စျေးကွက်ပေါက်စျေးအတိုင်း ရောင်းချခွင့်နှင့် ဒေါ်လာဖြေလျှော့မှုများ

စျေးကွက်ပေါက်စျေးအတိုင်း ရောင်းချခွင့်နှင့် ဒေါ်လာဖြေလျှော့မှုများ
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 2 January 2024

နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း အ‌ရောင်းအဝယ် ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ပေးမည်မဟုတ်ဘဲ စျေးကွက်ပေါက်စျေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန် ဗဟိုဘဏ်က ဖြေလျှော့ပေးခြင်းနှင့်အတူ ပို့ကုန်ရငွေ၏  ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၏ သတ်မှတ်ချက် အတိုင်း ကျပ်ငွေဖြင့်လဲလှယ်ရန် ပြင်ဆင်သတ်မှတ်လိုက်ခြင်းကို ၂၀၂၃ ခုနှစ်အတွက် စီးပွားရေးကဏ္ဍတွင် ထင်ရှားသောဖြစ်စဉ်တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍတွင် ယ ခင်နှစ်ကာလတူထက် ဒေါ်လာတစ် ဘီလျံခန့် လျော့ကျခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမခြောက်လပတ် (ဧပြီမှ စက်တင်ဘာအထိ) ပို့ကုန်တင်ပို့မှုသည် ၄၆ ရာခိုင်နှုန်း၊ သွင်းကုန်တင်သွင်းမှုသည် ၅၃ ရာခိုင်နှုန်းရှိခဲ့ပြီး ပို့ကုန်သည် သွင်းကုန်ထက် အနည်းငယ် လျော့နည်းလျက်ရှိသည်။ ယခင် ဘဏ္ဍာနှစ်ပထမခြောက်လပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင်လည်း ဒေါ်လာ တစ်ဘီလျံခန့် လျော့နည်းလျက်ရှိသည်။

ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ နှမ်းမျိုး စုံ၊ ရော်ဘာ၊ ချုပ်ပြီးအထည်တို့၏ ပို့ကုန်တင်ပို့မှု  လျော့နည်းခဲ့ခြင်းမှာ ပြည်ပဝယ်လက်များ၏ မှာယူမှုနည်းခြင်း၊ နိုင်ငံခြား ငွေလဲလှယ်မှုနှုန်းနှင့် တရားမဝင် ကုန်သွယ်မှုတို့ကြောင့် ဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းများနှင့်ပတ်သက်ပြီး ဗဟိုဘဏ်၏ညွှန်ကြားချက်များကို လေ့လာကြည့်ပါက ပြည်ပသို့ ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားများအတိုင်း ကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ၅-၈-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၃၆/၂၀၂၂) ဖြင့် သတ်မှတ်ခဲ့သည်။

ယင်းနောက်  ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအစား ရာခိုင်နှုန်း ၅ဝကိုသာ မြန်မာနိုင်ငံတော်               ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂)ပါ သတ်မှတ်ညွှန်ကြားချက်များအတိုင်း ကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ၁၃.၇. ၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၂၃ ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ သည်။

ယခင်က ပို့ကုန်ရငွေများအနက် ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်စျေးဖြစ်သည့် တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့်ရောင်းချပြီး ကျန် ၃၅ ရာခိုင်နှုန်းကို ကျပ် ၂၉၂၀ ဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။ ယင်းသတ်မှတ်ချက်အရ ၆၅-၃၅ အစား  ၅၀-၅၀ သို့ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းကာလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၃၂၀၀ ဝန်းကျင်ရှိခဲ့သည်။

“အရင်တုန်းက ၆၅-၃၅ ရာခိုင်နှုန်းတုန်းက ၆၅ ရာခိုင်နှုန်းကို အစိုးရကိုရောင်းတယ်။ ၃၅ ရာခိုင်နှုန်းကို ကြိုက်တဲ့ကုမ္ပဏီကို ပေါက်စျေးနဲ့ရောင်းလို့ရတယ်။ အခုက ၅၀ -၅၀ သတ်မှတ်ပေမဲ့ ၅၀ ရာခိုင်နှုန်းက ၂၁၀၀ နောက်ထပ် ၅၀ ရာခိုင်နှုန်းက ၂၉၂၀ နဲ့ဆိုတော့ နှစ်ခုစလုံး သတ်မှတ်ထားသလိုဖြစ်နေတယ်” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် နိုင်ငံခြားသုံးငွေများ ကြိုးပမ်းရှာဖွေပေးနေသော ပို့ကုန်လုပ်ငန်းရှင် Exporter များအတွက်  အထူးအခွင့်အရေးများ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပြီးခဲ့သည့်လပိုင်း အတွင်းက သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။

