်တာမျိုးတွေမဖြစ်ဖို့ရောဂါပိုးဝင်ရောက်တာမျိုးတွေမဖြစ်ဖို့လည်းဂရုစိုက်ရပါမယ်။အသားကွဲအက်မှုမဖြစ်စေဖို့၊အဓိကပြုလုပ်သင့်တာကတော့အရေပြားခြောက်သွေ့ကတည်းကပြန်လည်ပြုပြင်သင့်ပါတယ်။

    ဆံသားကျန်းမာစေဖို့ထောပတ်သီးနဲ့မေရွန်းနိစ်သုံးသင့်ပါတယ်။အရသာရှိတဲ့အစားအစာဖြစ်ပြီးကျန်းမာရေးနဲ့ညီညွတ်သလိုအသားအတွက်လည်းပေါင်းတင်ပစ္စည်းအဖြစ်အသုံးပြုလို့ရနိုင်တဲ့ထောပတ်သီးနဲ့မေရွန်းနိစ်ရောပြီးဆံသားကျန်းမာအောင်ဆံပင်ပေါင်းတင်ဆေးအဖြစ်အသုံးပြုလို့ရပါတယ်။ခွက်တစ်ခွက်ထဲမှာထောပတ်သီးတစ်ဝက်မေရွန်းနိစ်တစ်ဇွန်း၊ကြက်ဥနှစ်လုံးစတာတွေကိုရောမွှေပြီး၊ဆံပင်ဦးရေပြားကနေအဖျားအထိတစ်လွှာချင်းနှံ့အောင်လိမ်းပေးသင့်တယ်။ခေါင်းတစ်ခုလုံးနှံ့သွားပြီဆိုရင်ရေချိုးဦးထုပ်ဆောင်ပြီးနှပ်ထားလိုက်သင့်တယ်။ရေနွေးငွေပေးပြီးပေါင်းပေးနိုင်ရင်ပိုကောင်းပါတယ်။အချိန်(၂၅)မိနစ်လောက်ထားပြီးရင်တော့ရေအေးနဲ့ဆေးချကာပုံမှန်အတိုင်းခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်သင့်ပါတယ်။

    အသားအက်ကွဲမှုမှသက်သာစေဖို့ထောပတ်သီး၊ငှက်ပျောသီးနဲ့သင်္ဘောသီးတွေကအစိုဓာတ်(ရေဓာတ်)ပြန်ရဖို့လိမ်းပေးရမှာဖြစ်တယ်။ထောပတ်သီး၊ငှက်ပျောသီး၊သင်္ဘောသီးတွေကိုဆတူရောပြီးပျစ်နေအောင်မွှေကာအရေပြားကွဲအက်နေတဲ့အပေါ်ကို(၁၅)မိနစ်လောက်လိမ်းထားပြီးရေနွေးနွေးနဲ့ဆေးချသင့်တယ်။အရေပြားခြောက်သွေ့ပြီးယားယံတာကြောင့်လက်သည်းနဲ့ကုတ်ခြစ်မိလို့ဖြစ်လာတဲ့ထိခိုက်မှုတွေကိုလည်းသက်သာစေပါတယ်။

    ဆံသားခြောက်သွေ့မှုကင်းစေဖို့သံလွင်ဆီသုံးနိုင်ပါတယ်။သံလွင်ဆီကဆံသားနဲ့ပတ်သက်တဲ့ပြဿနာတော်များများကိုဖြေရှင်းနိုင်ပါတယ်။ဆံသားကိုရေဓာတ်ရရှိပြီး၊ခြောက်သွေ့မှုလည်းကင်းစေပါတယ်။သန်လွင်ဆီကိုနှစ်မိနစ်လောက်မီးအေးအေးနဲ့အပူပေးပြီးအခန်းပူချိန်ထဲမှာပဲအအေးခံထားကာ၊ယင်းကိစ္စသုံးသွားတဲ့သံလွင်ဆီကိုဆံပင်အရင်းကနေအဖျားထိရွှဲနေအောင်လိမ်းလိုက်ပြီးခေါင်းဆောင်းစွပ်ကာ၊တစ်ညလောက်အိပ်သင့်ပါတယ်။မနက်မိုးလင်းမှလျှော်နေကြခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်လိုက်ရင်ဆံသားစိုလာနိုင်ပါတယ်။

