ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကျပ် ၅၁ ဒသမ ၈၇ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) နှစ်တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုအား ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC MYANMAR)က ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖမ်းဆီးရမိဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီး၌ ရန်နိုင်စိုး(ခ)ရန်နိုင် မောင်းနှင်ပြီး မအိအိခင်(ခ)မအိနှင့် မမေဦးကိုကို(ခ)မေဦးကြည်လင်တို့ လိုက်ပါလာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများကို စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ပုလဲလမ်းတွင် ဖမ်းဆီးရမိအိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် AA အဖွဲ့က ဒုဗိုလ်အဆင့်ရှိ နေလင်းထွန်း(ခ)နောနော်(ခ)ကျော်စိုးနှင့် ဒုဗိုလ်အဆင့်ရှိ စိုးထွန်းတို့အား ALPHARD မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန် ရွှေပြည်သာမြို့နယ်၊(၁)ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းရှိ ဂိုဒေါင်တွင် AA အဖွဲ့က ဗိုလ်အဆင့်ရှိ ထွန်းလင်း(ခ)ပြုံးချိုအား အိုက်စ် ၈၆၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ ည ၇ နာရီခန့်၌ပင် ဇော်မင်းထွေး(ခ)သန်းဝင်းနှင့် မသင်းမြတ်ဆွေ(ခ) ရင်ရင်လှဆိုသူတို့အား အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဖမ်းဆီးရမိ အိုက်စ်များအား ရန်ကုန်မြို့တွင်လက်ခံ၍ ပြည်ပသို့ ရေကြောင်းမှသယ်ဆောင်ရာတွင် စီမံခန့်ခွဲသူ သားကြီး(ခ) ဦးလှဝင်းအား တောင်ငူမြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိဟိုတယ်တစ်ခုတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ဆေးချက်အရ ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၉)ရပ်ကွက်၊ မေတ္တာလမ်းတွင် ၎င်းပိုင်ဆိုင်သည့် CANTER BOX မော်တော်ယာဉ်ပေါ်မှ အိုက်စ် ၁,၁၄၀ ကီလို၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလို ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းနောက်ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကမာရွတ်မြို့နယ်၊ ဆင်မလိုက်သင်္ဘောကျင်း၌ စိုးပိုင်(ခ)စိုးစိုး၊ ဌေးလင်းဇော်၊ ကျော်ဌေးစိုး၊ AA အဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိ ဦးကျော်ဟန်၊ တပ်သားအဆင့်ရှိ ကျော်လင်းဆန်းနှင့် တပ်သားအဆင့်ရှိ ဦးထွန်းနုတို့ ခြောက်ဦးအား ပြည်ပသို့ ပင်လယ်ရေကြောင်းမှတစ်ဆင့် မူးယစ်ဆေးဝါးများ သယ်ဆောင်သည့် တနင်္သာရီ(၁)အမည်ရှိ သံခွံကုန်တင် သင်္ဘောတစ်စီးနှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများဖြစ်သော အိုက်စ်(မက်သ်အဖက်တမင်း) ၂ ဒသမ ၀၇ တန်အား မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့သယ်ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းနှင့် စိတ်ပြောင်းဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်းများကို ရှမ်းပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား AA အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော်မြတ်ဦး(ခ)သားသား(ခ)ဝေသာထွန်း၏ ဦးစီးစီမံခန့်ခွဲမှုဖြင့် သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း၊ အမှုတွင်ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC MYANMAR)က သတင်းထုတ်ပြန်သည်။