ပို့ကုန်ရငွေများအပေါ် သတ်မှတ်ထားသည့် ငွေလဲနှုန်းစနစ်ကြောင့် နိုင်ငံတကာနှင့် စျေးကွက်ယှဉ်ပြိုင် ရောင်းချရာတွင် အခက်အခဲ၊ အကျပ်အတည်းများ ဖြစ်ပေါ်နေခြင်းကြောင့် အဆိုပါစနစ်ကို ရာနှုန်းပြည့် ဖြေလျှော့ပေးနိုင်ရန် လုပ်ငန်းရှင်များက မျှော်လင့်ခဲ့ကြသည်။

ထို့နောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက် နေ့စွဲဖြင့် နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ဘဲ Market Rate အတိုင်း ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း                    ဗ ဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

နိုင်ငံခြား‌ငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံ ခြားငွေကြေးစျေးကွက် (Online Trading)တွင် အ‌ရောင်းအဝယ် ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ စျေးကွက်အတွင်း နိုင်ငံခြားငွေရောင်းချလိုသူနှင့် ဝယ်ယူလို သူတို့မှ တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ်မူတည်၍ Market Rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက် ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

စျေးကွက်အတွင်း ဝယ်ယူရရှိခဲ့သည့် နိုင်ငံခြားငွေအား ပြည်ပသို့ လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရန်ဖြစ်ကြောင်း အကြောင်းကြားထားသည်။

ထို့နောက် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ရာခိုင်နှုန်း ၅၀ အစား ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)  ပါ  သတ်မှတ်ညွှန် ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင်သတ်မှတ်ကြောင်း  ဒီဇင်ဘာ ၆ ရက် တွင် ထုတ်ပြန်လိုက်သည်။

ယင်းသို့ ထုတ်ပြန်ချက်များ ဆက်တိုက်ထုတ်ပြန်ပြီးချိန်တွင် ဗဟိုဘဏ်တွင် ဒေါ်လာမရှိတော့သဖြင့်  စျေးကွက်ကို လွှတ်ချလိုက်ခြင်းဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင် ဒေါ်လာစျေးများ အဆမတန်မြင့်တက် လာနိုင်ပြီး တစ်ဒေါ်လာလျှင် ကျပ် ၄ဝဝဝမှ ကျပ် ၅၀၀၀ အကြားအထိ  စျေးတက်လာနိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် ဒီဇင်ဘာ ၄ ရက် တွင် တစ်ဒေါ်လာလျှင် ၃၄၃၀ ဝန်းကျင်ရှိခဲ့ရာမှ ဒီဇင်ဘာ ၇ ရက်တွင် တစ် ဒေါ်လာလျှင် ကျပ် ၃၅၅၅ ဝန်းကျင်သို့ ခုန်တက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဒေါ်လာစျေး ကျပ် ၃၅၅၀ ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင်  ကျပ် ၃၄၉၀ ဝန်းကျင်ရှိခဲ့သည်။

နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း ယခင်ကကန့်သတ်မှုများရှိခဲ့သော်လည်း လက်ရှိတွင် ၆၅ ရာခိုင်နှုန်းအထိ နှုန်းရှင်အဖြစ် ပြောင်းလဲလိုက်သည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များအတွက် ယခင်ကထက် အ ကျိုးရှိလာမည်ဖြစ်သည်။

“အခုက အကုန်လွှတ်ပေးလိုက်တာတော့ မဟုတ်ဘူး။ လုပ်ငန်းရှင်တွေ ၀ိုင်းဝန်းတင်ပြကြလို့ လျှော့ပေး လိုက်တာ။ အဓိကက ငွေလဲနှုန်း တည်ငြိမ်မှုပဲ လုပ်ရကိုင်ရအဆင်ပြေမှာပါ” ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

အထက်ပါ ဖြေလျှော့မှုများ  လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကုန် ထုတ်လုပ်မှုနှင့် ပို့ကုန်ပမာဏ မြင့်တက်လာပြီး ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ပို့ကုန်တင်ပို့နိုင်ရန်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော ကြားထားသည်။

မူဝါဒ အပြောင်းအလဲကို ဆောင်ရွက်သည့်အချိန်တွင် Export တင်ပို့သူများထံမှ ပြန်ဝင်လာမည့်ငွေများ၊ ပြည်တွင်းအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများထံမှ ပြန်ဝင်လာမည့်ငွေများ၊ တရားမဝင် ဟွန်ဒီ လုပ်ငန်းများ ဆောင်ရွက်နေသည့် ငွေများသည် အကျိုးခံစားခွင့်ရှိသည့်အတွက် ပိုမိုဝင်ရောက်လာမည်ဖြစ်ပြီး စျေးကွက်ကိုလည်း ထိန်းညှိပြီးဖြစ်မည်ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ ဒေါ်လာဖြေလျှော့မှုများ ထုတ်ပြန်အပြီးတွင် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရမည့်ကာလကို အာရှနိုင်ငံများသို့ တင်ပို့မှုအတွက် ယခင်တစ်လခွဲအစားတစ်လနှင့် အာရှနိုင်ငံမှအပ အခြားနိုင်ငံများကို တင် ပို့မှုအတွက် ယခင်သုံးလအစား နှစ်လသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၂၃) ဖြင့် ဗဟိုဘဏ်က ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

