တောင်ကြီး-ပင်လုံ ယာဉ်လိုင်း ယာဉ်မောင်းအား မော်တော်ယာဉ်ငှားရမ်းသူများက သတ်ဖြတ်၍ မော်တော်ယာဉ် လုယူထွက်ပြေးကြောင်း သိရ

တောင်ကြီး-ပင်လုံ ယာဉ်လိုင်း ယာဉ်မောင်းအား မော်တော်ယာဉ်ငှားရမ်းသူများက သတ်ဖြတ်၍ မော်တော်ယာဉ် လုယူထွက်ပြေးကြောင်း သိရ
Published 22 December 2023

တောင်ကြီး - ပင်လုံ ယာဉ်လိုင်း မော်တော်ယာဉ် ယာဉ်မောင်းအား ငှားရမ်းသူများက သတ်ဖြတ်၍ မော်တော်ယာဉ် လုယူထွက်ပြေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်း ၁ နာရီအချိန်တွင် တောင်ကြီး - ပင်လုံ ပြေးဆွဲနေသော ယာဉ်ငယ်လိုင်းတစ်ခု၏ ပရိုဘောက်စ် မော်တော်ယာဉ်အမျိုးအစားကို အမည်မသိ လူငယ်ခြောက်ဦးက ငှားရမ်းခဲ့ကြောင်း၊ အဆိုပါနေ့မှ စတင်၍ ပရိုဘောက်စ် မော်တော်ယာဉ်နှင့် ယာဉ်မောင်း ပျောက်ဆုံးခဲ့ခြင်းကို မိသားစုဝင်များ လိုက်ရှာခဲ့ကြောင်း သိရသည်။

အဆိုပါ ပရိုဘောက်စ် မော်တော်ယာဉ်၏ ယာဉ်မောင်းဖြစ်သူသည် အသက် ၃၃ နှစ်ရှိပြီး အမျိုးသမီးနှင့် ကလေးငယ် တစ်ဦးရှိကြောင်း သိရသည်။

အဆိုပါယာဉ်မောင်းဖြစ်သူကို ဟိုပုံးမြို့အဝင်တွင် သတ်ဖြတ်၍ ပြောင်းခင်းအတွင်း အလောင်းကို ပစ်ထားခဲ့ကာ မော်တော်ကား လုယူသူများ ထွက်ပြေး လွတ်မြောက်သွားခြင်းဖြစ်ကြောင်း၊ အဆိုပါယာဉ်မောင်းဖြစ်သူ၏ အလောင်းကို ဒီဇင်ဘာ ၂၀ ရက်တွင် ပြောင်းခြံလုပ်သားများ တွေ့ရှိရာမှ ကျေးရွာလူကြီးထံ သတင်းပေးပို့သဖြင့် သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူများ ထွက်ပြေးလွတ်မြောက်နေပြီး မော်တော်ယာဉ်ကိုလည်း ယနေ့အချိန်ထိ ဖမ်းဆီးရမိနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထိုသို့မော်တော်ယာဉ်မောင်းများကို ရိုက်လု သတ်ဖြတ်၍ မော်တော်ယာဉ် လုယူထွက်ပြေးသော ဖြစ်စဉ်များ ယခင်က ကြုံဖူးပြီး၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်လည်း မိုးနဲ - နမ့်စန် အစပ်ကြားတွင် လူသတ် မော်တော် ယာဉ် မောင်းပြေးသော ဖြစ်စဉ်တစ်ခုတွင်လည်း ကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင်လည်း အလားတူပုံစံပင် တောင်ကြီးမြို့တွင် မြေကွက်ကြည့်မည်ဟုဆိုကာ မော်တော်ယာဉ်ငှားရမ်း၍ မောင်းနှင်လာသူကို နားဘောင်စျေးအနီးတွင် ရိုက်လုသွားကာ ယာဉ်ပိုင်ရှင်ကို ကြိုးတုပ်၍ ချုံထဲပစ်ထားခဲ့ကာ မော်တော်ယာဉ်ကို မောင်းပြေးသော ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားဖူးကြောင်း သိရသည်။

Most Read

Most Recent