မစိုက်ပျိုးနိုင်တဲ့ အခြေအနေ၊ ရောင်းရေးဝယ်တာ အခက်အခဲ၊ လုံခြုံမှုအားနည်းခြင်းတွေနဲ့ အညာမြေတောင်သူတွေ

မစိုက်ပျိုးနိုင်တဲ့ အခြေအနေ၊ ရောင်းရေးဝယ်တာ အခက်အခဲ၊ လုံခြုံမှုအားနည်းခြင်းတွေနဲ့ အညာမြေတောင်သူတွေ
Published 17 December 2023

ဟိုယခင်က အညာမြေရဲ့ စိုက်ပျိုးရေးအခက်အခဲ များကို အဓိကစိန်ခေါ်သည်က ရာသီဥတုနဲ့ စျေးကွက်အတက်အကျသာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ထိုစိန်ခေါ်မှုများကြောင့် စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်းမရှိတဲ့ အခြေအနေမျိုးတော့ မကြုံတွေ့ရပါဘူး။ တောင်သူတိုင်း သီးနှံကို ၂၀၂၂ ခုနှစ်မတိုင်မီက နှစ်စဉ်စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှှုန်းနဲ့ စျေးနှုန်းအတက်အကျသာ စိန်ခေါ်မှုအဖြစ်ကြုံတွေ့ခဲ့ကြပါတယ်။ ပဲစင်းငုံ စျေးကွက်ပျက်လို့ မစိုက်ပျိုးနိုင်ခြင်းကိုတော့ ၂၀၁၇၊ ၂၀၁၈ ခုနှစ်တွေမှာ ကြုံတွေ့ခဲ့ဖူးပါတယ်။ 

အခုတော့ အညာမြေမှာ တောင်သူများ စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိတဲ့ အခြေအနေ၊ တွေကို ကြုံတွေ့ရမှု ပိုများလာပါတယ်။ သီးနှံစိုက်ပျိုးနိုင်သော်လည်း ရိတ်သိမ်းရန် အခက်အခဲ ကြုံတွေ့ခြင်း ၊ ရောင်းချရန်လမ်းပိုင်းလုံခြုံမှုအားနည်းလာခြင်းတွေ ကြုံတွေ့လာသလို မလုံခြုံမှုကြောင့် နေရပ်ကနေ ယာယီစွန့်ခွာတာတွေ ကြုံတွေ့လာပါတယ်။

‘ရွာမှာ မနေတာကြာပြီ။ ဘေးနားပတ်ချာလယ်မှာ တိုက်ပွဲတွေဖြစ်နေတော့ မနေရဲတော့ဘူး။ ရွာမှာ အတော်များများ မနေတော့ဘူး။ မန္တလေးတို့၊ ပခုက္ကူတို့ အမျိုးတွေ ရှိတဲ့ဆီ ပြောင်းနေတာ။ ခုရွာပြန်လာတာလည်း မိသားစု မပါဘူး။ တစ်ယောက်တည်း ခဏပြန်လာတာ။ ငါးရက်လောက်ပဲ ရှိသေးတယ်။ ရွာအခြေအနေ လာကြည့်တာ။ တောင်သူအလုပ်ကတော့ မလုပ်နိုင်ဘူး‘ လို့ မြိုင်မြို့နယ် အရှေ့ပိုင်းမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ 

ယခုနှစ် သီးနှံစျေးကွက်အခြေအနေတွေက အတက်စျေးမှာ ရှိပါတယ်။ ပဲစင်းငုံတစ်တင်း ကျပ်တစ်သိန်းကျော်၊ နှမ်းတစ်တင်း ကျပ်တစ်သိန်းဝန်းကျင်၊ ပဲတီစိမ်းတစ်တင်း ကျပ်ခြောက်သောင်းဝန်းကျင် နဲ့ မြေပဲအဆန် တစ်ပိဿာ ကျပ်ငါးထောင်ကျော်ပေါက်စျေးရှိပါတယ်။ ဒီစျေးနှုန်းတွေက ယခင်နှစ်တွေထက်စာရင် အများကြီးတက်စျေးရှိပါတယ်။ ရာသီဥတု အနေအထားကလည်း မိုးကောင်းစွာရရှိလို့ စိုက်ပျိုးနိုင်သူ အားလုံးနီးပါး အထွက်ကောင်းမွန်တယ်လို့ သိရပါတယ်။ 

