၂၀၂၃ ခုနှစ်သည် တရုတ်၏ အပူပြင်းဆုံးနှစ်ဖြစ်ကြောင်း ဇန်နဝါရီ ၂ ရက်က အရာရှိများ၏ ပြောကြားချက်ကိုကိုးကားပြီး နိုင်ငံပိုင်ရုပ်သံဖြစ်သည့် CCTV က ဖော်ပြခဲ့သည်။
တရုတ်တွင် အပူချိန်များကို မှတ်တမ်းကောက်ယူခဲ့ချိန်နောက်ပိုင်း ၂၀၂၃ ခုနှစ်သည် ပျမ်းမျှအပူချိန် အမြင့်ဆုံးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်သည့် တရုတ်နိုင်ငံအတွင်း ၂၀၂၃ ခုနှစ်တွင် ဆိုးရွားပြင်းထန်သည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ပိုမိုဆိုးရွားလာသည့် အပူလှိုင်းများ၊ မိုးခေါင်မှုများနှင့် တောမီးလောင်ကျွမ်းမှုများအပါအဝင် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းပြင်းထန်သည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပွားခဲ့ကာ အပူချိန်များလည်း မြင့်တက်ခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ နေ့စဉ်ပျမ်းမျှအပူချိန်သည် ၁၀ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်က စံချိန်ဖြစ်သည့် ၁၀ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုမိုကျော်လွန်မြင့်တက်ခဲ့သည်ဟု တရုတ်၏ အမျိုးသားရာသီဥတုစင်တာကို ကိုးကားပြီး CCTVရုပ်သံက ဖော်ပြခဲ့သည်။
နိုင်ငံတစ်ဝန်း အပူချိန်များသည် ၀ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်မှ ၁ ဒီဂရီ ဆဲလ် စီးယပ်စ်အကြား မြင့်တက်ခဲ့သည်ဟု CCTV က ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံအနှံ့ရှိ အမျိုးသားမိုးလေဝသစခန်း ၁၂၇ ခုသည် ပြီးခဲ့သည့်နှစ်အတွင်း နေ့အလိုက် အပူချိန်စံချိန်တင်မြင့်တက်မှုများကို မှတ်တမ်းတင်ခဲ့သည်ဟုလည်း CCTV က ထပ်မံဖော်ပြခဲ့သည်။
တရုတ်တွင် အပူချိန်များကို စတင်ကောက်ယူခဲ့သည့် ၂၃ နှစ်တာကာလအတွင်း ၂၀၂၃ ခုနှစ်၏ ဇူလိုင်လတွင် နေ့စဉ် အပူချိန် ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်နှင့် အထက်ရှိခဲ့သည့် နေ့ရက်ပေါင်း ၂၇ ရက်ဆက်တိုက် ရှိခဲ့သည်။
ထို့ပြင် ပေကျင်းမြို့တော်တွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင်း အပူပြင်းဆုံးနေ့အဖြစ် စံချိန်တင်ခဲ့သည်။
ကျွမ်းကျင်သူများကမူ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများကြောင့် ကမ္ဘာကြီးပူနွေးလာမှုသည် ပိုမိုဆိုးရွားပြင်းထန်သည့် မိုးလေဝသအခြေအနေများကို ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့သည်။
တရုတ်သည် ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ဖြစ်စေတတ်သည့် ဖန်လုံအိမ်ဓာတ်ငွေ့များကို အများဆုံးထုတ်လွှတ်သည့် နိုင်ငံဖြစ်သည်။
မကြာသေးမီက ကျောက်မီးသွေးစွမ်းအင်အသုံး စက်ရုံများအတွက် အတည်ပြုချက်များပေးခဲ့သဖြင့် တရုတ်သည် ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အကြား ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးရည်ရွယ်ချက်နှင့် ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုအဆုံးသတ်မည့် ရည်မှန်းချက်များကို လမ်းလွဲ သွားစေနိုင်မည့်အခြေအနေအပေါ် စိုးရိမ်မှုများမြင့်တက်ခဲ့သည်။
၂၀၂၃ ခုနှစ်အတွင်း တရုတ်၏ လေထုညစ်ညမ်းမှုအခြေအနေသည် ပိုမိုဆိုးရွားလာကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် လေ့လာချက်တစ်ရပ်တွင် ဖော်ပြခဲ့ပြီး ယင်းသည် ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် လေ ထုညစ်ညမ်းမှုအခြေအနေ ဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။
တရုတ်သည် ပြန်လည်အစားထိုးနိုင်သည့် စွမ်းအင်အသုံးပြုမှုများကိုလည်း ပိုမိုတိုးချဲ့နေသဖြင့် လေအားလျှပ်စစ်နှင့် ဆိုလာစွမ်းအင်ထုတ်လုပ်သည့် ကမ္ဘာ့ထိပ်သီးနိုင်ငံလည်း ဖြစ်လာခဲ့သည်။
ကုလသမဂ္ဂသဘာဝပတ်ဝန်းကျင် စီမံကိန်းအဖွဲ့ (UNEP) မူ တရုတ်သည် ၎င်း၏ ရာသီဥတုဆိုင်ရာ ကတိကဝတ်များကို အကောင်အထည်ဖော်နိုင်ရန် ဖြစ်နိုင်ခြေရှိကြောင်း နိုဝင်ဘာလက ပြောကြားခဲ့သည်။
သို့သော် စွမ်းအင်ဝယ်လိုအားများ မြင့်တက်နေမှုကြောင့် ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံများပိုမိုများပြားလာနိုင်ကြောင်း UNEP က သတိပေးခဲ့သည်။ Ref:AFP















