တစ်နှစ်တာ ကုန်ခဲ့ပြန်ပါပြီ။ ကောင်းခဲ့တာတွေ၊ မကောင်းခဲ့တာတွေ၊ နှစ်သက်ခဲ့တာတွေ၊ မနှစ်သက်ခဲ့တာတွေ၊ အဆင်ပြေခဲ့တာတွေ၊ အဆင်မပြေခဲ့တာတွေ၊ စိတ်ချမ်းသာခဲ့တာတွေ၊ စိတ်မချမ်းသာခဲ့တွေ။ တစ်နှစ်တာကာလအတွင်းမှာ ဖြစ်ပျက်ခဲ့သမျှ အကောင်းအဆိုး အခြေအနေတွေအားလုံးဟာ ရုပ်ရှင်ဇာတ်လမ်း တစ်ပုဒ်လိုပါပဲ “ ပြီးပါပြီ” လို့စာတန်းထိုးတဲ့အချိန်ပေါ့။
အချိန်နာရီ၊ နေရက်အဟောင်းတွေကို ထုပ်ပိုးထားပြီး “အတိတ်ကာလ” လို့ တံဆိပ်ကပ်ထားတဲ့ ၂၀၂၃ အထုပ်ထဲမှာ ဖြစ်ပျက်ခဲ့သမျှ အရာတွေအားလုံးကို သိမ်းကျုံးလုံးထွေးပြွတ်သိပ်ထည့်လိုက်ကြပြီ။ ပျော်စရာကောင်းတာတွေရော ရှိခဲ့ရဲ့လားလို့ ရှာရှာဖွေဖွေကြည့်မိတော့ မည်းမှောင်နေတဲ့ အခန်းကျဉ်းတစ်ခုရဲ့ထောင့်လေးမှာ သုံးလို့မရတော့ လက်ကျန်ပျော်စရာတွေက လွှင့်ပစ်ရတော့မယ့် အဟောင်းအနွမ်းပစ္စည်းတွေလို မည်းမည်းညစ်ညစ်တွေဖြစ်လို့။ သူတို့ကို အမှိုက်ပုံဆီပို့ပေးမယ့် လူတွေကို စိတ်ပျက်လက်ပျက်နဲ့ စောင့်နေကြသလို ငေးငေးငိုင်ငိုင်၊ ငူတူတူတွေ။ ၂၀၂၃ ရဲ့ ပျော်ရွှင်စရာ လက်ကျန်ဆိုတာ အိပ်မက်ထဲမှာတောင် ရှာလို့တွေ့ခဲ့ ရဲ့လား။ ကျေနပ်နှစ်သက်စရာဆိုလို့ မူးလို့တောင် ရှူစရာမရှိခဲ့တဲ့၂၀၂၃ ရေ သွားပါတော့ သွားနှင့်ပါတော့။
တကယ်တော့လည်း ပျော်စရာဖြစ်ဖြစ်၊ ဝမ်းနည်းစရာဖြစ်ဖြစ် အတိတ်မှာ အားလုံးကို ထားရစ်ခဲ့ကြရမှာပဲ မဟုတ်လား။ အားလုံးဟာ အချိန်တွေ ကြာမြင့် လေလေ အတိတ်ရဲ့မြေကြီးအောက်ထဲမှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးသွားပြီး နောက်ဆုံးတော့ မေ့ပျောက်သွားကြရတာပါပဲလေ။ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး သတ္တဝါ၊ လူသားတွေရဲ့ ကြီးကျယ်မြင့်မြတ်မှုတွေတောင် သတ်မှတ်ထားတဲ့ရှင်သန်မှုအချိန်ကာလ ကုန်ဆုံးသွားတဲ့နေ့မှာ ပျောက်ကွယ်သွားကြရတာပါပဲ။ သာမန် လူသားတွေ့ရဲ့ သေးသိမ်တဲ့ ဘဝငယ်ငယ်အကြွင်းအကျန်အမှုန်အမွှားလေးတွေလည်း ဒီကမ္ဘာမြေပေါ်မှာ ဘယ်လောက်တောင် ကြာရှည်တည်မြဲနိုင်မှာလဲ။
