သီပေါမြို့နှင့် နမ္မတူမြို့အကြား ဆက်သွယ်ထားသည့် မိုးတေတံတား ဖောက်ခွဲဖျက်ဆီးခံရ

သီပေါမြို့နှင့် နမ္မတူမြို့အကြား ဆက်သွယ်ထားသည့် မိုးတေတံတား ဖောက်ခွဲဖျက်ဆီးခံရ
Published 29 December 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့မှ နမ့်ဆန်မြို့-နမ္မတူမြို့-မန်တုံမြို့သို့ ဆက်သွယ်ထားသည့် ဆက်သွယ်ထားသည့် မိုးတေတံတား ဒီဇင်ဘာလ  ၂၈ ရက် ညနေပိုင်းက ဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ဖောက်ခွဲဖျက်ဆီးခံရခြင်းကြောင့်  နမ္မတူ၊ နမ့်ဆန်၊ မန်တုန်၊ နမ့်ခမ်းနှင့် မူဆယ်မြို့တို့မှ အဝေးကို စစ်ရှောင်ကြသည့် စစ်ဘေးရှောင်များအတွက် အလုံးစုံအခက်အခဲကြုံနေရကြောင်း စစ်ဘေးရှောင်သူများထံမှ သိရသည်။

“နမ္မတူမြို့နယ်နဲ့ သီပေါမြို့နယ် နယ်စပ်ဆိုင်းဘုတ်နားက မိုးတေတံတား မနေ့ညနေက ဖောက်ခွဲ ဖျက်ဆီးခံရတယ်၊ အဝေးကို စစ်ရှောင်ကျတဲ့ နမ္မတူသား နမ့်ဆန်သား မန်တုန်သားတွေ မူဆယ်သား နမ့်ခမ်းသားတွေ လမ်းမှာ အလုံးစုံဒုက္ခတွေ့ရနေရတယ်။ ပြည်ထောင်စုလမ်းမကြီးက တံတားတွေ အားလုံးနိီးပါ ဖျက်ဆီးခံထားရတယ်၊ မြောက်ပိုင်းရဲ့စစ်ရေးအရှိန်ကမြင့်နေတော့ အားလုံးက အိုးအိမ်စွန့်ခွာထွက်ပြေးရတာ၊ ဒီတံတားပါထပ်ချိုးခံရတော့ အိမ်ပြန်ချိန်တွေ ပိုဝေးပြီပေါ့၊ မူဆယ်ကနေ မန်းလေးဆင်းလာကျတဲ့ စစ်ရှောင်ခရီးသည်များ ပန်လုံမှာ ပိတ်မိနေကျတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောကြားသည်။

မိုးတေချောင်းတံတားသည် သီပေါ - နမ္မတူ-မန်တုံ- နမ့်ဆန်မြို့သို့ အဓိကဆက်သွယ်ထားသည့် တံတားဖြစ်ပြီး  ၎င်းတံတားအား မည်သည့်အဖွဲ့အစည်းမှ ဖောက်ခွဲဖျက်ဆီးခဲ့‌သည်ကို Eleven Medai အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် စုံးစမ်းလျက်ရှိပြိး တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ထိုတံတားအား ၎င်းတို့ မိုင်းထောင်ဖောက်ခွဲမှု မလုပ်ခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက် နံနက်တွင် ထုတ်ပြန်ကြေညာကာ‌‌ ဒေသတွင်း မီဒီယာအချို့ထံ ဖြေကြားထားသည်ကို တွေ့ရသည်။

အဆိုပါတံတားအား‌ ‌မိုးတေရွာဒေသခံများက သစ်များဖြင့် ခင်းကာ ယာယီဖြတ်သန်းသွားလာနိုင်ရန် ပြုလုပ်လျက်ရှိကြောင်း မိုးတွေရွာခံများက ပြောကြားသည်။

၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် မြောက်ပိုင်းမဟာမိတ်တပ်များက အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီခန့်မှ စတင်ကာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားပြီး မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးနှင့် ချင်း‌ရွှေဟော်-မန္တလေးပြည်ထောင်စု လမ်းမကြီးများအား ပိတ်ခဲ့ပြီး အရေးပါသော တံတားများ ချိုးဖျက်ခံထားရခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ပျက်တောက်ခဲ့ရကာ စစ်ပွဲအရှိန်မြင့်မားလာသည်နှင့်အမျှ ‌ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသခံများ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ကြရကြောင်း သိရသည်။

Most Read

Most Recent