ဘေးကင်းလုံခြုံမှုကင်းမဲ့နေသည့် ဂါဇာဒုက္ခသည်များ

ဘေးကင်းလုံခြုံမှုကင်းမဲ့နေသည့် ဂါဇာဒုက္ခသည်များ
Published 26 December 2023
TRANSLATED - ရာဇ

ဂါဇာကမ်းမြောင်ဒေသ၏ အယ်မက်ဂါ ဇီ ဒုက္ခသည်စခန်းတွင်နေထိုင်ခဲ့သူများသည် ဒီဇင်ဘာ ၂၅ ရက်က ၎င်းတို့၏ စခန်းကို ပြန်လည်ရောက်ရှိလာချိန်တွင် ကွန်ကရစ်အပျက် အစီးအပိုင်းအစများကိုသာ တွေ့ရှိခဲ့ကြ သည်။ ထိုစခန်းတွင် လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့နေထိုင်ခဲ့ဖူးသည့် စခန်းဖြစ်သည်။

“အခုတော့ ဒုက္ခသည်စခန်းများမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အိမ်တွေ ဖျက်စီးခံခဲ့ရပါတယ်။ ကျွန်တော်တို့အိမ် ဗုံးကြဲခံခဲ့ရပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ ဘေးကင်းလုံခြုံတဲ့ နေရာမရှိတော့ပါဘူး”ဟု ထိုုဒုက္ခသည်စခန်း တွင်နေထိုင်သူတစ်ဦးဖြစ်သည့် အဘူရာမီ အဘူအယ်အစ်က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက်ညပိုင်းက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများသည် ဒုက္ခသည်စခန်းရှိ အိမ်သုံးလုံးကို ထိမှန်ခဲ့ပြီး လူ ၇၀ ခန့် သေဆုံးခဲ့သည်ဟု ဟားမာ့စ်တို့ အုပ်ချုပ်ထားသည့် ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ကို အေအက်ဖ်ပီသတင်းဌာနအနေဖြင့် လွတ်လပ်စွာ အတည်မပြုနိုင်ခဲ့ပေ။

အစ္စရေးကမူ ၎င်း၏စစ်ဆင်ရေးများ မပြုလုပ်မီဒေသခံများကို ဘေးလွတ်ရာ ပြောင်းရွှေ့ရန် ညွှန်ကြားချက်များ ထုတ်ပြန်လေ့ရှိကြောင်း၊ သို့မှသာ အရပ်သားများအနေနှင့် ဘေးကင်းလုံခြုံနိုင်ကြောင်း ပြောကြားခဲ့သော်လည်း ဇီယက် အာဝက်ကမူ အစ္စရေးသည် ဒီဇင်ဘာ ၂၄ ရက်ညပိုင်းက လေကြောင်းတိုက်ခိုက်မှု မပြုလုပ်မီ ကြိုတင် သတိပေးချက်များ ထုတ်ပြန်ခြင်းမရှိခဲ့ ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ကျွန်တော်တို့က အရပ်သားတွေပါ။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ချင်ပြီး ဘေးကင်းလုံခြုံမှုကိုသာလိုချင်ပါတယ်။ အခုအချိန်ထိတော့ ကြိုတင်သတိပေးချက်တွေမရှိဘဲ အစ္စရေးစစ်လေ ယာဉ်တွေရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အစ္စရေး စစ်တပ်ကမူ ထိုဖြစ်စဉ်နှင့်ပတ် သက်ပြီး စိစစ်သုံးသပ်မှုများပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