ဘယ်လောက်မှ မကြာလိုက်တဲ့ ဘဝရှင်သန်မှုတွေ၊ ဘယ်လောက်မှမတည်မြဲတဲ့ရပ်တပ်မှုတွေအပေါ် လူတွေဟာ ပြင်းပြတဲ့ဆန္ဒတွေနဲ့ တပ်မက်တွယ်တာပြီး ဒုက္ခခံနေကြသတဲ့။ ဒါတွေနဲ့ ပတ်သက်လို့ ဗုဒ္ဓအဆုံးအမတွေကို အမြဲမပြတ်ကြားနေရပေမဲ့ နားလည်မှုစွမ်းရည်အားနည်းတဲ့၊ နှလုံးသွင်းမှု အကျင့်လိုသေးတဲ့ လူသားတွေဆီမှာ မွေးရာပါရှိ အတ္တ၊ မာန်မာနဆိုတဲ့ ပြင်းအားကြီး အဝိဇ္ဇာတွေက ထုနဲ့ထည်နဲ့ရှိ နေကြတယ်လေ။ နှလုံးသားတွေထဲမှာ မသိမှုအဝိဇ္ဇာတွေ ကိန်းအောင်းနေကြသလို အပြင်လောကကြီးကို ကြည့်ပြန်တော့လည်း အဝိဇ္ဇာအမှောင်ခန်းမကြီးတစ်ခုလိုပဲ ကျယ်ပြန့်ကြီးမားလွန်းနေတယ်။ အပေါ်ဘက်ကို မော့ကြည့်မိပြန်တော့ အနားသတ်လို့မရတဲ့ အဝိဇ္ဇာကောင်းကင်ပြင်ကြီးက မည်းလို့မှောင်လို့။
စကြဝဠာနဲ့မပြောနဲ့ ကမ္ဘာကြီးနဲ့ယှဉ်ရင်တောင် သေးငယ်လွန်းလှပါတဲ့ လူသားဟာ ရှင်သန်ခွင့်ရတဲ့ အခိုက်အတန့်လေးမှာ ငါဆိုတဲ့ အစွဲလေးကို အင်အားကြီးလက်နက်တစ်ခုလို အားကိုးတကြီးဆုပ်ကိုင်ထားတယ်။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဓာတ်ကြီးလေးပါးအပေါ်မှီပြီး ခန္ဓာငါးပါး၊ လူ့ရဲသန္တာန်မှာရှိနေတဲ့ သဘာဝရုပ်တရားက အမြဲတမ်းပြောင်းလဲဖြစ်ပျက်နေတာတွေကို သတိမထားမိကြ။ ဘဝကို ကိလေသာ သံယောဇဉ်အမျှင်အတန်းတွေနဲ့ အနည်းနဲ့အများ ရစ် ပတ်ထားပြီး ရှင်သန်ခွင့်အဓိပ္ပာယ်ကို ဖော်နေကြတဲ့သူတွေလေ။ ပိုင်ဆိုင်ခွင့်ရထားတဲ့အချိန်တွေကို မမြဲပါဘူးလို့ ပြောနေတဲ့အရာတွေအတွက်ကိုပဲ စိတ်တိုင်းကျသုံး နေကြလေရဲ့။ အမေရိကန် စိတ်ပညာရှင် မက်ဆလို (Maslow) ရဲ့ပြောဆိုချက်အရဆိုရင် လူသားတိုင်းဟာ ရှင်သန်ခွင့်ရတဲ့အချိန်တိုလေးမှာ စားဝတ်နေရေးအတွက်၊ ဘေးကင်း လုံခြုံစွာနေထိုင်ရပ်တည်ဖို့အတွက်၊ ချစ်ခြင်းမေတ္တာတွေထုံမွှမ်းနေတဲ့ ဝန်းကျင်မှာနေနိုင်ဖို့အတွက်၊ တစ်ဖက်သားရဲ့ အထင်ကြီးလေးစားမှုရဖို့အတွက်၊ အရာရာမှာ စိတ်ကျေနပ်မှုအပြည့်အဝရဖို့အတွက် အမြဲတမ်းကြိုးစာနေကြသတဲ့။ ဒီလိုမျိုး ကြိုးစားအားထုတ်နေတာကိုကအဓိပ္ပာယ်ရှိရှိ ရှင်သန်နေတဲ့ဘဝလို့ ဆိုကြတယ်လေ။