    အမာရွတ်ကင်းဖို့ပျားရည်သုံးသင့်ပါတယ်။အရေပြားပေါ်မှာကုတ်ခြစ်ရာတွေနဲ့အက်ကွဲမှုတွေကြောင့်ဖြစ်ပေါ်တတ်တဲ့အမာရွတ်ထင်မှုတွေကိုသက်သာစေဖို့အတွက်ပျားရည်ကအကောင်းဆုံးပဲဖြစ်ပါတယ်။ကြက်ဥအနှစ်တစ်လုံး၊နို့မှုန့်နှစ်ဇွန်းနဲ့ပျားရည်တစ်ဇွန်းတို့ကိုရောပြီး၊အရေပြားပေါ်မှာလိမ်းပေးသင့်တယ်။(၁၅)မိနစ်လောက်ကြာချိန်မှာရေဆေးသင့်ပါတယ်။အရေပြားမှာရေဓာတ်ရရှိပြီး၊နူးညံ့ပျော့ပြောင်းလာစေဖို့ဆောင်းတွင်းတစ်တွင်းလုံးပြုလုပ်ပေးနိုင်ပါတယ်။

     ဆံသားချောမွေ့စေဖို့ပျားရည်နဲ့ကြက်ဥသုံးနိုင်ပါတယ်။ဆံသားခြောက်သွေ့ပျက်စီးနေတယ်ဆိုရင်အကောင်းဆုံးပြန်လည်ပြုပြင်နိုင်တဲ့နည်းလမ်းပဲဖြစ်တယ်။ကြက်ဥကိုအနှစ်ပါရောထည့်မယ်ဆိုရင်ဆံသားကိုပိုပြီးချောမွေ့ပျော့ပျောင်းစေပါလိမ့်မယ်။ကြက်ဥနှစ်လုံးနဲ့ပျားရည်ခွက်တစ်ဝက်ကိုရောလိုက်ပြီးဆံပင်အရင်းကနေအဖျားအထိနှံ့အောင်လိမ်းလိုက်ကာမိနစ်(၃၀)ကြာပေါင်းထားသင့်တယ်။ဆံပင်ကိုပေါင်းထားချိန်မှာဦးရေပြားကိုလည်းဖြည်းဖြည်းချင်းနှိပ်နယ်ပေးသင့်ပါတယ်။မိနစ်(၃၀)ပြည်တော့မှခေါင်းလျှော်ရည်နဲ့ပုံမှန်အတိုင်းခေါင်းလျှော်သင့်ပါတယ်။

    ခြောက်သွေ့မှုသက်သာစေတဲ့အစားအစာစားသင့်ပါတယ်။ဗီတာမင်နဲ့သတ္တုဓာတ်တွေအပြည့်အဝပါတဲ့အစားအစာကိုစားသုံးပေးပါမှဆောင်းတွင်းမှာအသားအရေကိုအကောင်းဆုံးထိန်းထားနိုင်ပါတယ်။ရေများများသောက်သင့်ပါတယ်။အသင့်အမြန်စားစနပ်များရှောင်သင့်ပါတယ်။ချိုပြီးအရည်ရွှမ်းတဲ့အသီးများစားသင့်တယ်။လိမ္မော်သီးလို၊အသီမျိုးတွေကဗီတာမင်စီကြွယ်ဝပြီးအဖျားရောဂါတွေနဲ့ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့နာမကျန်းဖြစ်တာတွေကိုသက်သာစေပါတယ်။အေးလွန်းတဲ့ဖျော်ရည်တွေနို့အေးနဲ့ရေခဲရေတွေလျော့သောက်သင့်ပါတယ်။