ဂါဇာဒေသအတွင်းရှိ အရပ်သားများနေထိုင်သည့် နေရာများတွင် ဟားမာ့စ်လက်နက်ကိုင်များ လှုပ်ရှားနေခြင်းသည့် စိန်ခေါ်မှုများကိုဖြစ်စေခဲ့သော်လည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)သည် အရပ်သားများ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် ဖြစ်နိုင်သမျှ အစီအစဉ်များကို လုပ်ဆောင်မှုအပါအဝင် နိုင်ငံတကာဥပဒေနှင့်အညီ ကိုင်တွယ်ဆောင်ရွက်နေကြောင်း အစ္စရေးစစ်တပ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ၏ ကြီးမားကျယ်ပြန့်သည့် နေရာဒေသအများစုတွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကို နှစ်လကျော်ကြာခံခဲ့ရသဖြင့် ထိခိုက်ပျက်စီးလျက်ရှိသည်။ အောက်တိုဘာ ၇ ရက်က ဟားမာ့စ် လက်နက်ကိုင်များသည် အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

ဟားမာ့စ်အဖွဲ့၏ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွင်း အစ္စရေးတွင် အရပ်သားအများစုအပါအဝင် လူ ၁၁၄၀ ခန့် သေဆုံးခဲ့သည်ဟု အစ္စရေးကနောက်ဆုံးထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများတွင် ဖော်ပြခဲ့သည်။

ထို့ပြင်ဟားမာ့စ်အဖွဲ့သည် လူပေါင်း ၂၅၀ ခန့်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့် အနေဖြင့် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို ကုန်းကြောင်း၊ လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်မှုများကို အဆက်မပြတ်ပြုလုပ်ခဲ့ကာ ဟားမာ့စ်အဖွဲ့ကို ချေမှုန်းရန် ရည်ရွယ်ချက်ဖြင့် ဂါဇာဒေသအတွင်းသို့ မြေပြင်တပ်ဖွဲ့များစေလွှတ်ပြီး စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။

အစ္စရေး၏ ထိုးစစ်ကြောင့် အမျိုးသမီးများနှင့် ကလေးအများစုအပါအဝင် လူပေါင်း ၂၀၆၇၀ ဦးသေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၂၅ ရက်က ဒုက္ခသည်စခန်းသို့ ပြန်လည်ရောက်ရှိလာကြသည့် ဒေသခံများသည် အပျက်အစီးများကိုသာ မြင်တွေ့ခဲ့ရချိန်တွင် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အချို့ကလည်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ချိန်က  ၎င်းတို့ ကလေးများမည်မျှကြောက်လန့်နေသည့် အကြောင်းကို ပြန်လည်ပြောဆိုနေကြသည်။

“အစ္စရေးစစ်တပ်က အရပ်သားတွေကိုမညှာပါဘူး။သူတို့ကြောင့် ကျွန်တော့ကလေးတွေရဲ့ စိတ်ထဲမှာ အရမ်းကြီးမားပြင်းထန်တဲ့ ထိတ်လန့်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ ကျွန်တော့ကလေးက သူ့ကို ကာကွယ်ပေးပါ။ ဘာတွေဖြစ်နေတာလဲ။ အသက်မရှုနိုင်တော့ဘူး လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်”ဟု အာဝက် က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက်ညပိုင်းက တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးနေသည့် အုတ်ကျိုး၊ အုတ်ပဲ့များအကြားတွင် လမ်းလျှောက်နေသူများ၊ ငိုကြွေးပြီး တစ်ဦးနှင့်တစ်ဦးဖက်နေကြသူများကို အေအက်ဖ်ပီသတင်းဌာန၏ ဗီဒီယို မှတ်တမ်းများထဲတွင် မြင်တွေ့ရသည်။

လမ်းများပေါ်တွင် မီးလောင်ကျွမ်းခဲ့သည့် ကားများနှင့် အပျက်အစီးများကြားတွင် စာအုပ်များကို ရှာဖွေနေကြသည့် ကလေးများကိုလည်း မြင်တွေ့ရသည်။

အယ်မက်ဂါဇီ ဒုက္ခသည်စခန်းသည် ၁၉၄၉ ခုနှစ်က ထူထောင်ခဲ့သည့် စခန်းဖြစ်ပြီး ဂါဇာ၏ ဒုက္ခသည်စခန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ဒီဇင်ဘာ ၂၄ ရက်က အစ္စရေး၏ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် ထိုဒုက္ခသည် စခန်းမှ ထွက်ပြေးသွားခဲ့သူအများစုသည် ထိုစခန်းသို့ နောက်တစ်ကြိမ်ပြန်လာခဲ့ကြသည်။