ဒီလို တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေအတွက် ရုန်းကန်ကြိုးစားရင်း မျှော်လင့်ထားတဲ့ကမ်းခြေကို ရှောရှောရှူရှူ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတဲ့ရှင်သန်မှုတွေရှိခဲ့သလို
ဘဝပင်လယ်ပြင်ထဲ မုန်တိုင်းမိနေတဲ့ ရှင်သန်မှုတွေ၊ သင်္ဘောမှောက်ပြီး ဘဝပင်လယ်ကို အလျားလိုက်ကူးခတ်နေရတဲ့ ရှင်သန်မှုတွေလည်းရှိနေတယ်။ သေလုမြောပါးဖြစ်နေတဲ့ရှင်သန်မှုတွေ၊ လောကဓံကို အရှုံးပေးလက်မြောက်ပြီး နှလုံးသားကြေလုလုဖြစ်သွားတဲ့ဘဝတွေက ရေတွက်လို့မရလောက်အောင် အများကြီးမှ အများ ကြီးပဲ။
လူသားအားလုံးဟာ သဘာဝတရားကြီးက တန်းတူရည်တူပေးထားတဲ့ အချိန်ကာလအရင်းအနှီးတွေ အသုံးပြုရင်းနဲ့ပဲ မမြင်ရတဲ့ ကံတရား၊ ကိုယ်တိုင်ကိုယ်ကျ အားထုတ်မှုတွေကို ပေါင်းစပ်ကြ။ ပေါင်းစပ်မှုတွေက သဟဇာတဖြစ်တည်မှုနည်းလိုက်၊ များလိုက်။ အဲဒီပေါ်မူတည်ပြီးပဲ ရလဒ်အမျိုးမျိုးဖြစ်နေတာကြတာ လေ။ ဒီတော့ အချိန်ကို ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါ ဂရုစိုက်တတ်ဖို့လိုလာတယ်။ တစ်ခါတစ်ရံမှာ အချိန်ကိုရွှေလိုသဘောထားဖို့လိုသလို တစ်ခါတလေကျတော့လည်း ဘဝမှာ အလေးထားရမယ့်အရာတွေအတွက် အချိန်တွေကို စွန့်လွှတ်ပေးနိုင်ရမယ်။
ကမ္ဘာမြေတည်ကတည်းကနေ အခုအထိ အချိန်ဆိုတဲ့အရာဟာ သူ့သဘာဝအတိုင်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးနဲ့ အစဉ်အလာမပျက်ခရီးဆက်နေတာ။ လူသားတွေ ဘယ်လိုပဲ ဝမ်းနည်းကြေကွဲနေနေ၊ ဘယ်လောက်တောင် ပျော်ရွှင်ကြည်နူးမှုတွေရှိရှိ ဘာကိုမှ အလေးမထား ဂရုမစိုက်၊ ဘယ်သူရဲ့ထိန်းချုပ်မှုမှ လက်မခံဘဲ အိန္ဒြေရရ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနေကျ။ လူသားတွေကသာ မှန်ကန်တဲ့ရှင်သန်မှုရဖို့ အချိန်ကို ချစ်တတ်၊ တန်ဖိုးထားဖို့ လိုတယ်။ ပစ်တတ်၊ မေ့တတ်ဖို့လည်း လိုတယ်။ တကယ့်လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ ပစ္စုပ္ပန်အချိန်တွေကို တန်ဖိုးထားရမယ်၊ ချစ်နေရမယ်။ စိတ်ဒုက္ခပေးခဲ့တဲ့၊ ကြေကွဲဝမ်းနည်းစေခဲ့တဲ့ အတိတ်ကာလအချိန်တွေကို လွှင့်ပစ်တတ်ဖို့၊ မေ့ဖျောက်တတ်ဖို့လိုလိမ့်မယ်လေ။ အနာဂတ်ကိုတော့ မျှော်နေစရာမလိုဘူး။ သေချာပေါက် လာကိုလာမှာမဟုတ်လား။
