ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ ကျုံဒိုး၊ ဝင်းရေးနှင့် နို့တကောမြို့နယ်တို့တွင် တိုက်ပွဲများပိုမိုပြင်းထန်လာမှုကြောင့် ဒေသခံ ကိုးသောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ လိုအပ်နေ 

ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ ကျုံဒိုး၊ ဝင်းရေးနှင့် နို့တကောမြို့နယ်တို့တွင် တိုက်ပွဲများပိုမိုပြင်းထန်လာမှုကြောင့် ဒေသခံ ကိုးသောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ လိုအပ်နေ 
Published 19 December 2023

ကရင်ပြည်နယ်တွင် ကော့ကရိတ်၊ ကျုံဒိုး၊ ဝင်းရေးနှင့် နို့တကောမြို့နယ်တို့တွင် တိုက်ပွဲများပိုမိုပြင်းထန်လာမှုကြောင့် ဒေသခံ ကိုးသောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ဖြစ်ပွားလျက်ရှိနေသော တိုက်ပွဲများကြောင့် မြို့တွင်းနေထိုင်သည့် ဒေသခံများနှင့် ကျေးရွာတွင်းရှိ ဒေသခံများအနေဖြင့် ဘေးကင်းလုံခြုံရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ဆိုသည်။

ဒူးပလာယာခရိုင်တွင် နိုဝင်ဘာလအတွင်း စာရင်းကောက်ယူချက်အရ ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံ ရှစ်သောင်းကျော် ကိုးသောင်းခန့်ရှိသည့်အနက် ကော့ကရိတ်မြို့နယ်တွင် သုံးသောင်းကျော်၊ ကျုံဒိုးမြို့နယ်တွင် နှစ်သောင်းကျော်၊ ဝင်းရေးမြို့နယ်တွင် နှစ်သောင်းကျော်နှင့် နို့တကောမြို့နယ်တွင် နှစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒီဇင်ဘာလတွင်လည်း နေရာအနံ့ တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည့်အတွက် ဒူးပလာယာခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာလျက် ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ 

ထိုသို့ထွက်ပြေးတိမ်းရှောင်နေကြရသော စစ်ဘေးရှောင် ပြည်သူလူထုများကို ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်မှ စာရင်းများပြုစု၍ ဘေးကင်းလုံခြုံသော ဒေသနေရာများသို့  ယာယီစစ်ရှောင်စခန်းငယ်များ ဖွင့်၍သော်လည်းကောင်း၊ ကျေးရွာများအတွင်း ဒေသခံရွာသားများနှင့်အတူ နေထိုင်စေ၍သော်လည်းကောင်း နေရာချထားကြောင်း KNU ဗဟိုက ဆိုသည်။

အရေးပေါ်အခြေအနေများအရ ထိုစစ်ဘေးရှောင် ပြည်သူများအတွက် နေရာထိုင်ခင်းများ၊ အစားအသောက်များနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသမှုများအား ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်မှကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပြည်တွင်းပြည်ပရှိ အလှူရှင်များက လှူတန်းသော ထောက်ပံ့မှုများကိုလည်း ကရင်အမျိုးသားအစည်းအရုံးမှ လက်ခံကြီးကြပ်၍ ကရင်အမျိုးသားအစည်းအရုံး၏ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနအား တာဝန်ပေးအပ်ပြီး လိုက်လံကူညီ ဆောင်ရွက်စေခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ 

ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံများရှိရာသို့ ဒူးပလာယာခရိုင်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ ခေါင်းဆောင်များကလည်း ကိုယ်တိုင်ကွင်းဆင်း သွားရောက်ကြည့်ရှု၍ စစ်ဘေးရှောင်များအား အားပေးစကားပြောကြားခြင်း၊ ပြည်တွင်းပြည်ပမှ ကူညီထောက်ပံ့မှုများအား ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာမှ ဦးစီး၍ စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းဆိုင်ရာများ ဝေငှပေးခြင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာ ဆေးဝါးများ ကုသပေးခြင်းနှင့် အခြားလိုအပ်သော ကူညီထောက်ပံ့မှုဆိုင်ရာများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ 

သို့သော် ဒူးပလာခရိုင်အတွင်း ထွက်ပြေးတိမ်းရှောင်သူများမှာ နေ့စဉ်နှင့်အမျှ ရှိလာသဖြင့် စစ်ဘေးရှောင်စာရင်းမှာလည်း များပြားလာနေသည့်အတွက် ရရှိလာသော ပြည်တွင်းပြည်ပမှ ကူညီထောက်ပံ့မှုများသည် လုံလောက်မှု မရှိတော့ဘဲ စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းများ၊ စားနပ်ရိက္ခာများ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးများနှင့် ကုသမှု ဆိုင်ရာများ ထပ်မံလိုအပ်နေသေးကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။