         

ဘဏ်ငွေထုတ်ယူမှုဂယက်

ဗဟိုဘဏ်ကဘဏ်များမှ အများပြည်သူ ငွေသားထုတ်ယူအပေါ် ကန့်သတ်လိုက်သည်ဆိုသည့်သ တင်းများကြောင့် ပြည်သူများက စိုးရိမ်စွာဖြင့် ဘဏ်မှငွေသားထုတ်ယူမှုများ ရှိခဲ့သည်။

ယင်းအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က “လုံးဝ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အပ်နှံငွေအပေါ် ငွေထုတ်ယူနိုင်ရေးအတွက်ကိုလည်း ဘဏ်တွေက ဆောင်ရွက်ပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့လည်း ပြည်သူတွေက အပ်နှံထားတဲ့ ငွေတွေအဆင်ပြေပြေ ထုတ်ယူနိုင်ရေးအတွက်ကို ပံ့ပိုးကူညီပေးလျက် ရှိပါတယ်” ဟု ပြောကြားသည်။

သို့သော်လည်း ပြည်သူများအနေဖြင့် စိုးရိမ်တကြီး  ငွေထုတ်ယူမှုများ ဆက်လက်ရှိနေခဲ့ပြီး ဘဏ်များ မပြိုလဲစေရန်နှင့် မိမိတို့၏ အပ်ငွေများ ဆုံးရှုံးမှုမရှိစေရန် ဗဟိုဘဏ်က အာမခံမှုပေးရန် လိုအပ်နေခြင်းဖြစ် သည်။

“ဗဟိုဘဏ်က အပြည့်အဝ အာမခံထားပြီးဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကာလမှာသာမက ကောလာဟလဖြစ်တိုင်း ဗဟိုဘဏ်က ပြည်သူများရဲ့ အပ်နှံငွေအပေါ် အပြည့်အဝ အာမခံရှိတာကို အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ ဘဏ်တွေက အဆိုပါအပ်နှံငွေများ ပြန်လည်ထုတ်ပေးနိုင်ဖို့ ဗဟိုဘဏ်မှာ အနည်းဆုံးထားရှိရမယ့် သီးသန့်ငွေလိုအပ်ချက်ကို အပ်နှံထားရှိလျက်ရှိရာ လက်ရှိမှာဘဏ်များက အနည်းဆုံးလိုအပ်ချက်ထက်ပိုပြီး ဗဟိုဘဏ်ထံ အပ်နှံထားပါတယ်။ ဒါ့အပြင် ပြည်သူလူထုကို ငွေပြန်လည်ထုတ်ပေးနိုင်ဖို့ ငွေကြေးလွယ်ကူမှုအချိုးများနဲ့လည်း စောင့်ကြပ်ထိန်းကျောင်းလျက်ရှိရာ ဘဏ်များအနေနဲ့ အပ်နှံငွေတွေအ ပြည့်အဝ ပြန်လည်ထုတ်ပေးဖို့ အဆင်သင့်ရှိပါတယ်။ ဗဟိုဘဏ်အနေနဲ့ ဘဏ်တွေကို စောင့်ကြည့်ကြပ် မတ်လျက်ရှိတာကြောင့် ဘဏ်တွေအနေနဲ့လည်း အဆင်ပြေချောမွေ့စွာ သတ်မှတ်စည်းကမ်းချက်များနဲ့အညီ ဆက်လက်ဝန်ဆောင်မှုပေးလျက်ရှိတဲ့အတွက် ပြည်သူတွေ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ရန်လိုအပ်ပါတယ်” ဟု ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။

ဘဏ်များတွင် ယုံကြည်စိတ်ချစွာအပ်နှံထားခြင်းသည် မည်သည့်အခြေအနေ၊ မည်သည့်အချိန်တွင် မဆို မိမိ၏ငွေသာဖြစ်ပြီး ယင်းငွေများသည် ကိန်းဂဏန်းအတိအကျ၊ ပိုင်ရှင်အမည်အတိအကျဖြင့်ရှိနေကာ ဗဟိုဘဏ်၏တာဝန်ယူမှုနှင့် အကာအကွယ်ပေးမှု အပြည့်အဝရရှိမည်ဖြစ်ကြောင်း ဒေါက်တာလင်းအောင်က ပြောကြားသည်။

Most Read

Most Recent