သထုံမြို့နယ် မြေနီကုန်းကျေးရွာအုပ်စု တောင်စွန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် ရထားလမ်းပေါ်၌ ပျက်နေသည့် ထော်လာဂျီယာဉ်အား ကျောက်တင်ကုန်ရထားမှ ဒီဇင်ဘာ ၂၅ ရက် ညနေပိုင်းက တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း မိုင်တိုင်အမှတ် ၁၃၅/၁၉ နှင့် ၁၃၅/၂၀ ကြားတွင် ဘီးလင်းဘူတာမှ သထုံဘူတာဘက်သို့ ထွက်ခွာလာသည့် ကျောက်တင်ကုန်ရထားနှင့် လိပ်အင်းရပ်ကွက်နေ အသက် (၃၃ နှစ်) အရွယ် ကျော်ဇင်သက် မောင်းနှင်လာသည့် ထော်လာဂျီယာဉ်တို့ တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ထော်လာဂျီယာဉ်က ရထားလမ်းကို ဖြတ်ကူးတဲ့အချိန် သံလမ်းပေါ်မှ ထော်လာဂျီစက်ပျက်သွားတာလို့ သိရတယ်။ ထော်လာဂျီယာဉ်ကို ပြင်ဆင်နေတဲ့အချိန်မှာ ကျောက်တင်ရထားက လာနေတာမြင်လို့ ထော်လာဂျီမောင်းတဲ့သူက လမ်းဘေးကို ခုန်ချပြီးရှောင်လိုက်လို့ လွတ်သွားတာ” ဟု ပြောကြားသည်။
ထိုကျောက်တင်ကုန်ရထားနှင့် ထော်လာဂျီယာဉ်တို့ တိုက်မိရာမှ ကျောက်တင်ကုန်ရထားရှေ့ မိုင်းခံတွဲနှင့် ကုန်တွဲတချို့ ရထားလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်းနှင့် ထော်လာဂျီယာဉ်မှာလည်း ပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။