     ဗောက်ပျောက်စေချင်ရင်ချင်း(ဂျင်း)ဗောက်ပျောက်ဆေးသုံးသင့်ပါတယ်။ချင်း(ဂျင်း)ကိုဗောက်ပျောက်စေတဲ့ဆံပင်ပေါင်းတင်ပစ္စည်းအဖြစ်သုံးနိုင်ပါတယ်။မီးဖိုထဲမှာအလွယ်တကူရှာနိုင်တဲ့ပစ္စည်းပဲဖြစ်တယ်။ချင်း(ဂျင်း)ကိုကြိတ်ချေပြီးအနှစ်ပြုလုပ်ကာ၊အရည်စစ်ထုတ်သင့်တယ်။ချင်း(ဂျင်း)လက်ဖက်ရည်ဇွန်းနဲ့(၂)ဇွန်း၊သံပုရာရည်(၂)ဇွန်း၊သံလွင်ဆီ(၁)ဇွန်းကိုရောပြီးဦးရေပြားပေါ်မှာသုတ်လိမ်းကာ(၄၅)မိနစ်ထားပြီးရေဆေးချသင့်တယ်။

    ဆောင်းရာသီမှာအအေးဓာတ်ကြောင့်အရေပြားမထိခိုက်စေဖို့ကိုအသုံးပြုနေကျဆပ်ပြာတွေကိုပြောင်းလဲဖို့လိုပါတယ်။သုံးနေကျရေချိုးဆပ်ပြာကပြင်းတာကြောင့်ပြင်ပကရာသီဥတုကဆိုးရွားလာချိန်မှာကိုယ့်အရေပြားကိုပိုပြီးထိခိုက်စေနိုင်တဲ့အတွက်အပျော့စားရေချိုးဆပ်ပြာပြောင်းသုံးသင့်ပါတယ်။

    ရေပူအသုံးပြုတာကိုရပ်ဖို့လိုပါတယ်။ရေအေးဖြစ်စေ၊ကြက်သီးနွေးရေဖြစ်စေ၊အသုံးပြုပြီးရေချိုးဖို့လိုပါတယ်။အပူကအရေပြားကိုပိုမိုခြောက်သွေ့စေနိုင်ပါတယ်။ဆောင်းရာသီမို့ရေပူသုံးပြီးရေမချိုးသင့်ပါဘူး။

    အရေပြားကိုပွတ်တိုက်ကြေးချွတ်ဖို့အတွက်အသုံးပြုတဲ့အဝတ်တွေနဲ့ကြေးတွန်းဖတ်တွေကိုနေ့စဉ်အသုံးမပြုသင့်ဘူး။တစ်ပတ်တကြိမ်လောက်ပဲသုံးသင့်တယ်။အရေပြားပိုမိုထိခိုက်လွယ်လာစေနိုင်တာကြောင့်ပဲဖြစ်တယ်။

    ရေချိုးပြီးချိန်မှာကိုအသုံးပြုနေကျလိုးရှင်းအစားရေဓာတ်ပါဝင်တဲ့လိုးရှင်းကိုမဖြစ်မနေလိမ်းပေးဖို့လိုပါတယ်။ရေချိုးပြီးလို့ရေသုတ်ချိန်မှာအတင်းပွတ်တိုက်တာမျိုးမလုပ်သင့်ပါဘူး။

    ရေချိုးဇလုံမှာအုန်းဆီထည့်ပြီးရေစိမ်ချိုးတာကြောင့်အရေပြားကရေဓာတ်ပိုရစေပါတယ်။

   အစေ့အဆန်တွေများများစားသင့်တယ်။ဆောင်းတွင်းမှာဖြစ်တဲ့အသားအရည်ခြောက်သွေ့တာကိုကာကွယ်ပေးနိုင်ပါတယ်။

    အရက်နဲ့အရက်ပါတဲ့ဖျော်ရည်သောက်တာကြောင့်လည်းအရေပြားထိခိုက်မှုပိုဆိုးစေတယ်။အရက်ရှောင်ဖို့လိုအပ်ပါတယ်။

    ကျပ်လွန်းတဲ့အဝတ်အစားတွေကိုဆောင်းတွင်းအချိန်မှာရှောင်ဖို့လိုပါတယ်။ကျပ်လွန်းတဲ့အဝတ်အစားနဲ့ခြောက်သွေ့တဲ့အရေပြားပိုဆိုးစေတယ်။ ။ 

Most Read

Most Recent