ယခင်နှစ်များက သီးနှံစတင်ပေါ်ချိန်မှာ စျေးကောင်းရလေ့မရှိဘဲ နောက်ပိုင်းကာလမှသာ စျေးတက်လေ့ရှိလို့ တောင်သူတွေက သီးနှံကိုထိန်းပြီး ရောင်းချလေ့ရှိပါတယ်။ တက်စျေးရချိန်မှသာ သီးနှံကို များများစားစားရောင်းချပြီး အကျိုးအမြတ်ပိုခံစားနိုင်အောင် လုပ်ဆောင်ကြတာပါ။ ယခုနှစ်မှာတော့ သီးနှံပေါ်ပြီဆိုတာနဲ့ လမ်းပိုင်းလုံခြုံရင် ချက်ချင်းသွားရောင်းကြပြီး လိုအပ်တဲ့ စားစရာကို အဓိကထားဝယ်ကြရတယ်လို့ သိရပါတယ်။ 

‘မိုးဦးပဲတီစိမ်းစိုက်တုန်းကလည်း တစ်ဧက ခြောက်တင်းအနည်းဆုံးရကြတယ်။ မြေပဲလည်း တစ်ဧက ပဲတောင့် တင်း ၃၀ လောက်အောက်ခံရကြတယ်။ အခု နှမ်းစရိတ်နေကြပြီ။ အသီးအနေအထားအရ တစ်ဧက သုံးတင်း လေးတင်းတော့ အနည်းဆုံးရနိုင်တယ်။ နှမ်းရိတ်နှမ်းလှမ်းတုန်း မိုးရွာလို့ အဆင်မပြေဖြစ်နေကြတယ်။ ရိတ်စရာ ပဲစင်းငုံပဲ ကျန်တော့တယ်။ သီးနှံရောင်းရပြီဆိုရင် ပခုက္ကူလမ်းပိုင်းကောင်းရင် ပခုက္ကူသွားရောင်းတယ်။ မုံရွာလမ်းကောင်းတယ်ဆိုရင် မုံရွာသွားရောင်းတယ်။ အရင်လို လှောင်မထားရဲဘူး။ ပစ်သံခပ်သံရွာနဲ့နီးရင် တောထဲသွားရှောင်ရလို့ အိမ်မှာထားလို့မဖြစ်ဘူး‘ လို့ ရေစကြိုမြို့နယ် အနောက်တောင်ဘက်ခြမ်းတွင် နေထိုင်သူတစ်ဦးကပြောပါတယ်။ 

ယာလုပ်ငန်းခွင်များတွင် ရိတ်သိမ်းရန် နှမ်းနှင့် ပဲစင်းငုံသီးနှံများသာကျန်ရှိပြီး မြစ်ရေဝင်ဒေသတွေမှာတော့ မိုးကြက်သွန်သစ်တွေ စတင်ပေါ်ထွန်းလာလို့ စျေးကွက်မှာ စတင်ရောင်းချနေပါပြီ။ မိုးကြက်သွန်သစ်ကို ရေစကြိုနဲ့ ပခုက္ကူမြို့နယ်က မြစ်ရေဝင်ဒေသတွေမှာ စိုက်ပျိုးကြပြီး ပခုက္ကူစျေးကွက်မှာ အဓိကရောင်းချ ကြပါတယ်။ ရေစကြိုမြို့နယ်ရဲ့ မြစ်အရှေ့ဘက်ခြမ်းဒေသတွေမှာတော့ မတည်ငြိမ်မှု ပိုမိုများပြားပြီး မြစ်အနောက်ခြမ်း ဒေသတွေမှာတော့ အနည်းငယ်တည်ငြိမ်မှု ရှိတယ်လို့ သိရပါတယ်။ သို့ပေမဲ့ အရာရာကို သတိနဲ့ လုပ်ကိုင်နေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

‘မြစ်အရှေ့ဘက်ရော အနောက်ဘက်ရော စိုက်ကြပါတယ်။ နောင်ခါလာ နောင်စျေးပေါ့ဗျာ။ မစိုက်လို့မှ မဖြစ်တာ။ လောလောဆယ် ကြက်သွန်တွေ စနုတ်လို့ ရောင်းနေကြပြီ။ မိုးက ခုမှရွာတော့ ဖျက်မိုးလိုဖြစ်နေတယ်။ မဖော်ရသေးတဲ့ တောင်သူလည်း ဖော်ရောင်းတော့မှာ။ လောလောဆယ် ကားအခက်အခဲရှိတယ်။ တချို့ရွာက ကားတွေက ထွက်တော့ တောင်သူသွားရောင်းနိုင်တယ်။ တချို့ကျ မသွားရဲတော့ ရောင်းဖို့ရာခက်တယ် ‘ လို့ ရေစကြိုမြို့နယ် ကြက်သွန်စိုက်တောင်သူတစ်ဦး ကပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ် မိုးကြက်သွန်သစ် ရောင်းဝယ်ရေးရာသီတွင် စျေးနှုန်းကျဆင်းမှုကြောင့် တောင်သူများ စိုက်ပျိုးစရိတ် ရှုံးနိမ့်ခဲ့သလို ယခုနှစ်မှာ သွန်းအားစုနဲ့ မျိုးစျေးနှုန်းကြီးမြင့်လို့ ယခင်နှစ်တွေထက် စိုက်ပျိုးဧကလျော့တယ်လို့ သိရပါတယ်။ စိုက်ပျိုးမှုမှာလည်း မြေဆီအသုံးပြုမှု နည်းပါးတာကြောင့် အထွက်နှုန်းလည်း လျော့ကျတယ်လို့ သိရပါတယ်။ ယခင်နှစ်က ကုန်ဝင်နည်းမယ်လို့ ကုန်သည်တွေက မှန်းဆထားပြီး လက်ရှိကြက်သွန်စျေးက တစ်ပိဿာ ၂၀၀၀ ကျပ်အထိ ရှိတာမို့ တောင်သူအတွက် သင့်တင့်တဲ့အနေအထားရှိပါတယ်။ 

