အမေရိကန်၏ ပက်ထရီးယော့ လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ပစ်ချခဲ့သည့် ရုရှား၏ ဟိုက်ပါဆိုးနစ် ဒုံးကျည်ကို ယူကရိန်းက ထုတ်ဖော်ပြသ

အမေရိကန်၏ ပက်ထရီးယော့ လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ပစ်ချခဲ့သည့် ရုရှား၏ ဟိုက်ပါဆိုးနစ် ဒုံးကျည်ကို ယူကရိန်းက ထုတ်ဖော်ပြသ
ဇန်နဝါရီ ၅ ရက်က ယူကရိန်းအရေးပေါ်ဝန်ဆောင်မှုဌာနက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတွင် ရုရှား၏ Kinzhal ဟိုက်ပါဆိုးနစ်ဒုံးကျည်ထိပ်ဖူးကို ကြိုးဖြင့်ချည်ပြီး ကရိန်းဖြင့်ဆွဲယူနေပုံကို တွေ့ရစဉ်(Photo: AFP)
ဇန်နဝါရီ ၅ ရက်က ယူကရိန်းအရေးပေါ်ဝန်ဆောင်မှုဌာနက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတွင် ရုရှား၏ Kinzhal ဟိုက်ပါဆိုးနစ်ဒုံးကျည်ထိပ်ဖူးကို ကြိုးဖြင့်ချည်ပြီး ကရိန်းဖြင့်ဆွဲယူနေပုံကို တွေ့ရစဉ်(Photo: AFP)
Published 6 January 2024

ယခုသီတင်းပတ်အစောပိုင်းက အမေရိကန်၏ လေကြောင်းကာကွယ်ရေးစနစ်ကို အသုံးပြုပြီးပစ်ချခဲ့သည်ဟု ယူကရိန်းက ကြေညာခဲ့သည့် ရုရှား၏ ဟိုက်ပါဆိုးနစ် ဒုံးကျည်အမျိုးအစား Kinzhal ပဲ့ထိန်းဒုံးကျည်တစ်စင်း၏ ဓာတ်ပုံများကို ယူကရိန်းက ဇန်နဝါရီ ၅ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။

ယူကရိန်း၏ အရေးပေါ်ဝန်ဆောင်မှုဌာနက ၎င်း၏ Telegram ချန်နယ်တွင် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများထဲတွင် မြေပြင်ပေါ်မှ ဒုံးကျည်အစိတ်အပိုင်းများကို ကရိန်းကားတစ်စင်းဖြင့် ဆွဲထုတ်နေပုံများကို ပြသခဲ့သည်။

ယူကရိန်းတွင် အင်ဂျင်နီယာများက ရန်သူတို့၏ ဟိုက်ပါဆိုးနစ်အမျိုးအစား Kinzhal ဒုံးကျည်ထိပ်ဖူးကို အသက်မဲ့အောင်ပြုလုပ်ခဲ့ကြောင်း ယူကရိန်းအရေးပေါ် ဝန်ဆောင်မှုဌာနက ပြောကြားခဲ့သည်။

ထိုပြောကြားချက်များနှင့်ပတ်သက်ပြီး အေအက်ဖ်ပီသတင်းဌာနက ချက်ချင်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယူကရိန်းသည် နိုင်ငံတစ်ဝန်း လူခြောက်ဦးသေဆုံးခဲ့သည့် ယူကရိန်းမြို့များအပေါ် ရုရှား၏ ကြီးမားသည့် တိုက်ခိုက်မှုများအတွင်း Kinzhal ဒုံးကျည် ၁၀ စင်းကို ပစ်ချခဲ့ကြောင်း ဇန်နဝါရီ ၂ ရက်က ပြောကြားခဲ့သည်။

အသံထက် ၁၀ ဆ ပိုမိုမြန်ဆန်သည့် Kinzhal ဒုံးကျည်များ၏ အမြန်နှုန်းကြောင့် ထိုဒုံးကျည်များကို ကြားဖြတ်ပစ်ချရန် မဖြစ်နိုင်ကြောင်း ပူတင်က ပြောကြားထားသည်။

ရုရှားသည် အလွန်တန်ဖိုးကြီးပြီး ခုခံအားကောင်းသည့် ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် အဆိုပါ ဒုံးကျည်ထိပ်ဖူးများကို သီးသန့်သိမ်းဆည်းထားကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယူကရိန်းကမူ အမေရိကန်၏ ပက်ထရီးယော့ လေကြောင်းကာကွယ်ရေးစနစ်သည် ရုရှား၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် အလွန်အရေးကြီးသည့် လက်နက်စနစ်ဖြစ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းသည် ရုရှားနှင့် နှစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် စစ်ပွဲကိုနိုင်ငံအချို့က ငြီးငွေ့လာနိုင်ခြေရှိသည့် အခြေအနေကို စိုးရိမ်နေပြီး အနောက်နိုင်ငံများထံမှ စစ်ရေးအကူအညီများ ပိုမိုထောက်ပံ့ပေးရန် တိုက်တွန်းလျက်ရှိသည်။

ထိုအချိန်အတောအတွင်း ယူကရိန်းနှင့် ရုရှားအကြား ဒရုန်းများ၊ ဒုံးကျည်များနှင့် အ ပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားနေပြီး ရုရှားက သိမ်းပိုက်ထားသည့် ခရိုင်းမီးယားကျွန်းဆွယ်တွင် တစ်ရက်အတွင်း ယူကရိန်း၏ ဒရုန်း ၃၆ စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ရုရှားက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent