ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဒယပြည်နယ်တွင် ဒီဇင်ဘာ ၁၂ ရက်က မြန်မာအချင်းချင်းဖြစ်ပွားခဲ့သော လူသတ်မှုမှ ကျူးလွန်သူမြန်မာလုပ်သားကို ဒီဇင်ဘာ ၁၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အလယ်ပိုင်း အယုဒ္ဒယပြည်နယ် ဝမ်နွဲမြို့နယ် ခေါင်းငမ်ရပ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားအချင်းချင်း ဒီဇင်ဘာ ၁၂ ရက်က စကားများရန်ဖြစ်ရာမှ လက်ရောက်မှုကျူးလွန်ပြီး တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လူသတ်မှုကျူးလွန်သူသည် ထွက်ပြေး လွတ်မြောက်နေပြီး ဒီဇင်ဘာ ၁၇ ရက်မှသာ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာအချင်းချင်း စကားများရန်ဖြစ်ရာမှ လူ့အသက်ဆုံးရှုံးလောက်သည်အထိ လက်ရောက်မှု ကျူးလွန်ခြင်းမျိုးမဖြစ်ရန် မြန်မာအသိုင်းအဝိုင်းကြား၌ အချင်းချင်းထိန်းပေးရန်လိုအပ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
“ထိုင်းရောက် မြန်မာအချင်းချင်းတက် နင်းကြတယ်ဆိုတာ လက်ရောက်မှုအလွန်အကျွံဖြစ်တာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ခွန်းကြီးခွန်းငယ်စကားများတာတို့ လက်ပါမိတာတို့ အသေးအမွှားကိစ္စတွေက ပြဿနာတော့မဟုတ်ပေမဲ့ အကြီးအမားလက်နက်ကိုင်ဆောင်တာတို့ကတော့ မဖြစ်သင့်တာပေါ့။ NTK အပါအဝင် ထိုင်းမီဒီယာဖြစ်တဲ့ PBS အပါအဝင် ထိုင်းမှာ Media Intelligent Group ဆိုတာရှိတယ်။ သတင်းမီဒီယာစုံစမ်းထောက်လှမ်းရေးဌာနရဲ့စုံစမ်းစစ်ဆေးမှုတွေအရ လူသတ်မှုတွေ မတော်တဆမှုတွေ၊ ယာဉ်တိုက်မှုအပါအဝင် တစ်လအတွင်းမှာ မြန်မာနိုင်ငံသား၂၀ ဝန်းကျင်လောက် အသက်ဆုံးရှုံးနေပါတယ်တဲ့။ ထိုင်းရောက် မြန်မာနိုင်ငံသားတွေက ရွှေ့ပြောင်းလုပ်သားတွေဖြစ်တဲ့အတွက် မိခင်နိုင်ငံသားတွေလို ထိုင်းဥပဒေပါအခွင့်အရေးအပြည့်အဝရမယ်လို့တော့ မထင်ပါနဲ့။ နောက်တစ်ခါ မြန်မာမြန်မာချင်း လူသတ်မှုဖြစ်ရင် စာရွက်စာတမ်းအေထာက်အထားတွေ ဘယ်လောက်ပဲရှိနေပါစေ မြန်မာ မြန်မာချင်း လူသတ်မှုဖြစ်တယ်၊ ရာဇဝတ်မှုဖြစ်တယ်။ ဘယ်သူ့မှအနိုင်မရကြပါဘူး။ ပြဿနာစဖြစ်လာရင် မြန်မာအချင်းချင်းက တားပေး၊ ထိန်းပေးကြပါလို့ ပြောချင်ပါတယ်။ တစ်လ တစ်လ အဲဒီလိုသေဆုံးမှုမျိုး ဖြစ်နေတာကတော့ တော်တော်လေး မနှစ်မြို့စရာဖြစ်ပါတယ်” ဟု JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။