စိုက်ပျိုးရေးလုပ်ကိုင်တဲ့ တောအရပ်မှာ မတည်ငြိမ်မှုများလို့ လယ်ယာလုပ်ငန်းထိခိုက်မှုက မြို့ပေါ်တွေထက် သက်ရောက်မှုကြီးပါတယ်။ ပခုက္ကူမြို့ပေါ် သီးနှံဝင်ရောက်မှုဟာ ယခင်နှစ်တွေထက် များစွာလျော့ကျသွားတယ်လို့ လုပ်ကိုင်သူတွေထံမှ သိရပါတယ်။ ယခုလို နှမ်းပေါ်ချိန်ဆိုရင် ယောနယ်ကထွက်တဲ့ နှမ်းမျိုးစုံဝင်ရောက်မှုနဲ့ မြေပြန့်ကထွက်တဲ့ နှမ်းဝင်ရောက်မှုပေါင်းရင် တစ်နေ့အိတ်အရေအတွက် နှစ်ထာင်ကျော်အထိ ရှိပေမဲ့ ယခုနှစ်မှာတော့ အနည်းငယ်ပဲ ဝင်ရောက်လာပါတယ်။ အထူးသဖြင့် ယောနှမ်းဝင်ရောက်မှုဟာ သိသိသာသာ ကျဆင်းခဲ့ပြီး ပခုက္ကူနဲ့ ယောနယ်ဘက်ခြမ်းသွားလာမှု ပြတ်တောက်သလို ဖြစ်နေတယ်လို့ သိရပါတယ်။ 

‘အရင်တုန်းကတော့ သီးနှံပေါ်ချိန်ဆို ညနက်ပိုင်းအထိ ပွဲရုံတွေမှာ အလုပ်လုပ်ကြတာ။ သီးနှံလာရောင်းတဲ့ကားတွေကလည်း စျေးဝယ်ခြမ်းပြီး ညပိုင်းမှ ပြန်ကြတာ။ ပွဲရုံတွေကလည်း သီးနှံချိန်ကြ၊ အိတ်ထည့်ကြ၊ ရန်ကုန်ကားတင်ကြနဲ့။ ခုလို ကြက်သွန်ပေါ်ချိန်လည်း ဒီတိုင်းပဲ။ တချို့ရက်တွေ ည ၁ နာရီလောက်မှ အလုပ်သိမ်းရတယ်။ ဒီနှစ်တွေတော့ ကုန်ဝင်လည်းနည်းတော့ အလုပ်သိပ်မလုပ်ရဘူး။ တချို့ပွဲရုံတွေဆို အလုပ်သမားတွေကို ရက်ခြားဆင်းခိုင်းရတယ် ‘ လို့ ပခုက္ကူမြို့မှ မြို့ခံတစ်ဦး ကပြောပါတယ်။

လာမည့်ရက်များတွင် နှမ်း၊ ကြက်သွန်နဲ့ ပဲစင်းငုံသီးနှံတွေက ရိတ်သိမ်းရောင်းဝယ်ကြဦးမှာပါ။ ပခုက္ကူခရိုင်ထဲက ယောချောင်းထဲမှာ ဒီလကုန်ဆိုရင် ချောင်းရေပါးပါးသာရှိတော့မှာမို့ ချောင်းကြက်သွန်စိုက်ပျိုးချိန် ရောက်လာတော့မှာပါ။ ယောချောင်း စီးဆင်းရာတစ်လျှောက် ကျေးရွာတွေမှာတော့ နယ်မြေမတည်ငြိမ်မှုကြောင့် စိုက်ပျိုးရေးအတွက် စိန်ခေါ်မှုတွေက ကြီးမားပါတယ်။ အညာဒေသရဲ့ တောင်သူလုပ်ငန်းများ အဆင်ပြေဖို့က တည်ငြိမ်အေးချမ်းမှုပေါ် မူတည်နေတာကတော့ အသေအချာပါပဲ။ 

 

Most Read

Most Recent