၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ ရဟန်းသံဃာ ၉၂ ပါး၊ ပညာရေးဝန်ထမ်း ၈၈ ဦး၊ ကျန်းမာရေးဝန်ထမ်း၂၀ သတ်ဖြတ်ခံရကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခအတွင်း သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်ပြီး ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
"၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ အခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ NUG PDF အဖွဲ့တွေအနေနဲ့ ရဟန်းသံဃာ ၉၂ ပါးကို သတ်ဖြတ်ခဲ့ပါတယ်။ ပညာရေးဝန်ထမ်း ၈၈ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးကို သတ်ဖြတ်ခဲ့ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ မီးရှို့၊ မိုင်းထောင် ဖျက်ဆီးခံခဲ့ရသည့် ဆေးရုံဆေးခန်း ၅၅ ခု၊ စာသင်ကျောင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံပေါင်း ၇၇၃ ခုနှင့် အများပြည်သူလူထု အသုံးပြုနေတဲ့ ဆက်သွယ်ရေးတာဝါတိုင် ၆၀၀ ကျော်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
"ဒီလိုအဖျက်လုပ်ငန်းတွေ လုပ်နေတဲ့သူတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားတွေ ပြောနေတဲ့ ဖက်ဒရယ်အရေးဆိုတာတွေကို လုပ်ဆောင်မယ့်သူတွေလား အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ပြီး သူတို့အာဏာရရှိရေး လုပ်ဆောင်မယ့်လူတွေလားဆိုတာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ခွဲခွဲခြားခြား ကွဲကွဲပြားပြား သိမြင်နိုင်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းရေးကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
"ခွဲခွဲခြားခြား ကွဲကွဲပြားပြားသိမြင်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းရေး ပြည်သူလူထုတစ်ရပ်လုံး ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းရေးကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း ပြောကြားလိုပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံတစ်ဝန်းဒလန်စွပ်စွဲချက်နှင့် CDM မပြုလုပ်သည့်အကြောင်းပြချက်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသူ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ သံဃာတော်များ၊ နိုင်ငံရေးပါတီဝင်များအပါအဝင် စုစုပေါင်း ၆၈၀၀ ဝန်းကျင်ခန့်ရှိပြီဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်အထိ ၄၂၁၈ ဦးရှိကြောင်း AAPP အဖွဲ့က ထုတ်ပြန်ထားပြီး အဆိုပါစာရင်းများသည် အချက်အလက်ခိုင်မာမှုမရှိဟု နစကဘက်က ငြင်းဆိုထားသည်။
အထက်ပါထုတ်ပြန်ထားသည့် အချက်အလက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပဋိပက္ခအတွင်း နှစ်ဖက်အရပ်သားသေဆုံးမှုသည် တစ်သောင်းကျော်ရှိပြီဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။