အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) သို့ နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှုပြီး ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် စက်ရုံကို မူလအတိုင်း ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်မည်

အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) သို့ နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှုပြီး ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အား ဖြည့်ဆည်းနိုင်ရန် စက်ရုံကို မူလအတိုင်း ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်မည်
Published 19 December 2023

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်)သို့ ဒီဇင်ဘာ ၁၇ ရက်က နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ပြီး ပြည်တွင်းစက်သုံးဆီလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန် စက်ရုံကို မူလအခြေအနေအတိုင်း ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်ရာတွင် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ညွှန်ကြားရေးမှူးချုပ်တို့က စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံဆိုင်ရာ အချက်အလက်များနှင့် ဆက်စပ်လုပ်ငန်းများ၊ စက်ရုံလည်ပတ်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍတွင် ထူထောင်ထားပြီးဖြစ်သည့် အရင်းအမြစ်များကိုအခြေခံ၍ နိုင်ငံတော်၏ စွမ်းအင်ဖူလုံစေရေးအတွက် ဆောင်ရွက်နေမှု အစီအမံများ၊ နိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံများမှ ရေနံထုတ်လုပ်နိုင်မှု၊ ထုတ်လုပ်နေမှုနှင့် အဆင့်မြှင့်တင် ပြုပြင်မွမ်းမံနိုင်မှုအခြေအနေများ၊ ကုန်ကြမ်းရရှိနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်သွားရန်လိုအပ်သည့် လုပ်ငန်းစဉ်များနှင့် အခြားဖြည့်ဆည်းပေးရန် လိုအပ်သည်များကို မေးမြန်းဆွေးနွေးပြီး ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းပါက ကုန်ကျမည့်ကုန်ကျစရိတ်နှင့် ပြည်တွင်းရှိ စက်ရုံများကို စွမ်းအားပြည့် ပြန်လည်လည်ပတ်ပြီး ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို ထုတ်လုပ်ပါက ကုန်ကျနိုင်မည့် ကုန်ကျစရိတ်တို့ကို တွက်ချက်စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ အမှတ်(၁)ရေနံချက်စက်ရုံ (သန်လျင်) ကို မူလအခြေအနေအတိုင်း ပြန်လည် လည်ပတ်ထုတ်လုပ်နိုင်ရေးကို ကနဦး ဆောင်ရွက်ရန်လိုပြီး နောက်ပိုင်းအဆင့်မြှင့်တင်နိုင်မည့် အခြေအနေများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း စွမ်းအင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်)၊ စက်ရုံဝင်းအတွင်းရှိ ရေနံချက်စက်ရုံ(ခ)၊ ချောဆီစက်ရုံ၊ ရေနံဓာတ်ငွေ့ရည် သိုလှောင်ကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နစကဥက္ကဋ္ဌက ရေနံချက်စက်ရုံများအား အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်၍ ပြည်တွင်းစက်သုံးဆီလိုအပ်ချက်အား တစ်ဖက်တစ် လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံသို့သွားရောက်ရာတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။

Most Read

Most Recent