မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် နေအိမ်နှစ်အိမ်အား ရှာဖွေရာမှ ကျပ် ၁၀ ဒသမ ၂၈ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီအချိန် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉ လမ်းနှင့် ၅၀ လမ်းကြားရှိ အောင်ကျော်မိုး၊ မသိင်္ဂီဝင်းနှင့် မအေးသီတာတို့၏ နေအိမ်ကို သတင်းအရရှာဖွေရာ အိုက်စ်(မက်သ်အဖက်တမင်း) ၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၅၀ ပြားနှင့် မော်တော်ဆိုင်ကယ် နှစ်စီးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများသည် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ယင်းနေ့ ည ၉ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၆၆ လမ်း၊ ၁၁၁ လမ်း နှင့် ၁၁၂ လမ်းထောင့်ရှိ အောင်ထွေး ငှားရမ်းထားသည့်နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၀ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ဒသမ ၁၄ သိန်း၊ ဘိန်းဖြူ ၄၀ ဒသမ ၇ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၁၀ ဒသမ ၂၈ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၂၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ဒသမ ၂၂ သိန်း၊ ဘိန်းဖြူ ၄၀ ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။