ဒီတော့ အနီးဆုံးအတိတ်ကာလ ၂၀၂၃ ကို ဘယ်လိုဖြတ်သန်းခဲ့ကြသလဲ။ ဘာကိုမှခြေရာပြန် မကောက်ပါတော့နဲ့။ အဆင်မပြေမှုတွေများခဲ့တဲ့ ၂၀၂၃ ကို နေရစ်ခဲ့ပါတော့လို့ ပြောရုံကလွဲလို့ ဘာမှမရှိဘူး။ ကြေကွဲဝမ်းနည်းမှုတွေ၊ ဆိတ်ငြိမ်ခဲ့တဲ့ ပျော်ရွှင်မှုတွေအတွက်လည်း နှမြောတသဖြစ်နေစရာလိုလည်းမလိုဘူးလေ။ ပြီးခဲ့တာတွေပြီးခဲ့ပြီ။ ပြည်ဖုံးကားသာ ချလိုက်ပါတော့။ ။
၂၀၂၃ ဒီဇင်ဘာ ၃၁ ည ၁၂ နာရီမှာနဲ့ နီးနီးကပ်ကပ်လေးမှာ လက်တွေ့ကျကျ ပစ္စုပ္ပန်ဖြစ်လာတော့မယ့် ၂၀၂၄ က ရောက်ရှိနေခဲ့ပြီ။ ညသန်းခေါင်ယံအချိန်မှာ ကောက်ရိုးတစ်မျှင်ကိုမျှော်နေတဲ့ အနာဂတ်တွေဟာ “ဟက်ပီး နယူရီးယား” လို့ ပျော်ပျော်ရွှင်ရွှင်အော်ဟစ်နိုင်ကြမှာလား။ လတ်လတ်ဆတ်ဆတ်ရှိနေဆဲ ဘဝဒဏ်ရာတွေကို မျက်ရည်ဝဲဝဲနဲ့ကြည့်ရင်း ကြေကွဲနေတဲ့ လမ်းကျဉ်းလေးတစ်နေရာမှာတော့ စကားသံတချို့ ခပ်သဲ့သဲ့ကြားနေရတယ်။
“သွားလာနေကျ လမ်းကလေးတွေ ဆူးညှောင့်ခလုတ်ကင်းပါစေ”
“ခိုလှုံနေကျ နေစရာလေးတွေ ဘေးအန္တရာယ်ကင်းပါစေ”
“သမုဒ္ဓရာဝမ်းတစ်ထွာအတွက် ရုန်းကန်လှုပ်ရှားနေကျ အခွင့်အလမ်းတွေ ဆက်လက်တည်တံ့နိုင်ပါစေ”
တိုးတိုးတိတ်တိတ်ဆုတောင်းသံတွေ….။
နှစ်သစ်လို့ပြောနေကြတဲ့ ၂၀၂၄ ဟာ နှစ်ဟောင်းကိုယ်စားပြုခုနှစ်ပြဂဏန်း ၂၀၂၃ ထက် တန်ဖိုးတစ်လုံးကြီးသွားတာကလွဲလို့ ဘာမှမပြောင်းလဲပါဘူး။ ပြက္ခဒိန်အဟောင်းကနေ အသစ်ပြောင်းသွားပေမဲ့ အရင်အတိုင်း နာရီတွေ၊ ရက်တွေ၊ လတွေ လည်ပတ်နေဦးမှာပဲ။ ဘဝအခြေအနေတွေလည်း ဒီလိုပါပဲ။ မနက်ဖြန်မှာ လည်း ဘဝပင်လင်ပြင်ထဲမှာ ရုန်းကန်ဖြတ်သန်းကြရဦးမယ်လေ။ အခုတော့သန်းခေါင်ယံမတိုင်ခင် အားယူအိပ်စက်အနားယူခွင့်ပြုပါတော့။
စိတ်ချပါ ၂၀၂၄ရေ။ မနက်ဖြန်မနက်စောစောမှာ အားယူနိုးထလို့ ကြိုပါ့မယ်။ ကြိုပါမယ်လေ။ အိပ်ရာ ကနိုးထထချင်းလုပ်နေကျဖြစ်တဲ့ အရှေ့ဘက်က နေမင်းကြီးရဲ့ ရောင်နီအလင်းတန်းကို မျှော်လင့်ချက်နဲ့ ကြည့်မယ်။ ပြီးတော့ အစဉ်အလာမပျက် “မင်္ဂလာပါမနက်” ပါလို့ ကြိုဆိုပါ့မယ် ၂၀၂၄ ရေ။