ထိုဒုက္ခသည်စခန်းသို့ ပြန်လာခဲ့ကြသူများထဲတွင် ရာဝမ်မာနက်ဆရာ အမည်ရှိ အမျိုးသမီးတစ်ဦးလည်း အပါအဝင်ဖြစ်သည်။

ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုကြောင့်  ၎င်း၏ မိသားစုဝင်အချို့ ဆုံးရှုံးခဲ့ကြောင်း ၎င်းက ပြောသည်။

“သူတို့ (အစ္စရေးစစ်တပ်)က ကျွန်မရဲ့ အစ်ကိုငါးယောက်ကို သတ်သွားခဲ့ပါတယ်။ ကျွန်မမှာ အစ်ကိုတွေမရှိတော့ပါဘူး။ သူတို့ဟာ ကျွန်မအစ်ကိုတွေ၊ သူတို့ကလေးတွေနဲ့ သူတို့မိန်းမတွေကို သတ်သွားပါတယ်” ဟု မာနက်ဆရာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

“နေ့တိုင်း တိုက်ခိုက်မှုတွေဖြစ်ပွားနေပါတယ်။ သူတို့က ဂါဇာမြောက်ပိုင်းကနေတောင်ပိုင်းကို ပြောင်းရွှေ့ပါဆိုပြီး ကျွန်မတို့ကို ပြောပါတယ်။ ပြီးတော့ သူတို့ဟာ ကျွန်မတို့နောက်ကိုလိုက်ပြီး ကျွန်မတို့ကို တိုက်ခိုက် နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက်ညပိုင်းက တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများသည် ဂါဇာအလယ်ပိုင်းရှိ ဒိုင်ယာအယ် ဘာလာဆေးရုံတွင် ကုသမှုခံယူနေရသည်။ ထိုဆေးရုံသည် ဂါဇာတွင်  မပြည့်မစုံဖြင့် ကုသပေးနေသည့် ဆေးရုံအချို့ထဲတွင် ပါဝင်နေသည်။ ထိုဆေးရုံ၏ ဝန်ထမ်းအချို့မှာ စေတနာ့ဝန်ထမ်းများဖြစ်သည်။

“ဒါက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပါပဲ။ ဒါဇင်နဲ့ချီတဲ့ ဒဏ်ရာရသူတွေဟာ ဆေးဝါးပစ္စည်း မပြည့်စုံမှုကြောင့် အသက်ဆုံး ရှုံံးခဲ့ရပါတယ်”ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်ဖ် အယ်ကူဒရာက ပြောကြားခဲ့သည်။

အစ္စရေးသည် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေအောက်တွင် အကာအကွယ်ရရှိထားသည့် ဂါဇာဒေသ၏ဆေးရုံများကို မကြာခဏ တိုက်ခိုက်ခဲ့သဖြင့်  လူနာများကို ပြည့်စုံစွာ ဆေးဝါးကုသမပေးနိုင် သည့်အခြေအနေအပေါ် ကျန်းမာရေးဝန်ထမ်းများက ယူကြုံးမရဖြစ်နေကြသည်။

အစ္စရေးစစ်တပ်ကမူ ဟားမာ့စ်အဖွဲ့သည် ဆေးရုံများအောက်တွင် မြေအောက်လိုဏ်ခေါင်းများဖောက်ထားပြီး ဆေးရုံများကို စစ်ဘက်ဆိုင်ရာ ညွှန်ကြားကွပ်ကဲရေးစင်တာများအဖြစ် အသုံးပြုနေကြောင်း၊ လူနာများကိုလည်း လူသားဒိုင်းများအဖြစ်အသုံးချနေကြောင်း စွပ်စွဲခဲ့သည်။

ဟားမာ့စ်အဖွဲ့ကမူအစ္စရေး၏ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

Ref: AFP

Most Read

Most Recent