သတင်းစာများအနေဖြင့် ရာဇဝတ်မှုခင်းသတင်းများမပါဘဲ ထုတ်ဝေခဲ့ရသည့်နေ့ဟူ၍ တစ်ရက်မျှပင် ရှိမည်မထင်ပါ။ မီဒီယာများက မဖော်ပြသည့်ရာဇဝတ်မှု အများအပြားပင် ရှိနိုင်သေးသည်ဟုလည်း တွေးမိကြပေလိမ့်မည်။ ကြီးမားသောမေးခွန်းတစ်ရပ်မှာ လူတစ်ဦးသည် ရာဇဝတ်မှုကျူးလွန်တတ်သော ဗီဇဖြင့် မွေးလာ၍လား သို့မဟုတ် လေ့လာသင်ယူမိသည့်အပြုအမူနှင့် ပတ်သက်နေသလားဟူ၍ဖြစ်သည်။ ၁၉ ရာစုခန့်ကတည်းက ရှိခဲ့သည့် ဒဿနိကဗေဒဆိုင်ရာ အဆိုပါမေးခွန်းသည် လူသားတို့၏ ဦးနှောက်ဖွံ့ဖြိုးလာ ခြင်း ဆင့်ကဲဖြစ်စဉ်အပေါ် ပို၍အာရုံစိုက်၍လာခဲ့သည်။ ၂၀ ရာစုတွင် ဇီဝဗေဒပညာရှင်များ၊ ဇီဝကမ္မဗေဒပညာရှင်များနှင့် ဆေးသိပ္ပံပညာရှင်များသည် ယင်းမေးခွန်းအပေါ် စိတ်ဝင်စား၍လာခဲ့သည်။ ထောင်စုနှစ်အသစ်တွင် လူသား၏စိတ်ကို နောက်ထပ်စူးစမ်းရှာဖွေမှုများက ရာဇဝတ်မှုသက်သက်ကို ကျော်လွန်၍ ကြည့်ရန်နှင့် လူသားတို့၏ အတွေးလုပ်ငန်းစဉ်ကို ဖွင့်ဆိုရန် တွန်းအားပေးခဲ့သည်။ ရာဇဝတ်မှုဗေဒနှင့် ခွဲထုတ်၍မရနိုင်အောင် ဆက်စပ်နေ သောလူမှုဗေဒက လူတို့၏အပြုအမူကို ပုံသွင်းရာ၌ လူ့အဖွဲ့အစည်းအခန်းကဏ္ဍကို ဆန်းစစ်မှုများ ပြုလုပ်လာသည်။
လူမှုရေးဆိုင်ရာ လေ့လာမှုများအရ တစ်ဦးချင်းသာမက ပိုမိုကြီးမားကျယ်ပြန့်သော လူ့အဖွဲ့အစည်းအတွက်ပါ လူမှုရေးဆိုင်ရာ ထိန်းချုပ်မှုက အချက်အချာကျကြောင်း သိရသည်။ တစ်ဦးချင်းအဆင့်တွင် အခြေခံတန်ဖိုးထားမှုစနစ်တစ်ရပ်၌ မိသားစုဆက်နွှယ်ချက်များနှင့် ယုံကြည်မှုများသည်။ ကိုယ်ရည်ကိုယ်သွေးညီမျှအောင် ထိန်းသိမ်းရာ၌ အထောက်အကူပြုသည်။ ယင်းကို လူ့အဖွဲ့အစည်းက မျှဝေလိုက်သော စံတန်ဖိုးများက အထူးပြုသည်။ ယင်းစံတန်ဖိုးများကို ကျောင်းများ၊ ဘာသာရေးဆိုင်ရာလုပ်ဆောင်ချက်များ၊ လူမှုရေးဆိုင်ရာ စုဝေးမှုများနှင့် မီဒီယာတို့မှတစ်ဆင့် ပျံ့နှံ့စေခြင်းဖြစ်သည်။ လူမှုရေးဆိုင်ရာ သဘောတရားများက လူ့အဖွဲ့အစည်းသည် ရာဇဝတ်မှုကျူးလွန်နိုင်ခြေကို တည်ဆောက်ပေးကြောင်း ညွှန်ပြနေသည်။ ထို့ကြောင့် လူသားတို့၏ လုပ်ဆောင်ချက်အမျိုးအစားအချို့ကို လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုနိုင်သည်ဟု စဉ်းစားနိုင်သည်။ မူးယစ်ဆေးသုံးစွဲခြင်းနှင့် လောင်းကစားမှုပြုလုပ်ခြင်းကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးကို ထိခိုက်စေသည့် ရာဇဝတ်မှုဖြစ်နိုင်စေသော လုပ်ဆောင်ချက်များကို တွေ့နိုင်သည်။ ယင်းတို့သည် ကျူးလွန်ခံရသူမရှိသော်လည်း လူတစ်ဦး၏ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းကို ပျောက်ဆုံးစေသည်။
ဆင်းရဲမွဲတေမှုနှင့် တန်းတူညီမျှမှုမရှိခြင်းတို့သည် ရာဇဝတ်မှုမြောက်သော လုပ်ဆောင်ချက်များဖြစ်အောင် လှုံ့ဆော်ပေးပြီး ဒုစရိုက်မှုများမွေးဖွားစေသည့် အကြောင်းခြင်းရာများ ဖြစ်လာသည်။ တရားဥပဒေနှင့်မညီသော၊ ကျင့်ဝတ်နှင့်မညီသော သက်ဆိုင်ရာအာဏာပိုင်တို့၏ ဆုံးဖြတ်ချက်များသည်လည်း ရာဇဝတ်မှုများ ဖြစ်ပေါ်ရန် တွန်းပို့လျက်ရှိသည်။ သုတေသနများအရ ပညာရေးနိမ့်ကျခြင်းသည် သည်းမခံနိုင်မှုကို ဖြစ်စေခြင်းနှင့် များစွာပတ်သက်နေပြီး ရာဇဝတ်မှုဖြစ်စေသော အမူအကျင့်တစ်ရပ် ကြိုတင်ရှိနေသကဲ့သို့ဖြစ်သည်။ သို့သော် ပညာပို၍တတ်ခြင်းသည် ဥပဒေကို ပို၍လေးစား လိုက်နာလိုစိတ် ဖြစ်ပေါ်စေသည် ဟုလည်း ဆိုနိုင်သည်။ အသက်အရွယ်နှင့် ကျား/မ ကွဲပြားမှုသည်လည်း ရာဇဝတ်မှုကျူးလွန်မှုနှုန်းနှင့် ပတ်သက်နေသည်။ လူငယ်များသည် ရာဇဝတ်မှုကျူးလွန်နိုင်ခြေနှင့် မိမိကိုယ်မိမိ သတ်သေနိုင်ခြေ ပို၍မြင့်မားသည်။ မြို့ကြီးများတွင် လေ့လာချက်များအရ လူနေထူထပ်သော နေရာများတွင် ရာဇဝတ်မှုကျူးလွန်နိုင်ရန် အခွင့်အလမ်းပို၍ရှိကြောင်းလည်း တွေ့ရှိရသည်။ ထို့ကြောင့် လူမှုရေးဆိုင်ရာအစီအစဉ်ပျက်ယွင်းခြင်းသည် ရာဇဝတ်မှု ကျူးလွန်မှုများနှင့်အတူ ဆိုးသွမ်းသံသရာလည်စေခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ရာဇဝတ်မှုဖြစ်ပွားခြင်းကို လျှော့ချနိုင်ရန်အတွက် နည်းလမ်းများရှာဖွေရာ၌ လူ့အဖွဲ့အစည်းအား စနစ်တကျလေ့လာသုတေသနပြုရန် လိုအပ်မည်ဖြစ်ပြီး ယင်းတွင် လူတို့၏ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်းက အရေးပါသည်ကို ဂရုပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ ဒီဇင်ဘာ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်